#World_Science
Published 09 June 2025
▪️ ပစိဖိတ်ကမ်းရိုးတန်းနားမှ ထူးခြားဆန်းကျယ်ပြီး အလွန်လှုပ်ရှားနေတဲ့ ပင်လယ်ရေအောက်မီးတောင်တစ်ခုဟာ ယခုနှစ်ကုန်ပိုင်းလောက်မှာ ပေါက်ကွဲနိုင်တယ်လို့ သိပ္ပံပညာရှင်များ ပြောပါတယ်။
▪️ Axial Seamount လို့ခေါ်တဲ့ မီးတောင်ဟာ ဆန်ဖရန်ဆစ္စကို အနောက်မြောက်ဖက် မိုင် ၇၀၀ အကွာ ရေအောက်တစ်မိုင်နီးပါးမှာ တည်ရှိပြီး ၁၉၈၀ ဝန်းကျင်တွေမှာ သိပ္ပံပညာရှင်တွေ တွေ့ရှိပြီး စိတ်ဝင်စားလာကြပါတယ်။
▪️ ၁၉၉၈၊ ၂၀၁၁၊ ၂၀၁၅ တို့မှာ ၃ ကြိမ်ပေါက်ကွဲခဲ့တယ်လို့ အော်ရီဂွန်ပြည်နယ်တက္ကသိုလ်မှ သုတေသီ ဘီလ်ချက်ဝစ်က ပြောပါတယ်။
▪️ ဒါပေမဲ့ ပြင်းပြင်းထန်ထန်ကြီး ပေါက်ကွဲတာမဟုတ်တဲ့အတွက် ကယ်လီဖိုးနီးယား၊ အော်ရီဂွန်၊ ဝါရှင်တန်တို့မှ နေထိုင်သူတွေအတွက် ဆူနာမီအန္တရာယ် လုံးဝမရှိပါဘူး။
▪️ Axial Seamount ပင်လယ်ရေအောက်မီးတောင်က ပေါက်ကွဲတဲ့အခါ ချော်ရည်တွေ စိမ့်ထွက်လာရုံဖြစ်ပြီး လူတွေသတိထားမိမှာ မဟုတ်ပါဘူး။
▪️ ပေါက်ကွဲရာကနေ ထွက်လာတဲ့ အပူငွေ့တွေက မိုင်တဝက်နီးပါးလောက်သာ ရှိနိုင်တာကြောင့် ရေမျက်နှာပြင်အထိတောင် မရောက်နိုင်ဘူးလို့ ဝါရှင်တန်တက္ကသိုလ်မှ သမုဒ္ဒရာဆိုင်ပါမောက္ခ ဝီလီယံဝီလ်ကော့ခ်က ပြောပါတယ်။
▪️ ချော်ရည်တွေပိကျလာတဲ့အခါ ပင်လယ်နေသတ္တဝါများနဲ့ သိပ္ပံနည်းပညာပစ္စည်းများ ပျက်စီးနိုင်ပေမယ့် မျက်နှာပြင်နားနေထိုင်တတ်တဲ့ ဝေလငါးလို သတ္တဝါတွေကတော့ မသက်ရောက်နိုင်လောက်ပါဘူး။
▪️ ကုန်းပေါ်က မီးတောင်အများအပြားက အချိန်ကြာမြင့်စွာ ငြိမ်နေတတ်ပြီးမှ ရုတ်တရက်လှုပ်ရှားတတ်ပေမယ့် Axial Seamount ကတော့ အချိန်တိုင်းလှုပ်ရှားနေပါတယ်။
▪️ မီးတောင်ပေါက်ကွဲတာက သိပ်ပြီးမကြာမြင့်တာကြောင့် ဖမ်းယူရိုက်ကူးမိဖို့ဆိုရင် အချိန်မှန်နေရာမှန်မှာ ရှိနေရမှာဖြစ်ပါတယ်။
#Source: Seattle Times