#World_News
Published 06 June 2025

▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)မှ တရားသူကြီး ၄ ဦးကို ကြာသပတေးနေ့က ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်လိုက်ပါတယ်။

▪️ ဒါဟာ ICC ကနေ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူကို ဖမ်းဝရမ်းထုတ်ခဲ့ခြင်းနဲ့ အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်များ စစ်ရာဇဝတ်မှုကျူးလွန်မှုများကို အမှုဖွင့်စစ်ဆေးရန် ယခင်ကကြိုးပမ်းခဲ့ခြင်းတို့အပေါ် အမေရိကန်က လက်တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

▪️ ထိုထဲမှာ ယူဂန်ဒါမှ ဆိုလိုမီဘာလွန်ဂီဘိုဆာ၊ ပီရူးမှ လုဇ်ဒယ်ကာမင်အစ်ဘာနက်ဇ်ကာရန်ဇာ၊ ဘီနင်မှ ရိန်းအက်ဒယ်လိတ်ဆိုဖီအလာပီနီဂန်ဆူနဲ့ ဆလိုဗေးနီးယားမှ ဘက်တီဟိုလာတို့ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထုတ်ပြန်လိုက်ပါတယ်။

▪️ ဒီ ၄ ဦးက ICC တရားသူကြီးများအနေနဲ့ အမေရိကားနဲ့ မဟာမိတ်အစ္စရေးလ်တို့ကို ပစ်မှတ်ထားကာ အခြေအမြစ်မရှိ တရားမဝင်လုပ်ရပ်များ ဆောင်ရွက်ရာမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ကြောင်း၊ ICC ဟာ နိုင်ငံရေးဘက်လိုက်ခဲ့ပြီး အမေရိကန်နဲ့ မဟာမိတ်များရဲ့ နိုင်ငံသားများကို လွဲမှားစွာ အမှုစစ်ဆေးစွဲဆိုခဲ့ကြကြောင်း ရူဘီယိုက ပြောပါတယ်။

▪️ ICC ကတော့ ဒါကိုရှုတ်ချလိုက်ကာ မှန်းကြည့်လို့မရလောက်အောင် ရက်စက်မှုဒဏ်တွေကို ခံနေရသူ သန်းပေါင်းများစွာအတွက် မျှော်လင့်ချက်တွေ တရားမျှတမှုတွေ ပေးနေတဲ့ နိုင်ငံတကာ တရားရေးအဖွဲ့အစည်းတစ်ခုရဲ့ လွတ်လပ်စွာတည်ရှိမှုကို နှောင့်ယှက်ရန် ကြိုးပမ်းတဲ့လုပ်ရပ်လို့ ပြောပါတယ်။

▪️ ဘိုဆာနဲ့ အစ်ဘာနက်ဇ်ကာရန်ဇာတို့ဟာ ၂၀၁၈ တည်းက ICC မှာရှိနေပြီး ၂၀၂၀ ခုနှစ်က အာဖဂန်ရှိ အမေရိကန်တပ်များ စစ်ရာဇဝတ်မှုကျူးလွန်မှုများကို တရားဝင်စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ချက်ချရာမှာ ပါဝင်ခဲ့ကြပါတယ်။

▪️ အလာပီနီဂန်ဆူနဲ့ ဟိုလာတို့ကတော့ နေတန်ညာဟူနဲ့ ဂဲလန့်တို့ကို ဖမ်းဝရမ်းထုတ်ဖို့ အမိန့်ပေးခဲ့ပါတယ်။

▪️ နေတန်ညာဟူ ဖမ်းဝရမ်းထုတ်တာနဲ့ ပတ်သက်ပြီး ICC ကို ပြစ်ဒဏ်ခတ်ဖို့ အမေရိကန် အောက်လွှတ်တော်မှာ ဇန်နဝါရီက မဲပေးဆုံးဖြတ်ပြီးနောက် အခုလို ပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။

▪️ ICC အတွက်တော့ ခက်ခဲတဲ့ကာလဖြစ်နေပြီး ရှေ့နေချုပ် ကာရင်ခန်းကလည်း လိင်မှုကိစ္စအရှုပ်အထွေးကြောင့် ပြီးခဲ့တဲ့လက ရာထူးမှယာယီနုတ်ထွက်ထားပါတယ်။

#Source: Reuters