#World_News
Published 27 May 2025

▪️ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန် အရှေ့တောင်အာရှခရီးစဉ် စတင်ထွက်ခွာလာရာ တနင်္လာနေ့က ဗီယက်နမ်သို့ရောက်ရှိစဉ် လေယာဉ်ပေါ်မှဆင်းခါနီးမှာ ဇနီးဖြစ်သူ ဘရီဂျစ်နဲ့ ကတောက်ကဆဖြစ်သလိုရှိခဲ့ပြီးနောက် အခြေအနေထိန်းသိမ်းလိုက်ရတဲ့သဘော မြင်တွေ့ခဲ့ရပါတယ်။

▪️ ဗီဒီယိုထဲမှာဆိုရင် ဘရီဂျစ်မက်ခရွန်က ခင်ပွန်းဖြစ်သူ လေယာဉ်ပေါ်မှ မဆင်းခင်မှာ တွန်းထုတ်လိုက်တဲ့ပုံပေါ်ခဲ့ပြီး သမ္မတက အနောက်သို့ယိုင်သွားကာ အခြေအနေပြန်ထိန်းလိုက်ပြီးနောက် ကင်မရာတွေထံ လက်ပြခဲ့ပါတယ်။

▪️ ဘရီဂျစ်ကတော့ ထိုအချိန် လေယာဉ်တံခါးအနောက်မှာ ကွယ်နေခဲ့သဖြင့် သူမရဲ့ခန္ဓာကိုယ်အနေအထား မမြင်ခဲ့ရပါဘူး။

▪️ ၂၀၀၇ ခုနှစ်က လက်ထပ်ခဲ့ကြတဲ့ ဒီစုံတွဲဟာ လေယာဉ်ပေါ်မှ အတူတူဆင်းလာပေမယ့် ဘရီဂျစ်က သမ္မတလက်ကို မတွဲခဲ့ပါဘူး။

▪️ သမ္မတမက်ခရွန်ကတော့ ဇနီးဖြစ်သူနဲ့ နောက်ပြောင်နေတာဖြစ်ပြီး ဘာအကြောင်းမှ မရှိပါဘူးလို့ ဟနွိုင်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

▪️ သူ့ရဲ့ဗီဒီယိုတွေနဲ့ ပတ်သက်လို့ လူတွေအမြင်မှားနေကြတာ ဒါပထမဆုံးအကြိမ် မဟုတ်တော့တာကို သမ္မတသတိပြုမိပြီး ဒါတွေဟာ မဆီမဆိုင်ဖော်ပြတာတွေ ဖြစ်တယ်လို့ သမုတ်လိုက်ပါတယ်။

▪️ သမ္မတဆိုလိုတဲ့ ဗီဒီယိုတစ်ခုဆိုရင် ယူကရိန်းသို့ ရထားဖြင့်ခရီးသွားစဉ် စားပွဲပေါ်မှ အဖြူရောင်ပစ္စည်းလေး ဖယ်ရှားလိုက်တာကို တွေ့ခဲ့ရကာ ဒါကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ကိုကိန်းထုပ်ဆိုပြီး အထောက်အထားမရှိဘဲ ပြောနေကြပါတယ်။

▪️ မက်ခရွန်က အဲဒါဟာ တစ်ရှူးဖြစ်တယ်လို့ ဆိုလိုက်ကာ သမ္မတရုံးကလည်း ပြင်သစ်ရန်ဘက်တွေက သတင်းမှားတွေ ဖြန့်တယ်ဆိုပြီး စွပ်စွဲလိုက်ပါတယ်။

▪️ ယခုနောက်ဆုံးဗီဒီယိုနဲ့ ပတ်သက်ပြီး အယ်လီဆီပြင်သစ်သမ္မတရုံးအရာရှိတစ်ဦးက "သမ္မတနဲ့ သမ္မတကတော်တို့ဟာ ခရီးစဉ်မစတင်မီ နောက်ဆုံးအနေဖြင့် စိတ်ပြေလက်ပျောက် ရယ်မောနောက်ပြောင်နေခဲ့တာ ဖြစ်ပါတယ်" လို့ ပြောသွားပါတယ်။

▪️ မက်ခရွန်က ပြင်သစ်ကိုလိုနီဟောင်း ဗီယက်နမ်အပေါ် မြှင့်တင်လွှမ်းမိုးလာဖို့ ရည်ရွယ်ကာ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပြင်သစ်သမ္မတတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ရောက်လာတာ ဖြစ်ပါတယ်။

#Source: Reuters