ပေကျင်း၊ မေလ ၇ ရက် (ဆင်ဟွာ) -- တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးဖြစ်သော ဝေ့ဖန်းဟယ် နှင့် လီရှန်ဖူတို့ နှစ်ဦးစလုံးအား အဂတိလိုက်စားမှု စွဲချက်များဖြင့် ကြာသပတေးနေ့တွင် သေဒဏ်  ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ကို နှစ်နှစ်ဆိုင်းငံ့ထားကြောင်း သိရသည်။ သူတို့၏ ပြစ်ဒဏ်များကို တရုတ်  စစ်ဘက်ဆိုင်ရာ တရားရုံးက သီးခြားစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဝေ့နှင့် လီ နှစ်ဦးစလုံးသည် ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်ဟောင်းများနှင့် နိုင်ငံတော်ကောင်စီဝင်ဟောင်းများ   လည်း ဖြစ်ကြသည်။ တရားရုံး၏ ဆုံးဖြတ်ချက်များအရ ဝေ့သည် လာဘ်ငွေလက်ခံရယူမှု ရာဇဝတ်မှုဖြင့် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရပြီး လီသည် လာဘ်ငွေလက်ခံရယူမှုနှင့် လာဘ်ပေးမှု ရာဇဝတ်မှု နှစ်ခု စလုံးဖြင့် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရသည်။ သူတို့၏ နိုင်ငံရေးလုပ်ပိုင်ခွင့်များကိုလည်း တစ်သက်တာ ရုပ်သိမ်းခံခဲ့ရပြီး သူတို့၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုအားလုံးကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်   ဖြစ်သည်။

သူတို့၏ ပြစ်ဒဏ်များကို ဥပဒေနှင့်အညီ နှစ်နှစ်ဆိုင်းငံ့ကာလ ကုန်ဆုံးပြီးနောက် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အဖြစ် ပြောင်းလဲသတ်မှတ်ပြီးပါက နောက်ထပ် ပြစ်ဒဏ်လျော့ပေါ့ခြင်း သို့မဟုတ် ခံဝန်ဖြင့် လွတ်ငြိမ်းခွင့်ပြုခြင်းမျိုး ခွင့်ပြုတော့မည်မဟုတ်ကြောင်း တရားရုံးဆုံးဖြတ်ချက်များတွင် ဖော်ပြထား  သည်။

Xinhua