ဝါရှင်တန် — ငြိမ်းချမ်းရေးသဝဏ်လွှာကို သယ်ဆောင်လာတဲ့ ဗုဒ္ဓဘာသာရဟန်းတော်တစ်စုဟာ တက္ကဆက်ပြည်နယ်ကနေ ၁၅ ပတ်ကြာ လမ်းလျှောက်ခဲ့ပြီးနောက် အင်္ဂါနေ့မှာ ဝါရှင်တန်ဒီစီရဲ့ မြို့လယ်ဆီကို ရောက်ရှိလာခဲ့ပါတယ်။ သူတို့ကို ကြိုဆိုဖို့ ရောက်နေကြတဲ့ လူအုပ်ကြီးကလည်း အားတက်သရောနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိနေကြပါတယ်။

ဖန်ရည်စွန်းရောင် အနီရောင်သင်္ကန်းတွေကို ဝတ်ရုံထားတဲ့ ဒီရဟန်းတော်တွေဟာ အမေရိကန် အရှေ့ တောင်ပိုင်းဒေသတွေကို ဖြတ်သန်းလာစဉ်တစ်လျှောက် သူတို့နဲ့အတူပါလာတဲ့ အလိုက (Aloka) လို့ခေါ် တဲ့ ကယ်ဆယ်ရေးခွေးလေးနဲ့အတူ လူမှုကွန်ရက်ပေါ်မှာ တော်တော်လေး လူသိများခဲ့ပါတယ်။

ငြိမ်းချမ်းရေးအတွက် ရှေ့ရပ်ပေးဖို့ဆိုတဲ့ သူတို့ရဲ့ ရိုးရှင်းတဲ့ ရည်မှန်းချက်ဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ တိုင်းပြည်အတွက် အတော်လေးကို ထိရှစေခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံရေးအရ အားပြိုင်မှုတွေနဲ့ အာဏာလုပွဲတွေ ပြင်းထန်နေတဲ့ ဒီမြို့တော်မှာတော့ ဒီလှုပ်ရှားမှုဟာ ပိုလို့တောင် ကြိုဆိုစရာ ဖြစ်နေပါတယ်။

အောက်တိုဘာလကုန်ပိုင်းက စတင်ခဲ့တဲ့ ဒီငြိမ်းချမ်းစွာ လမ်းလျှောက်မှုကို ကြည့်ရှုဖို့အတွက် ရေခဲနေတဲ့ လမ်းဘေးဝဲယာမှာ လူထောင်ပေါင်းများစွာ စုရုံးခဲ့ကြပါတယ်။ မွန်းလွဲပိုင်းမှာတော့ ရဟန်းတော်တွေဟာ ဝါရှင်တန်အမျိုးသားဘုရားရှိခိုးကျောင်း (Washington National Cathedral) ကို ရောက်ရှိခဲ့ပြီး အဲ့ဒီမှာ တခြားဗုဒ္ဓဘာသာရဟန်းတော်တွေနဲ့ သီလရှင်တွေ ၁၀၀ ကျော်က လာရောက်ပူးပေါင်းခဲ့ကြပါတယ်။

wfp31

    "ဒါဟာ ဘုန်းကြီးတို့အတွက် တကယ်ကို ကြည်နူးစရာပါပဲ" လို့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ သဘောထား  ပျော့ပျောင်းပြီး စကားပြောချိုသာတဲ့ အရှင် ဘိက္ခုပညာကရ (Bhikkhu Pannakara) က ဘုရား  ရှိခိုးကျောင်း လှေကားထစ်ပေါ်မှာ မိန့်ကြားခဲ့ပါတယ်။

ဝါရှင်တန်ရဲ့ Episcopal ဘုန်းတော်ကြီး Mariann Budde အပါအဝင် မတူကွဲပြားတဲ့ ဘာသာ   ရေးခေါင်းဆောင်များစွာကလည်း ဝန်းရံပေးခဲ့ကြပါတယ်။ ဘုန်းတော်ကြီး အရှင်ပညာကရက "ဒါဟာ ဘုန်းကြီးဘဝတစ်သက်တာလုံး မှတ်မိနေမယ့် အခိုက်အတန့်ပါပဲ။ အသင်တို့လည်း အဲ့ဒီလိုပဲ မှတ်မိ  နေလိမ့်မယ်လို့ ဘုန်းကြီးမျှော်လင့်ပါတယ်" လို့ စိတ်လှုပ်ရှားစွာနဲ့ ပြောကြားခဲ့ပါတယ်။

ရဟန်းတော်များကို ရိုသေစွာ ကြိုဆိုကြခြင်း

ရဟန်းတော်တွေက မြို့လမ်းမတွေပေါ်မှာ တစ်ပါးချင်း စီတန်းပြီး လမ်းလျှောက်လာတဲ့အခါ လူတွေက ဝိုင်းဝန်းအားပေးကြပါတယ်။ အချို့ကတော့ လူအုပ်ကို တိတ်တိတ်နေဖို့နဲ့ ရိုရိုသေသေ ရှိကြဖို့ သတိပေး  ကြပါတယ်။ ရဟန်းတော်တွေကတော့ "သာဓု" လို့ မြွက်ဟကာ နှုတ်ဆက်နေသူတွေကို ပြုံးပြပြီး ခေါင်းညိတ်နှုတ်ဆက်ခဲ့ကြပါတယ်။

အမေရိကန်တက္ကသိုလ် (American University) ရဲ့ Bender Arena အားကစားကွင်းမှာတော့ လူပေါင်း ၃,၅၀၀ ခန့်ဟာ ရဟန်းတော်တွေရဲ့ ဝါရှင်တန် ပထမဆုံးအများပြည်သူနဲ့တွေ့ဆုံပွဲကို စောင့်ကြို  နေကြပါတယ်။ ဒါပေမဲ့ အားကစားပွဲတွေမှာလို အော်ဟစ်အားပေးတာမျိုး မရှိဘဲ ရဟန်းတော်တွေနဲ့ သူတို့  ရဲ့ ငြိမ်းချမ်းရေးခရီးစဉ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အားလုံးက ငြိမ်သက်စွာပဲ ကြိုဆိုခဲ့ကြပါတယ်။

ဒီခရီးစဉ်မှာ အန္တရာယ်တွေလည်း ရှိခဲ့ပါတယ်။ နိုဝင်ဘာလတုန်းက ဟူစတန်မြို့ပြင်မှာ လမ်းလျှောက် နေတုန်း ရဟန်းတော်တွေကို လုံခြုံရေးပေးတဲ့ကားကို ကုန်တင်ကားတစ်စီးက ဝင်တိုက်မိလို့ ရဟန်းနှစ်ပါး ဒဏ်ရာရခဲ့ပါတယ်။ ဂျော်ဂျီယာပြည်နယ်က ကျောင်းထိုင်ဆရာတော် အရှင်မဟာဒမ်ဖွန်မာဆန် (Venerable Maha Dam Phommasan) ဆိုရင် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပါတယ်။ ဒါပေမဲ့ ဆရာတော်ဟာ ဝါရှင်တန်မှာ အဖွဲ့နဲ့ ပြန်ပူးပေါင်းခဲ့ပြီး ဘီးကုလားထိုင်(Wheelchair) နဲ့ပဲ အားကစား  ကွင်းထဲကို ဝင်ရောက်လာခဲ့ပါတယ်။

ခရီးစဉ်တစ်လျှောက်က ကြည်ညိုသူများ

အသက် ၃၃ နှစ်အရွယ် Jackson Vaughn လို့ခေါ်သူအတွက်တော့ ဆရာတော် ဖွန်မာဆန် ပြန်လာ နိုင်တာဟာ တကယ့်ကို စိတ်လှုပ်ရှားစရာပါ။ သူကိုယ်တိုင်လည်း ၂၀၂၄ ခုနှစ်ကတည်းက ဝှီးချဲလ် အသုံး ပြုနေရသူ ဖြစ်ပါတယ်။ သူဟာ ရဟန်းတော်တွေ သူ့မြို့ဖြစ်တဲ့ ဗာဂျီးနီးယားပြည်နယ်၊ Fredericksburg ကို ဖြတ်လာကတည်းက တစ်ပတ်ကြာ အတူလိုက်ပါလာခဲ့တာပါ။

"ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာတွေ အများကြီးပဲလေ။ လူတွေ အခုလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စုရုံးပြီး စံနမူနာ  ပြတာကို မြင်ရတာ တကယ်ကို ဝမ်းသာစရာပါ" လို့ သူက ဆိုပါတယ်။ ရေခဲနေတဲ့လမ်းတွေပေါ်မှာ သူ့ကို ကူညီပေးခဲ့တဲ့ အဖော်တွေကိုလည်း သူက ကျေးဇူးတင်နေပါတယ်။ "ကျွန်တော်ကတော့ ကိုယ့် ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ ကြိုးစားနေတဲ့ ခရီးသွားတစ်ယောက်ပါပဲ။ ဒါပေမဲ့ ဒီခရီးက ကျွန်တော်တို့အားလုံးဟာ ဘယ်လောက်တောင် ဆက်စပ်နေသလဲဆိုတာကို ပြသနေပါတယ်" လို့ သူက ပြောပါတယ်။

ရဟန်းတော်တွေရဲ့ သဝဏ်လွှာဟာ ဘာသာရေး၊ အတွေးအခေါ် တံတိုင်းတွေကို ကျော်လွန်သွားတာကို မြင်ရလို့ ရဟန်းတော်တွေ ကိုယ်တိုင်လည်း အံ့သြနေကြပါတယ်။ အွန်လိုင်းမှာ လူသန်းပေါင်းများစွာက ဝန်းရံနေကြသလို ခရီးစဉ်တစ်လျှောက် အလာဘားမားက ဘုရားရှိခိုးကျောင်းတွေကနေ ဗာဂျီးနီးယားက မြို့တော်ခန်းမတွေအထိ လူအုပ်ကြီးက စောင့်ကြိုခဲ့ကြပါတယ်။

အသက် ၄၂ နှစ်အရွယ် Kristin Williams ဆိုရင် သူမရဲ့ ၈ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးနှစ်ယောက်ကို ဘုရားရှိခိုးကျောင်းရှေ့ကို ခေါ်လာခဲ့ပါတယ်။ "ကလေးတွေကို သမိုင်းဝင်ဖြစ်ရပ်ကို မြင်စေချင်ရုံတင်  မကဘဲ စုစည်းမှုရဲ့ စွမ်းအားကိုပါ သိစေချင်လို့ပါ။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း သူတို့  (ဘုန်းတော်ကြီးတွေ) တည်ဆောက် ခဲ့တဲ့ ဒီလှုပ်ရှားမှု ကြီးထွားလာတာကို ကြည့်ရတာ တကယ့်ကို အားရှိ  စရာပါပဲ" လို့ သူမက ပြောပါတယ်။

wfp5

အင်္ဂါနေ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ဂျမေကာ၊ ဂျာမနီ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတွေကအပါအဝင် လူပေါင်း ၂၀,၀၀၀ ကျော် ဝင်ရောက်ကြည့်ရှုခဲ့ကြပါတယ်။ ဝေဖန်သူတချို့ ရှိနေခဲ့ရင်တောင် ကြည့်ရှုသူအများစု ကတော့ အဲ့ဒီလူတွေကိုပါ ငြိမ်းချမ်းပါစေကြောင်း ဆုတောင်းပေးရင်း ရဟန်းတော်တွေရဲ့ လမ်းစဉ်ကို လိုက်နာခဲ့ကြပါတယ်။

စိတ်ဝိညာဉ်ရေးရာ ပူဇော်မှုဖြစ်သော ခရီးစဉ်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်နေ့မှာ တက္ကဆက်ပြည်နယ် Fort Worth မြို့က Huong Dao ဝိပဿနာရိပ်သာကနေ ရဟန်းတော် ၁၉ ပါးဟာ မိုင်ပေါင်း ၂,၃၀၀ (၃,၇၀၀ ကီလိုမီတာ) ခရီးကို စတင်ခဲ့တာပါ။ သူတို့ဟာ ကမ္ဘာတစ်ဝှမ်းက ထေရဝါဒဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကနေ လာကြတာဖြစ်ပြီး ကျောင်းတိုက်ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဘုန်းတော်ကြီး ပညာကရက ဦးဆောင်လာ  တာပါ။

ကျောင်းတိုက်ပြောရေးဆိုခွင့်ရှိသူ Long Si Dong ကတော့ ဒီလမ်းလျှောက်မှုဟာ နိုင်ငံရေးလှုပ်ရှားမှု မဟုတ်သလို၊ ဥပဒေတွေ ပြောင်းလဲဖို့ တောင်းဆိုနေတာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။ "ဒါဟာ စိတ်ဝိညာဉ်ရေးရာ ပူဇော်မှုတစ်ခုပါ။ နေ့စဉ်လုပ်ဆောင်ချက်တွေ၊ သတိရှိတဲ့ ခြေလှမ်းတွေနဲ့ ပွင့်လင်းတဲ့ နှလုံးသားကနေတစ်ဆင့် ငြိမ်းချမ်းစွာ ရှင်သန်ဖို့ ဖိတ်ခေါ်တာပါ။ ကိုယ့်အတွင်းစိတ်မှာ ငြိမ်းချမ်းမှုရှိလာရင် လူ့အဖွဲ့အစည်းဆီကို သဘာဝအတိုင်း ပျံ့နှံ့သွားလိမ့်မယ်လို့ယုံကြည်ပါတယ်" လို့ သူက ပြောပါတယ်။

ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်းဟာ ထေရဝါဒဗုဒ္ဓဘာသာမှာ မြတ်နိုးတန်ဖိုးထားတဲ့ အစဉ်အလာ  တစ်ခုပါ။ ရဟန်းတော်အချို့ဆိုရင် မြေပြင်ရဲ့ အထိအတွေ့ကို တိုက်ရိုက်ခံစားပြီး လက်ရှိအခိုက်အတန့်မှာ သတိကပ်နိုင်ဖို့အတွက် ခြေဗလာနဲ့ သို့မဟုတ် ခြေအိတ်နဲ့ပဲ လမ်းလျှောက်ခဲ့ကြပါတယ်။

ရဟန်းတော်တွေဟာ မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ ထွက်သက်ဝင်သက်နဲ့ ရုပ်နာမ်ဆက်စပ်မှုကို အခြေခံတဲ့ ဝိပဿနာတရားကို ကျင့်ကြံသလို ဟောပြောပြသကြပါတယ်။ ဘုန်းတော်ကြီး ပညာကရရဲ့ ငြိမ်းချမ်းရေးဟောပြောချက်တွေမှာတော့ ဖုန်းတွေကို ခဏချထားပြီး ကိုယ့်အတွင်းစိတ်ထဲက ငြိမ်းချမ်း မှုကို ရှာဖွေဖို့ တိုက်တွန်းထားပါတယ်။

အင်္ဂါနေ့မှာတော့ ရဟန်းတော်တွေဟာ ၁၀၈ ရက်မြောက် လမ်းလျှောက်ခြင်းကို အဆုံးသတ်ခဲ့ပါတယ်။ ၁၀၈ ဆိုတာ ဗုဒ္ဓဘာသာမှာ စိတ်ဝိညာဉ်ရေးရာ ပြီးမြောက်မှုနဲ့ ဖြစ်တည်မှုရဲ့ အလုံးစုံခြင်းကို ကိုယ်စား ပြုတဲ့ မြင့်မြတ်တဲ့ ကိန်းဂဏန်းဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ Capitol Hill ကို ဖြတ်ပြီး လင်ကွန်း  အထိမ်းအမှတ်ဗိမာန်မှာ ပိတ်ပွဲအခမ်းအနား ကျင်းပမှာဖြစ်ပါတယ်။

အပြန်ခရီးကတော့ လာစဉ်ကလောက် မပင်ပန်းတော့ပါဘူး။ မေရီလန်း (Maryland) မှာ ခဏ  ဝင်ပြီးနောက် ဘတ်စ်ကားနဲ့ တက္ကဆက်ကို ပြန်မှာဖြစ်ပြီး စနေနေ့မနက်ပိုင်းမှာ Fort Worth မြို့လယ်ကို ရောက်မှာပါ။ အဲ့ဒီကနေမှ ကျောင်းတိုက်အထိ နောက်ထပ် ၆ မိုင် (၉.၆ ကီလိုမီတာ) ကို အတူတူ လမ်းလျှောက်ပြီး ခရီးစဉ်ကို အဆုံးသတ်ကြမှာ ဖြစ်ပါတယ်။

Source: The Associated Press (AP)