Published 17 May 2024

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ အမေရိကန်ရဲ့ အင်အားကြီးပြိုင်ဘက် နိုင်ငံများအဖြစ် လက်တွဲပူးပေါင်းခြင်းဆိုင်ရာ ခေတ်သစ်တစ်ခု ထူထောင်ရန် ကြာသပတေးနေ့က ကတိပြုလိုက်ပါတယ်။

အမေရိကန်ဟာ ကမ္ဘာတဝှမ်းမှာ ပဋိပက္ခတွေ ဖန်တီးနေပြီး ရန်ဆောင်နေတဲ့ စစ်အေးကာလ ဗိုလ်ကျအုပ်စိုးနေတဲ့သူ ဖြစ်တယ်လို့ ယင်းနှစ်နိုင်ငံက မှတ်ယူနေကြပါတယ်။

ရှီကျင့်ဖျင်က ပေကျင်းမြို့ ပြည်သူ့ခန်းမကြီးအပြင်ဘက် ကော်ဇောနီပေါ်မှာ ပူတင်ကို နှုတ်ဆက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတ တပ်မတော်သားများ သေနတ်ပစ်ဖောက် ဂုဏ်ပြုခဲ့ကြကာ ကလေးများက တရုတ်နဲ့ ရုရှားအလံများ ဝေ့ယမ်းနေခဲ့ပါတယ်။

ရုရှားတပ်များ ယူကရိန်းသို့ မကျူးကျော်ခင် ရက်ပိုင်းအတွင်းက တရုတ်ပြည်သို့ ပူတင်လာရောက်ခဲ့ပြီး ၂၀၂၂ ဖေဖော်ဝါရီမှာ အကန့်အသတ်မရှိ မိတ်ဖက်ပူးပေါင်းခြင်းကို တရုတ်နဲ့ ရုရှားတို့ ကြေညာခဲ့ပါတယ်။

အမေရိကန်နဲ့ ပတ်သက်လို့ လုံခြုံရေးပြဿနာများကို ဆန့်ကျင်ထားကြသလို ထိုင်ဝမ်၊ ယူကရိန်းကစလို့ မြောက်ကိုရီးယားအရေးအထိ အမြင်တူညီနေပြီး နျူကလီးယား နည်းပညာ ငြိမ်းချမ်းစွာ အသုံးပြုရေးနဲ့ ဘဏ္ဍာရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရေးတို့မှာ ခေတ်သစ်တစ်ခု ထူထောင်ရန် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ယနေ့ရရှိလာတဲ့ တရုတ်-ရုရှား ဆက်ဆံရေးက ခက်ခက်ခဲခဲ ရရှိလာတာဖြစ်ပြီး ဒါကို ထိန်းသိမ်းပြုစုသွားရမယ်လို့ ရှီကျင့်ဖျင်က ပူတင်ကို ပြောပါတယ်။

ရုရှားတို့က နေတိုး(NATO)မှ ထောက်ပံ့ပေးနေတဲ့ ယူကရိန်းတပ်များကို စစ်ဆင်နွှဲနေပြီး တရုတ်ကတော့ ယင်းရဲ့စီးပွားရေးနဲ့ စစ်ရေးအင်အား တိုးချဲ့ကြီးထွားလာမှုကို တန်ပြန်ဖို့ကြိုးစားနေတဲ့ အမေရိကန်ရဲ့ ဖိအားကို ရင်ဆိုင်နေရကာ ယင်းနှစ်နိုင်ငံက ဘုံတူတဲ့ ပထဝီနိုင်ငံရေးကိစ္စ ရှိနေတာ ဖြစ်ပါတယ်။

တရုတ်နဲ့ ရုရှားပူးပေါင်းပြီး ကမ္ဘာကြီးမှာ ရာစုနှစ်အတွင်း မမြင်ဖူးတဲ့ ပြောင်းလဲမှုများ ပြုလုပ်ရန် အခွင့်အရေးရှိတယ်လို့ ပြောကြားခဲ့ကြပါတယ်။

တရုတ်နဲ့ ရုရှားတို့က အခက်အခဲများ ရင်ဆိုင်နေရပြီး တရုတ်က စီးပွားရေးဖွံ့ဖြိုးမှု နှောင့်နှေးနေသလို ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် နေတိုးက နေရာတိုးချဲ့လာပါတယ်။

အမေရိကန်ကလည်း တရုတ်ကို အကြီးမားဆုံး ယှဥ်ပြိုင်ဘက်အဖြစ် သတ်မှတ်ထားပြီး ရုရှားကိုတော့ တိုင်းပြည်အဆင့် အကြီးမားဆုံး ခြိမ်းခြောက်နေတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။

စစ်အေးကာလပုံစံမျိုး ပြုမူနေတဲ့ အမေရိကန်ကို ရှီကျင့်ဖျင်နဲ့ ပူတင်နှစ်ဦးစလုံးက ရှုတ်ချလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 17 May 2024
#Yangon_Times #YMG_News #Yangon_Media_Group