#World_News
Published 09 May 2024


▪️ ဂါဇာတောင်ပိုင်းရှိ စစ်ဘေးရှောင်များ ခိုလှုံရာ ရာဖာမြို့ကို အစ္စရေးလ်တပ်များ ကျူးကျော်တိုက်ခိုက်ပါက အမေရိကန်မှ အစ္စရေးလ်ထံ လက်နက်ထောက်ပံ့နေတာတွေကို ရပ်တန့်ပစ်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ဗုဒ္ဓဟူးနေ့မှာ ပထမဆုံးအနေနဲ့ လူသိရှင်ကြား သတိပေးလိုက်ပါတယ်။



▪️ ရာဖာမြို့ကို ကျူးကျော်မယ်ဆိုရင် လက်နက်တွေ ထောက်ပံ့မှာမဟုတ်ဘူးဆိုတာကို အတိအလင်း ပြောကြားလိုက်ပါပြီလို့ ဘိုင်ဒင်က CNN နဲ့အင်တာဗျူးမှာ ဆိုပါတယ်။

 

▪️ ဒါဟာ ရာဖာမြို့ကို အစ္စရေးလ်ကျူးကျော်မှာနဲ့ ပတ်သက်ပြီး တားဆီးဖို့အတွက် ဘိုင်ဒင်က အပြင်းထန်ဆုံး သတိပေးလာတာ ဖြစ်သလို အစ္စရေးလ်နဲ့ အမေရိကန်ကြားမှာ ဆက်ဆံရေး အက်ကွဲစပြုလာပါတယ်။

 

▪️ ဟားမတ်စ်တို့ကို သုတ်သင်ရန် ရည်ရွယ်ကာ အစ္စရေးလ်တို့က ဂါဇာမှာ စစ်ဆင်နွှဲရင်း အမေရိကန်မှ ထောက်ပံ့တဲ့ လက်နက်များဖြင့် ဂါဇာအရပ်သားတွေ သေစေတာကို ဘိုင်ဒင်က သတိပြုမိပါတယ်။

 

▪️ အစ္စရေးလ်စစ်ဆင်ရေးကြောင့် ယခုအချိန်အထိ ပါလက်စ်တိုင်းဘက်မှ ၃၄၇၈၉ ဦးသေဆုံးထားကြောင်း ဂါဇာကျန်းမာရေး ဝန်ကြီးဌာနမှ ဆိုပါတယ်။

 

▪️ ရာဖာမှာ အသုံးပြုဖွယ်ရှိနေတဲ့ လက်နက်များ ပေးပို့မှုကို အမေရိကန်က သေချာအကဲဖြတ်နေပြီး ပေါင် ၂၀၀၀ ရှိတဲ့ဗုံး ၁၈၀၀ နဲ့ ပေါင် ၅၀၀ ရှိတဲ့ဗုံး ၁၇၀၀ ပါဝင်တဲ့ ပေးပို့မှုကို ရပ်ဆိုင်းလိုက်ပါတယ်။

 

▪️ လက်နက်ပေးပို့မှုတွေ ရပ်ဆိုင်းလိုက်တဲ့ အမေရိကန်ဆုံးဖြတ်ချက်ကို အလွန်စိတ်ပျက်မိကြောင်း၊ အစ္စရေးလ်ကို လက်နက်ထောက်ပံ့ခြင်း ရပ်တန့်မယ်လို့တော့ မထင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေးလ်သံအမတ် ဂျီလက်အာဒန်က ပြောကြားလိုက်ပါတယ်။

 

▪️ အမေရိကန်ဟာ အစ္စရေးလ်ကို လက်နက်များ အဓိကထောက်ပံ့နေသူဖြစ်ပြီး အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ်တို့ ကျူးကျော်ပြီးကတည်းက လက်နက်တင်ပို့မှုများ အရှိန်မြှင့်လာပါတယ်။


▪️ အစ္စရေးလ်ကို ကာကွယ်ရေးလက်နက်များ ဆက်လက်ထောက်ပံ့သွားမယ်လို့တော့ ဘိုင်ဒင်က ဆိုပါတယ်။

#Source: Reuters