၇ ဇန်နဝါရီ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ “ အကြမ်းဖက်အဖွဲ့အစည်း” လို့ တံဆိပ်ကပ်ခံရတဲ့အတိုက်အခံပါတီကြီးက သပိတ်မှောက်ပြီးနောက်  ယနေ့ဇန်နဝါရီ (၇)ရက် တနင်္ဂနွေနေ့မှာ လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ငါးကြိမ်မြောက် ဆက်လက်အုပ်ချုပ်ခွင့်အာမခံနေတဲ့ ရွေးကောက်ပွဲတစ်ခုကိုကျင်းပနေပါတယ်။

ဟာဆီနာဟာ တစ်ချိန်တုန်းက ဆင်းရဲခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ကြဉ်းပေးနိုင်ခဲ့ပေမယ့် သူမရဲ့ အစိုးရဟာ လူ့အခွင့်အရေးချိုးဖောက်ညှင်းပန်းမှုတွေနှင့် အတိုက်အခံတွေအပေါ်ရက်စက်စွာ နှိမ်နှင်းနေမှုတွေနှင့် စွပ်စွဲခံ နေရပါတယ်။

သူမရဲ့ပါတီဟာ ထိရောက်တဲ့ ပြိုင်ဘက်တွေမရှိသလောက်နှင့် ရွေးကောက်ပွဲပြိုင်နေတာဖြစ်ပြီး အချို့သော မဲဆန္ဒနယ်တွေမှာတော့ ဝင်မပြိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လာမည့်ဥပဒေပြုလွှတ်တော်ကို တစ်ပါတီလွှတ်တော်လို့ အမည်တံဆိပ်အကပ်ခံရမှာ စိုးလို့ဖြစ်ပါတယ်။

အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးဝါဒီပါတီ ဘီအင်န်ပီမှာ လူအမြောက်အများဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဘီအင်န်ပီက အထွေထွေသပိတ်ကြီးနှင့် အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့‌ ဆော်ဩခဲ့ကြပါတယ်။

ဒါပေမယ် အသက်(၇၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟာဆီနာကတော့ ဒီမိုကရေစီဖြစ်စဉ်အပေါ်သက်ဝင်ယုံကြည်ကြောင်း ပြသဖို့ မဲပေးကြပါလို့ နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။

“ ဘီအင်န်ပီဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်” လို့  မဲပေးပြီးပြန်အထွက်စောင့်ဆိုင်းနေကြတဲ့ သတင်းသမားတွေက သူမကို အမေးမှာ ဟာဆီနာကဖြေကြားခဲ့ပါတယ်။

“ ကျွန်မအနေနှင့် ဒီနိုင်ငံမှာ ဒီမိုကရေစီဆက်သွားဖို့အာမခံနိုင်အောင် အကောင်းဆုံးကြိုးစားနေတယ်” လို့လည်း သူမက ဖြည့်စွက်ပြောပါတယ်။

မဲရုံတွေကို ညနေ ၅နာရီအထိဖွင့်ပေးထားပြီး မဲရလဒ်တွေကို တော့ ညသန်းခေါင်ကျော်မှ သိနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

အစောပိုင်းအခြေအနေတွေအရ ထွက်ပြီးမဲလာပေးကြသူတွေ နည်းနေပါတယ်။ ရွေးကောက်ပွဲကို တရားဝင်ဖြစ်စေဖို့ ဆုပေး ဒဏ်ပေးပုံစံလုပ်နေကြတယ်လို့ ပြောဆိုမှုတွေရှိနေတဲ့ကြားထဲက မဲပေးသူတွေနည်းနေခဲ့တာပါ။

ဒါကာမြို့တော် အနောက်ပိုင်းက မဲရုံတစ်ရုံမှာဆိုရင် မဲပေးရမယ့်သူ ၄၂၀၀ခန့်ထဲမှာ မဲရုံဖွင့်ပြီး (၂)နာရီကြာသည်အထိ မဲပေးသူ (၁၁၁)ဦးပဲရှိပါသေးတယ်လို့ အရာရှိတစ်ဦးက အေအက်ဖ်ပီကိုပြောပါတယ်။

“ ဒီလိုရယ်စရာကြီးထဲမှာ ဝင်ပါဖို့စိတ်မဝင်စားဘူး။ အိမ်မှာနေပြီးရုပ်ရှင်တွေထိုင်ကြည့်နေတာကပိုကောင်းသေးတယ်” လို့ ပရဟိတအလုပ်သမားတစ်ဦးဖြစ်တဲ့ အသက်၃၂နှစ်အရွယ် ရှာရီယာကပြောပါတယ်။

ဘီအင်န်ပီရဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်တစ်ဖွဲ့လုံးအပါအဝင် အတိုက်ခံ၂၅၀၀ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။ အစိုးရကတော့ ၁၁,၀၀၀ ဦးဖမ်းဆီးထားတယ်လို့ပြောပါတယ်။

မဲပေးတဲ့ ယနေ့တနင်္ဂနွေနေ့မှာ ကားတာယာတွေမီးရှို့ပြီးလမ်းတွေပိတ်ဆန္ဒပြကြချီတက်ကြတဲ့ အတိုက်အခံ၆၀ဦးခန့်ကို သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရတယ်လို့ စစ်တကောင်းဆိပ်ကမ်းမြို့ရဲတွေကပြောပါတယ်။

ရွေးကောက်ပွဲမှာ တရားဥပဒေစိုးမိုးရေးထိန်းသိမ်းပေးဖို့အတွက်မဲပေးတဲ့နေရာတွေမှာ ရဲတပ်သား ခုနှစ်သိန်းနီးပါးခန့်နှင့်အတူ စစ်သား တစ်သိန်းနီးပါးကို ဖြန့်ကျက်နေရာချထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

Source AFP/AP