Published_ 29 June 2023

အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'ဟာ အိပ်ပျော်နေစဉ် အသက်ရှူကြပ်ခြင်းဝေဒနာခံစားနေရတဲ့အတွက် လတ်တလောမှာ အသက်ရှူလမ်းကြောင်းဆက်တိုက်ဖိအားပေးစက်(CPAP)ကို စတင်အသုံးပြုနေရကြောင်း အိမ်ဖြူတော်အရာရှိများက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

ချီကာဂိုမှာ မိန့်ခွန်းပြောကြားရန် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက အိမ်ဖြူတော်မှထွက်ခွာလာရာမှာ သူ့မျက်နှာနှစ်ဖက်စလုံးမှာ အဆိုပါကိရိယာတပ်ဆင်ထားခဲ့ရတဲ့ အရာတွေမြင်တွေ့ရပါတယ်။

၂၀၀၈ ခုနှစ်ကတည်းက သမ္မတဟာ အိပ်ပျော်စဉ်အသက်ရှူကြပ်ခြင်းဝေဒနာ ရှိနေကြောင်း ထုတ်ဖော်ခဲ့ပြီး မနေ့ညကတော့ ထိုဝေဒနာရှိသူတွေမှာ အသုံးများတဲ့ CPAP စက်အသုံးပြုခဲ့ရတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ'အန်ဒရူးဘိတ်စ်'က ပြောကြားသွားပါတယ်။

CPAP စက်တွေဟာ အိပ်ပျော်စဉ်အသက်ရှူကြပ်ခြင်းဝေဒနာအတွက် အသုံးများတဲ့စက်ဖြစ်ပါတယ်။

အိပ်နေစဉ်မှာ နှာခေါင်းအုပ်အတွင်းသို့ လေစီးဆင်းမှုဆက်တိုက်ဖြစ်စေပြီး အသက်ရှူလမ်းကြောင်းများပွင့်နေစေကာ အောက်ဆီဂျင်ထောက်ပံ့မှု မပြတ်ရရှိစေပါတယ်။

ထိုဝေဒနာဟာ အမေရိကန်လူမျိုးသန်း ၃၀ ခန့်မှာ ဖြစ်ပွားနေပြီး ဆိုးကျိုးတွေကအမျိုးမျိုးရှိနေကာ အောက်ဆီဂျင်ပြတ်လပ်ကာ အိပ်စက်မှုကိုနှောင့်ယှက်စေသလို သွေးတိုးခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ချေများစေပါတယ်။

လတ်တလောနှစ်များအတွင်းမှာ အမေရိကန်မှာ လူပေါင်း ၈ သန်းလောက် CPAP စက်အသုံးပြုနေရတယ်လို့ ကိရိယာထုတ်လုပ်သူများက ခန့်မှန်းထားပါတယ်။

မစ္စတာဘိုင်ဒင်အနေနဲ့ ဒါဟာ ပထမဆုံးအကြိမ် ဒီစက်ကိုအသုံးပြုရတာဖြစ်တယ်လို့ ဘလွန်းဘာ့ဂ်က ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ်က မစ္စတာဘိုင်ဒင်ဟာ နှာခေါင်းတွင်းခွဲစိတ်မှုများစွာ ပြုလုပ်ခဲ့ရတယ်လို့ သူ့ဆရာဝန်က ပြောပြခဲ့ပါတယ်။

ဒီလိုခွဲစိတ်မှုတွေက ဝေဒနာကိုသက်သာစေပေမယ့် အပြီးတိုင်ပျောက်ကင်းခြင်းမရှိကြောင်း အိမ်ဖြူတော်တာဝန်ရှိသူက ဆိုပါတယ်။

သမ္မတက လတ်တလောသီတင်းပတ်တွေမှာ ကောင်းစွာအိပ်စက်နိုင်ရန်အတွက် CPAP ကိရိယာကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရပါတယ်။
Source: The New York Times
#World_Society #အသက်ရှူကြပ်ရောဂါ #အသက်ရှူထောက်ကူစက်ပစ္စည်းစတင်အသုံးပြု #ဂျိုးဘိုင်ဒင်
#YMG #Yangon_Times