#Asia_Politics
Published_ 14 June 2023

ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက Move Forward ပါတီခေါင်းဆောင်'ပီတာလင်မ်ဂျရွန်ရတ်'ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်မထမ်းဆောင်ရန် တားမြစ်ပိတ်ပင်မိန့်ထုတ်လိုက်ပါက သူ့ကို ဝန်ကြီးချုပ်လောင်းအဖြစ် စာရင်းထည့်သွင်းခံရတော့မှာမဟုတ်ကြောင်း အိမ်စောင့်ဒုဝန်ကြီးချုပ်'ဝီဆာနူခရီယာငမ်'က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

ပီတာအနေနဲ့ လွှတ်တော်အမတ်ဖြစ်ရန် သတ်မှတ်ချက်ကိုက်ညီခြင်းရှိ/မရှိကို တရားရုံးမှစီရင်ချက်ရယူနိုင်ရန် လွတ်တော်အမတ်များအဖွဲ့မှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၂ ကို တင်သွင်းသွားနိုင်ဖွယ်ရှိတယ်ဆိုတဲ့ ထင်မြင်ချက်များနဲ့ပတ်သက်ပြီး ဝီဆာနူက မှတ်ချက်ပေးလိုက်ပါတယ်။

အကယ်၍တရားရုံးက အဆိုပါတင်သွင်းချက်ကိုလက်ခံပြီး ပီတာကို လွှတ်တော်အမတ်အဖြစ် ပိတ်ပင်လိုက်ပါက ဝန်ကြီးချုပ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိမှာ မဟုတ်ကြောင်း ဆိုပါတယ်။

ပီတာကို အုပ်ချုပ်ရေးအာဏာမရစေရန် အထက်လွှတ်တော်ရှိ ပြိုင်ဘက်များက ပုဒ်မ ၈၂ ကိုအသုံးချမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို အကြိမ်ကြိမ်ပြောကြားထားပါတယ်။

ပီတာအနေနဲ့ ပါလီမန်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၅၁ ကိုဖောက်ဖျက်ခြင်းရှိ/မရှိ စုံစမ်းစစ်ဆေးရန် ရွေးကောက်ပွဲကော်မရှင်က သောကြာနေ့မှာ အမိန့်ပေးခဲ့ပါတယ်။

ပါလီမန်အမတ်အဖြစ် ရွေးကောက်ပွဲဝင်ရန် မကိုက်ညီကြောင်းသိရှိထားပြီးမှ ရွေးကောက်ပွဲဝင်ရန် လျှောက်ထားသူကို အပြစ်ဒဏ်ပေးသွားမယ်လို့ ဆောင်းပါးမှာဖော်ပြထားပါတယ်။

ပီတာဟာ မီဒီယာကုမ္ပဏီ ITV Plc မှာ အစုရှယ်များကိုင်ဆောင်ထားတာကြောင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်းမပြည့်မီကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ'ရွန်ကရိုင်လီကစ်ဝါထာနာ'က စွပ်စွဲခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့ပါတယ်။

ပီတာကို ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၅၁ အရ တရားစွဲဆိုရန်ဆုံးဖြတ်လိုက်ပါက ဒီအမှုကို ပြစ်မှုတရားရုံးသို့ပေးပို့မှာဖြစ်ပြီး တရားရုံးမှ စီရင်ချက်မချမီအချိန်ယူရမှာဖြစ်ကြောင်း ဝီဆာနူက ပြောပြခဲ့ပါတယ်။

ရာဇဝတ်ခုံရုံးမှ စီရင်ချက်မချမချင်း ပါလီမန်မှာ ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိမှာမဟုတ်ပါဘူး။

ပီတာသာ ဝန်ကြီးချုပ်ရာထူးအတွက် အနိုင်ရခဲ့ပါက လွှတ်တော်ဥက္ကဌအနေနဲ့ ဘုရင်မင်းမြတ်ထောက်ခံမှုရဖို့အတွက် အမည်ပေးသွင်းရမှာဖြစ်ပါတယ်။

ပါလီမန်က ပီတာရဲ့ဥပဒေအမှုကိုဆိုင်းငံ့ထားကြောင်း ဘုရင်ကိုအသိပေးရမှာဖြစ်ပြီး ပီတာကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရန်မှာ ဘုရင်အပေါ်မူတည်နေကြောင်း ရှင်းပြသွားပါတယ်။

ဘုရင်ထောက်ခံချက်အတွက် ပီတာရဲ့အမည်ကိုပေးပို့ပါက နောက်ပိုင်းပြဿနာများအတွက် လွှတ်တော်ဥက္ကဌက တာဝန်ယူရမှာဖြစ်ကြောင်းလည်း ပြောပြသွားပါတယ်။
Source: Nation Thailand
#YMG #Yangon_Media_Group