#World_Science
Published 12 June 2023


အာကာသယာဉ်မှူးတွေ အာကာသဆီသွားနေတာ ဆယ်စုနှစ်တွေကြာလာပြီဖြစ်ပြီး နောက်ထပ်လည်း လဂြိုဟ်နဲ့ မားစ်ဂြိုဟ်တို့ဆီထပ်လွှတ်ဖို့ စီစဉ်နေကြပါတယ်။

 

ဆွဲငင်အားမရှိတဲ့နေရာကို အာကာသယာဉ်မှူးတွေသွားတဲ့အခါ ဦးနှောက်မှာဘာဖြစ်လဲဆိုတာကို လေ့လာခဲ့ကြပါတယ်။

 

နိုင်ငံတကာအာကာသစခန်း (ISS) သို့မဟုတ် NASA အာကာသလွန်းပျံယာဉ်မှာ အနည်းဆုံး ၆ လကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အာကာသယာဉ်မှူးတွေမှာ ဦးနှောက်အမြှေးပါးအရည်များပါဝင်တဲ့ ဦးနှောက်အလယ်မှာ အရည်အိတ်အခန်းများ သိသိသာသာချဲ့ထွင်လာတာကို တွေ့ရှိခဲ့ပါတယ်။

 

အဆိုပါ အရောင်အဆင်းမရှိတဲ့အရည်တွေဟာ ဦးနှောက်နဲ့ ကျောရိုးတဝိုက်မှာ စီးဆင်းနေပြီး ရုတ်တရက်ထိခိုက်မှုများမှ ကာကွယ်ခြင်း၊ စွန့်ပစ်ပစ္စည်းများဖယ်ရှားခြင်းတို့ ပြုလုပ်ပေးပါတယ်။

 

အာကာသမှာ အချိန်ကြာကြာတာဝန်ထမ်းဆောင်တဲ့သူတွေမှာ ညာခြမ်းနဲ့ တတိယအခန်းတို့က အတော်လေးချဲ့ထွင်လာကြကြောင်း Scientific Reports ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

 

အာကာသမှာ အချိန်ကြာကြာနေလေလေ ဦးနှောက်အရည်အိတ်အခန်းတွေ ပိုကျယ်လာလေဖြစ်ပြီး အပြည့်အဝပြန်ကောင်းဖို့အတွက် အချိန် ၃ နှစ်လောက်ယူရကြောင်း စာတမ်းပြုစုသူ'ရေချယ်ဆစ်ဒ်လာ'က ပြောကြားခဲ့ပါတယ်။

 

အာကာသယာဉ်မှူးအယောက် ၃၀ မှာ ၈ ယောက်က ၂ ပတ်၊ ၁၈ ယောက်က ၆ လ၊ ၄ ယောက်က တစ်နှစ်ခန့် အာကာသသို့စေလွှတ်ကာ ဆန်းစစ်ခဲ့ပါတယ်။

 

၂ ပတ်သာကြာတဲ့အချိန်မှာ သိသိသာသာပြောင်းလဲခြင်းမျိုးမရှိဘဲ ၆ လကြာတဲ့အခါမှာတော့ အတော်လေးကွာခြားသွားပါတယ်။

 

အဆိုပါအရည်အိတ်အခန်းတွေ ကျယ်လာတာဟာ အာကာသယာဉ်မှူးတွေမှာ နောက်ဆက်တွဲကျန်းမာရေး ဘယ်လောက်ထိခိုက်လဲဆိုတာကို သိရဖို့လိုအပ်နေပြီး ဒီလိုအရည်အိတ်အခန်းတွေကြီးမားလာတာက ဘေးနားရှိ ဦးနှောက်တစ်ရှူးတွေကို ဖိထားနိုင်ဖွယ်ရှိပါတယ်။

 

ကမ္ဘာမြေမှာဆိုရင် ဆွဲငင်အားကြောင့် သွေးတွေခြေထောက်မှာ အိုင်မနေစေရန် သွေးကြောစနစ်တွေမှာ အဆို့ရှင်တွေရှိပေမယ့် ဆွဲငင်အားမရှိတဲ့နေရာမှာတော့ ပြောင်းပြန်ဖြစ်သွားပြီး အရည်တွေက ဦးခေါင်းမှာစုပြုံလာကာ အရည်အိတ်အခန်းတွေ ပိုကျယ်လာတာဖြစ်နိုင်ပါတယ်။

 

ဒါပေမဲ့ ၆ လကျော်နေထိုင်တဲ့အခါ နောက်ထပ်ကျယ်လာတာမျိုးမရှိတော့တာကြောင့် ၂ နှစ်လောက်ကြာနိုင်တဲ့ မားစ်ဂြိုဟ်ခရီးစဉ်တွေအတွက်တော့ သတင်းကောင်းလို့ ဆိုရမလိုပါပဲ။

 

Source: India Today #World_Science #ဦးနှောက်တွင် ထူးခြားသောပြောင်းလဲမှု
#YMG #Yangon_Media_Group