#World_Politics
Published 12 May 2023


အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'နဲ့ ထိပ်သီးလွှတ်တော်အမတ်တို့ သောကြာနေ့မှာပြုလုပ်ရန်စီစဉ်ထားတဲ့ ကြွေးမြီကန့်သတ်ချက်ဆိုင်ရာအစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကာ လာမယ့်သီတင်းပတ်အစောပိုင်းမှာ တွေ့ဆုံရန်သဘောတူညီခဲ့ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

 

ကပ်ဘေးကြီးကိုရှောင်ရှားနိုင်ရန် အစိုးရရဲ့ ဒေါ်လာ ၃၁.၄ ထရီလီယံကြွေးမြီကန့်သတ်ရေးမြှင့်တင်ခြင်း ဆွေးနွေးပွဲများကျင်းပမှာဖြစ်ကာ ဖက်ဒရယ်အသုံးစရိတ်ကို ကန့်သတ်ရန်နည်းလမ်းများကို နှစ်ဖက်စလုံးမှတာဝန်ရှိသူများက စတင်ဆွေးနွေးနေပြီလို့ ဆွေးနွေးပွဲများနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

 

"ဝန်ထမ်းတွေက ဆက်လက်အလုပ်လုပ်နေမှာဖြစ်ပြီး ခေါင်းဆောင်တွေအားလုံးက လာမယ့်သီတင်းပတ်အစောပိုင်းမှာ တွေ့ဆုံဖို့သဘောတူထားတယ်" လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

 

ဘိုင်ဒင်၊ ရီပတ်ဘလစ်ကန်အောက်လွှတ်တော်ဥက္ကဌ 'ကီဗင်မက္ကာသီ'၊ ဒီမိုကရက်တစ်အထက်လွှတ်တော်လူများစုခေါင်းဆောင် 'ချက်ခ်ရှူမာ'၊ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်ထိပ်သီးအမတ် 'မစ်ချ်မက်ကွန်နယ်'၊ ဒီမိုကရက်တစ်အောက်လွှတ်တော်ထိပ်သီးအမတ် 'ဟာကင်မ်ဂျက်ဖရီစ်'တို့ရဲ့ လက်ထောက်များဟာ ကြွေးမြီကန့်သတ်ချက်မြှင့်တင်ရေး ဆွေးနွေးရန် ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တို့မှာ တွေ့ခဲ့ကြောင်း အိမ်ဖြူတော်ကပြောကြားခဲ့ပါတယ်။

 

အခုလိုရွှေ့ဆိုင်းရတာဟာ ဆွေးနွေးပွဲမှာပြဿနာရှိတဲ့သဘောမဟုတ်ဘဲ ခေါင်းဆောင်တွေ ထပ်မံမတွေ့ဆုံခင် ညှိနှိုင်းရေးမှူးတွေအနေနဲ့ ဆက်လက်ဆွေးနွေးဖို့လိုအပ်တယ်လို့ ယုံကြည်ကြောင်း မက္ကာသီက သတင်းထောက်တွေကို ကပ်ပီတိုလ်မှာပြောကြားလိုက်ပါတယ်။

 

သဘောတူညီချက်တစ်ခု ရယူမယ်ဆိုပါက အသုံးစရိတ်ဖြတ်တောက်မှုအချို့ ဒါမှမဟုတ် အသုံးစရိတ်တင်းကျပ်တာတွေကို လက်ခံရမှာဖြစ်ကြောင်း အိမ်ဖြူတော်တာဝန်ရှိသူများက သိရှိထားကြပါတယ်။

 

ကြွေးမြီကန့်သတ်ချက်ကို ဘယ်လောက်ကြာအောင် တွန်းအားပေးဖြေရှင်းရမလဲဆိုတာကို နှစ်ဖက်စလုံးက အခြေအတင်ဆွေးနွေးနေကြတယ်လို့ သတင်းအရစ်အမြစ်များကဆိုပါတယ်။


ဘိုင်ဒင်နဲ့ဒီမိုကရက်တစ်တွေအနေနဲ့ ရွေးကောက်ပွဲအတွက် အချိန်ပိုရအောင် အသုံးစရိတ်များဖြတ်တောက်လျှော့ချခြင်းကို လက်ခံရဖွယ်ရှိတယ်လို့ သိရပါတယ်။

 

အသုံးစရိတ်ဖြတ်တောက်ခြင်းနဲ့ ကန့်သတ်ခြင်း ဆွေးနွေးနေတဲ့ကိစ္စက ဒီမိုကရက်တစ်များ အချိန်ကာလကြာရှည်အောင် ကြွေးမြီကန့်သတ်ချက် ခြွင်းချက်မရှိရုတ်သိမ်းဖို့အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတိုးတက်လာတဲ့သဘောဖြစ်ပါတယ်။

 

ရီပတ်ဘလစ်ကန်တွေကတော့ အသုံးစရိတ်ဖြတ်တောက်မှုအပြင် မူဝါဒအပြောင်းအလဲအချို့ကိုပါ တောင်းဆိုခဲ့ကြပါတယ်။

 

ဆွေးနွေးပွဲရွှေ့ဆိုင်းခြင်းကို အိမ်ဖြူတော်က အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုအဖြစ် ပုံဖော်နေပါတယ်။

 

ကြွေးမြီကန့်သတ်ချက် မမြှင့်တင်နိုင်ဘူးဆိုရင် အမေရိကန်အစိုးရအနေနဲ့ ဘေလ်ပေးဆောင်ရန် ဘဏ္ဍာပြတ်လပ်သွားနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။

 

Source: Reuters #World_Politics #သမ္မတဘိုင်ဒင် #အောက်လွှတ်တော်ဥက္ကဋ္ဌ #ကြွေးမြီကန့်သတ်ချက်
#YMG #Yangon_Media_Group