#World_Politics
Published 26 April 2023

 

အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က ၂၀၂၄ ပြန်လည်ရွေးကောက်ပွဲမှာ ပါဝင်ဦးမယ်လို့ ဧပြီ ၂၅ ရက်နေ့က ကြေညာလိုက်ကာ စံချိန်တင်အသက် ၈၀ နှစ်အရွယ်မှာ 'ဒေါ်နယ်ထရမ့်'နဲ့ မကျေပွဲပြန်လည်ယှဉ်ပြိုင်နိုင်ရန် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မဲဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်သွားဦးမှာဖြစ်ပါတယ်။

 

၂၀၂၀ မှာ ထရမ့်နဲ့စတင်ယှဉ်ပြိုင်ခဲ့တဲ့နေ့ကစလို့ ၄ နှစ်မြောက်တဲ့နေ့မှာ ဘိုင်ဒင်မိန့်ခွန်းပြောကြားရာမှာ ရီပတ်ဘလစ်ကန်အစွန်းရောက်တွေလက်ထဲကနေ အမေရိကန်ရဲ့ဒီမိုကရေစီကို ကယ်ဆယ်ရန် တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ပထမဆုံးအကြိမ်ရွေးကောက်ခံခဲ့ရပြီးနောက် ဒီမိုကရေစီအတွက် တိုက်ခိုက်နေခဲ့ကာ အဆုံးသတ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

 

ပြည်တွင်းဥပဒေပြုရေးရာမှာ ကြီးကြီးမားမားအနိုင်ရခြင်း၊ အရေးကြီးသောနိုင်ငံခြားရေးမူဝါဒရုန်းကန်မှုများ၊ ရုရှားကျူးကျော်မှုကို တွန်းလှန်နေတဲ့ယူကရိန်းအတွက် အနောက်ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ခြင်း စတာတွေပြုလုပ်ထားပြီးနောက် ဒီမိုကရက်တစ်ပါတီထဲမှာ ဘိုင်ဒင်ကိုယှဉ်မယ့်သူမရှိပါဘူး။

 

နောက်ထပ်အားထားရာတစ်ချက်က ကိုဗစ်ကပ်ရောဂါအပြီး အမေရိကန်စီးပွားရေးပြန်လည်ထူထောင်ရေး လုပ်ဆောင်ချက်များဖြစ်ပြီး အခြေခံအဆောက်အအုံများ သက်တမ်းတိုးခြင်း၊ နည်းပညာမြင့်လျှပ်စစ်ကားများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ရင်းနှီးမြှုပ်နှံမှုအားပေးခြင်းတို့မှာ ထောက်ပံ့ပေးခဲ့ပါတယ်။

 

ဘီလီယံနာတွေအတွက် အနည်းဆုံးအခွန်နှုန်းသတ်မှတ်ချက်ထားရှိသင့်ကြောင်း၊ ဆောက်လုပ်ရေးလုပ်သားတွေ ကျောင်းဆရာတွေ မီးသတ်သမားတွေ ရဲတွေ သူနာပြုတွေက ဘီလီယံနာတွေထက် အခွန်နှုန်းပိုမများသင့်ကြောင်း ပြောကြားခဲ့ရာ လက်ခုပ်သံများဆူညံသွားခဲ့ပြီး နောက်ထပ် ၄ နှစ်ဆိုပြီး အော်ဟစ်နေခဲ့ကြပါတယ်။

 

ဒီအတွက် ဘိုင်ဒင်ဟာထောက်ခံမှုတွေရခဲ့ပေမယ့် သူ့အသက်အရွယ်နဲ့မမျှတဲ့ စစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

 

ဒုတိယအကြိမ်သမ္မတရာထူးသက်တမ်းကုန်ဆုံးချိန်မှာ အသက် ၈၆ နှစ်ရှိနေမှာဖြစ်တဲ့ ဘိုင်ဒင်အတွက် ဆေးစစ်အဖွဲ့ကစစ်ဆေးခဲ့ရာမှာ သမ္မတရာထူးထမ်းဆောင်ရန် ကျန်းမာကြံ့ခိုင်တယ်လို့ တွေ့ရှိခဲ့ပေမယ့် သူ့ကိုထောက်ခံသူအများစုကပင် ဘိုင်ဒင်ဟာအိုမင်းလွန်းနေပြီလို့ ယူဆနေကြပါတယ်။

 

ထရမ့်ကတော့ ရာဇဝတ်မှုဖြင့် စွဲချက်တင်ခံထားရတဲ့ ပထမဆုံးသမ္မတဟောင်းဖြစ်နေတဲ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာ ဘိုင်ဒင်ကိုရှုံးနိမ့်ခဲ့ခြင်းအား ပြောင်းလဲရန်ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရပေမယ့်လည်း ရီပတ်ဘလစ်ကန်ထဲမှာတော့ ရှေ့ဆုံးကဦးဆောင်နေသူဖြစ်ပါတယ်။

 

ထရမ့်က ဘိုင်ဒင်ကို ဆိုးရွားပြီးမအောင်မြင်တဲ့ သမ္မတလို့ သမုတ်ခဲ့ပါတယ်။
ဘိုင်ဒင်ဟာ ထရမ့်နဲ့ယှဉ်ရင် ပျော့ညံ့နေပုံပေါက်ပေမယ့် အစွန်းရောက်ဘက်ကိုဦးတည်နေတဲ့ခေတ်ကြီးမှာ သူ့ရဲ့အလယ်အလတ်လမ်းစဉ်ဟောင်းကြီးကို လျှို့ဝှက်လက်နက်အဖြစ် အသုံးပြုလာနိုင်ပါတယ်။

 

သူ့နေရာကိုယှဉ်ပြိုင်မယ့်သူတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဘိုင်ဒင်က အားသာနေပြီး လူတွေကသူ့ကိုပဲ မဲဆန္ဒပေးလိမ့်မယ်ဆိုတာ စစ်တမ်းကောက်ခံချက်များအရ သိနိုင်ပါတယ်လို့ ဒီမိုကရက်တစ်လွှတ်တော်အမတ်'ခရစ္စကွန်းစ်'က CNN ကို ပြောကြားခဲ့ပါတယ်။

 

Source: CNA #World_Politics #ဂျိုးဘိုင်ဒင် #သမ္မတရွေးကောက်ပွဲ
#YMG #Yangon_Media_Group