#Local_News
Published_ 13 February 2023

 

ဖေဖော်ဝါရီ ၆ ရက်က ငလျင်ဒဏ်ခံစားခဲ့ရသော အရှေ့အလယ်ပိုင်းရှိ ဆီးရီးယားနိုင်ငံသို့ လိုအပ်သောအကူအညီများ အဟန့်အတားမရှိ ပို့ဆောင်ပေးနိုင်ရေးအတွက် နိုင်ငံအသီးသီးမှ အစိုးရများကို ကာတာစင်တာက တောင်းဆိုခဲ့ကြောင်း သိရသည်။

 

လက်ရှိကာလအထိ ဆီးရီးယားနိုင်ငံသည် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံအချို့၏ပိတ်ဆို့ဒဏ်ခတ်မှုအောက် ကျရောက်နေသဖြင့် ယခုကဲ့သို့ ကာတာစင်တာက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

 

“တူရကီနှင့်ဆီးရီးယားတို့တွင် ငလျင်ဒဏ်ကြောင့် သေကြေပျက်စီးခဲ့ရ၍  မိမိတို့ ကာတာစင်တာအနေဖြင့် အလွန်ဝမ်းနည်းကြေကွဲရကြောင်း၊ အဆိုပါသဘာဝဘေးကြောင့် ဆီးရီးယားရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း” အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် ကာတာစင်တာ၏ ဖေဖော်ဝါရီ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

 

ငလျင်ဒဏ်ခံစားခဲ့ရသော ဒေသများသို့ ကယ်ဆယ်ရေးအကူအညီများ ရရှိရန် လတ်တလောအရေးကြီးကြောင်း အဆိုပါစင်တာက မှတ်ချက်ချခဲ့သည်။

 

အကူအညီများ မြန်မြန်ဆန်ဆန်ပေးနိုင်ရန်နှင့် ဒေသဆိုင်ရာအာဏာပိုင်များ လိုအပ်သလို အာမခံချက်ပေးနိုင်ရန် ဆီးရီးယားနိုင်ငံကို ပိတ်ဆို့အရေးယူထားသော နိုင်ငံများမှ အစိုးရများကို လူသားချင်းစာနာမှု ချွင်းချက်ထားရှိကြဖို့ ကာတာစင်တာက မေတ္တာရပ်ခံပန်ကြားခဲ့သည်။

 

“လိုအပ်နေတဲ့သူတွေဆီကို အကူအညီတွေ မြန်မြန်ဆန်ဆန် စီးဆင်းသွားနိုင်ဖို့ အဲဒီအဆင့်နှစ်ခုစလုံးက အရေးကြီးနေပါတယ်” ဟု ကြေညာချက်ထဲတွင် ဆက်လက်ဖော်ပြထားသည်။

 

အကျပ်အတည်းမျိုးစုံရှိနေသည့် ဆီးရီးယားနိုင်ငံ၏အနောက်မြောက်ပိုင်းသို့ တူရကီ-ဆီးရီးယားနယ်စပ်တလျှောက် ဖြတ်ကျော်ဝင်ရောက်ကြမည့် ထောက်ပံ့ပို့ဆောင်ရေးယာဉ်ကြီးများ အတားအဆီးခံနေရကြောင်း ကုလသမဂ္ဂ ဒေသတွင်းလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူး မိုဟာနက်ဟာဒီက ပြောကြားခဲ့သည်ဟု အေပီသတင်းတွင် ရေးသားထားသည်။

 

အမေရိကန်နှင့် အနောက်နိုင်ငံအချို့သည် ဆီးရီးယားပြည်တွင်းစစ်ကို အကြောင်းပြု၍ ဆီးရီးယားအစိုးရနှင့် သမ္မတဘတ်ရှာအာဆတ်တို့ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားဆဲဖြစ်သည်။

 

တူရကီနှင့်ဆီးရီးယား နှစ်နိုင်ငံမှာ ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်း၌ ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် လူပေါင်း ၂ သောင်းကျော်သေဆုံးခဲ့ပြီး ရာနဲ့ချီတဲ့ အဆောက်အဦတွေ ပြိုကျခဲ့ပြီး အများအပြား ပျက်စီးခဲ့ရသည်။ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမားများက အပျက်အစီးများ တူးဖော်ဖယ်ရှားနိုင်ရေး ကြိုးစားနေကြဆဲရှိသည်။

 

Source, thehill.com
#Yangon_Media_Group