#World_Science
Published 13 February 2023

 

တူရကီနဲ့ဆီးရီးယားတို့မှာ ၇.၈ ပြင်းအားအဆင့်ရှိ မြေငလျင်လှုပ်ခတ်ကာ လူပေါင်းသောင်းချီသေဆုံးခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ နောက်ထပ်ငလျင်ကြီးတွေ လှုပ်ခတ်မယ့်နေရာအချိန်တို့ကို ခန့်မှန်းပေးနိုင်မယ့် ပုံစံအသစ်တစ်ခုကို ထုတ်လုပ်လိုက်ကြပါတယ်။

 

နော့သ်ဝက်စ်တန်းတက္ကသိုလ်မှ မြေငလျင်ပညာရှင်အဖွဲ့နဲ့ စာရင်းအင်းပညာရှင်အဖွဲ့တို့မှ တီထွင်ထားတဲ့ အဆိုပါပုံစံအသစ်ဟာ ယခင်ငလျင်တွေတုန်းကလို ပျမ်းမျှအချိန်ပေါ် တွက်ချက်ခြင်းထက် ပြီးခဲ့တဲ့ငလျင်တွေရဲ့ သီးခြားလှုပ်ခတ်မှုအချိန်ကိုက်တို့ကို ထည့်သွင်းစဉ်းစားပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။

 

မြေကြီးထဲရှိ ကျောက်တုံးအစိုင်အခဲများကွဲအက်ခြင်းကြောင့် ငလျင်လှုပ်ခတ်ရာမှာ လုံးဝပြီးစီးတာမျိုးမဟုတ်ဘဲ ငလျင်ကြီးလှုပ်ခတ်ပြီးနောက်မှာလည်း နောက်ထပ်ငလျင်များ လှုပ်ခတ်နိုင်ပါသေးတယ်။
မျှော်မှန်းထားတာထက် သိပ်မကြာခင် ဒါမှမဟုတ် အနည်းငယ်ကြာပြီးနောက် ငလျင်များလှုပ်ခတ်နိုင်ပါတယ်။

 

ပျမ်းမျှအချိန်ကို ခန့်မှန်းထာထက်စာရင် ငလျင်သမိုင်းကြောင်းတစ်ခုလုံးကို ထည့်သွင်းစဉ်းစားမှ လာမယ့်ငလျင်တွေကို ကြိုတင်ခန့်မှန်းနိုင်မှာဖြစ်ကြောင်း Earth and Planetary Sciences မှ ပရော်ဖက်ဆာ'ဆက်သ်စတိုင်း'က ဆိုပါတယ်။

 

ပြင်းအား ၇.၈ ရှိတဲ့ငလျင်ဟာ တနင်္လာနေ့က တူရကီ ဂါဇန်တက်ပ်မြို့ကနေ ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး ပြင်းအား ၆.၇ ရှိ နောက်ဆက်တွဲလှုပ်ခတ်မှု ပါလာခဲ့တာဖြစ်ပါတယ်။

 

 

ကြာသပတေးနေ့အထိ အသေအပျောက်စာရင်းက တူရကီမှာ ၁၆,၀၀၀ ကျော်နဲ့ ဆီးရီးယားမှာ ၃,၀၀၀ ကျော်ရှိနေပါတယ်။

 

ကမ္ဘာ့မြေမျက်နှာပြင်ကို ဖွဲ့စည်းထားတဲ့ ကျောက်တုံးအပိုင်းအစတွေ ရွေ့လျားတဲ့အချိန် မြေငလျင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

 

တူရကီနိုင်ငံက ကျောက်တုံးကွဲအက်ကြောင်းတွေပေါ်မှာ အဓိကတည်ရှိနေတာကြောင့် ကမ္ဘာပေါ်မှာ ငလျင်ဒဏ်အခံရဆုံးတစ်နေရာထဲမှာ ပါဝင်နေပါတယ်။

 

အခုထုတ်လုပ်လိုက်တဲ့ပုံစံအသစ်က မိုးလေဝသနဲ့ ဇလဗေဒပညာရှင်တွေအတွက် ငလျင်ကြီးတွေကို ခန့်မှန်းရာမှာ အသုံးဝင်လာဖွယ်ရှိမယ်လို့ မျှော်လင့်ထားကြပါတယ်။

 

အမေရိကန်က ဘူမိဗေဒစစ်တမ်းအရ အဓိကငလျင်ကြီးတွေကို ဘယ်တော့မှ မခန့်မှန်းနိုင်သလို အနာဂတ်မှာလည်း မှန်းဆနိုင်မှာမဟုတ်ကြောင်း ဆိုထားပါတယ်။

 

သူတို့ရဲ့အဆိုအရ ငလျင်တစ်ခုဟာ နှစ်ကာလအပိုင်းအခြားတစ်ခုခုမှာ လှုပ်ခတ်မယ်ဆိုတာကိုပဲ ခန့်မှန်းနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။

 

Source: Daily Mail
#Yangon_Media_Group