#World_Politics
Published 6 February 2023

 

ယူကရိန်းဟာ စစ်ပွဲရေးရာအတွက် ရာထူးအပြောင်းအလဲ ပြုလုပ်တဲ့အနေဖြင့် ကာကွယ်ရေးဝန်ကြီး 'အိုလက်ဆီရက်ဇ်နီကော့ဗ်'ရဲ့နေရာမှာ သမ္မတ'ဇယ်လန်စကီ'နဲ့ရင်းနှီးသူ စစ်တပ်ထောက်လှမ်းရေးအေဂျင်စီမှ အကြီးအကဲဖြင့် အစားထိုးသွားမှာဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

 

ရက်ဇ်နီကော့ဗ်ကို အခြားဝန်ကြီးရာထူးနေရာသို့ ပြောင်းရွှေ့မှာဖြစ်ပြီး သူ့နေရာမှာတော့ GUR စစ်တပ်ထောက်လှမ်းရေးအေဂျင်စီမှ အကြီးအကဲ'ကီရီလိုဘူဒါနော့ဗ်'နဲ့ အစားထိုးသွားမှာဖြစ်တယ်လို့ ဥပဒေပြုအမတ်နဲ့ Servant of the People ပါလီမန်အဖွဲ့အကြီးအကဲဖြစ်သူ 'ဒေးဗစ်အာရက်ခမ်မီယာ'က ပြောပြခဲ့ပါတယ်။

 

"စစ်ပွဲကြောင့် အမှုထမ်းရေးရာမူဝါဒပိုင်းမှာ အပြောင်းအလဲပြုလုပ်ရတာ ဖြစ်ပါတယ်" လို့ တယ်လီဂရမ်မှာ ဖော်ပြခဲ့ပါတယ်။

 

ယူကရိန်းကို အနောက်တိုင်းနိုင်ငံရဲ့ သန့်ရှင်းရိုးသားသောအစိုးရအဖွဲ့ စံနှုန်းများအတိုင်း ဆောင်ရွက်ထားရှိရန် ဇယ်လန်စကီက ကတိပြုထားရာ ပြီးခဲ့တဲ့လက အကျင့်ပျက်ခြစားမှုကြောင့် ရာထူးထုတ်ပယ်ခြင်းတွေ နှုတ်ထွက်ခြင်းတွေ ပြုလုပ်ခဲ့ပြီး အခု ရက်ဇ်နီကော့ဗ်ကို ရာထူးပြောင်းလဲခြင်းက အစိုးရအဖွဲ့အတွင်း အကြီးမားဆုံးအပြောင်းအလဲ ဖြစ်လာမှာဖြစ်ပါတယ်။

 

ယူကရိန်းရှိ ကာကွယ်ရေးဝန်ကြီးဌာနလိုမျိုး အဖွဲ့အစည်းကြီးတွေကို ယခုလိုစစ်ပွဲကာလအတွင်း နိုင်ငံရေးသမားတွေ မဦးဆောင်သင့်ဘဲ ကာကွယ်ရေး သို့မဟုတ် လုံခြုံရေးဌာနမှာ အတွေ့အကြုံရှိသူတွေပဲ ဦးဆောင်သင့်တယ်လို့ အာရက်ခမ်မီယာက ဆိုပါတယ်။
ရက်ဇ်နီကော့ဗ်ကို ဗျူဟာမြောက်စက်မှုဝန်ကြီးအဖြစ် ခန့်အပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

 

ရာထူးအပြောင်းအလဲနဲ့ ပတ်သက်ပြီး ရက်ဇ်နီကော့ဗ်က အဆိုပါအပြောင်းအလဲပြုလုပ်ဖို့ ဆုံးဖြတ်ချက်က ဇယ်လန်စကီနဲ့သာ သက်ဆိုင်ကြောင်း ယူကရိန်းFakty ICTV အွန်လိုင်းမီဒီယာကို ပြောကြားခဲ့ပါတယ်။

 

"ထိုရာထူးနေရာအတွက် ကျွန်တော့်မှာ ကျွမ်းကျင်မှုမရှိတာကြောင့် ဒီလိုကမ်းလှမ်းမှုမျိုး ရုတ်တရက်ရလာခဲ့ရင် ငြင်းပယ်သွားမှာပါ" လို့ ဆိုခဲ့ပါတယ်။

 

ရက်ဇ်နီကော့ဗ်ဟာ ရုရှားတို့မကျူးကျော်ခင် လပိုင်းအလို ၂၀၂၁ နိုဝင်ဘာလကမှ ကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့ပြီး ရှေ့နေဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ရာထူး‌အပြောင်းအလဲကို ဘယ်အချိန်မှာ တရားဝင်ကြေညာမလဲဆိုတာကိုတော့ အာရက်ခမ်မီယာက မပြောပြသွားပါဘူး။

 

ယခုလအတွင်း ရုရှားဘက်က အဓိကထိုးစစ်ဆင်မှုကြီးတစ်ရပ် ပြုလုပ်ဖို့စီစဉ်လျက်ရှိရာ ယူကရိန်းတို့ စိုးရွံ့နေရတဲ့ကာလနဲ့ တိုက်ဆိုင်နေပါတယ်။

 

ယူကရိန်းဘက်ကလည်း တန်ပြန်ထိုးစစ်ဆင်ဖို့ စီစဉ်နေကြပေမယ့် အနောက်နိုင်ငံတွေထံမှ တင့်ကားတွေနဲ့ လက်နက်အကူအညီများကို စောင့်ဆိုင်းနေရပါတယ်။

 

Source: Reuters
#Yangon_Media_Group