#World_Military
Published 1 February 2023

ယူကရိန်းအတွက် ပထမဆုံးအနေဖြင့် တာဝေးပစ်ဒုံးကျည်များအပါအဝင် အခြားလက်နက်ခဲယမ်းများပါဝင်မယ့် ဒေါ်လာ ၂ ဘီလီယံကျော်တန်ကြေးရှိ စစ်ရေးအကူအညီကို အမေရိကန်က အသင့်ပြင်ဆင်နေကြောင်း အမေရိကန်အရာရှိနှစ်ဦးက အင်္ဂါနေ့မှာ ရိုက်တာသတင်းဌာနကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

အဆိုပါအကူအညီကိစ္စကို ယခုရက်သတ္တပတ်အတွင်း အတတ်နိုင်ဆုံးထုတ်ပြန်ကြေညာနိုင်ရန် မျှော်လင့်ထားကြောင်းဆိုပါတယ်။

 

ဒီအထောက်အပံ့ထဲမှာ Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်အတွက် ပံ့ပိုးရေးပစ္စည်းများ၊ တိကျနှုန်းမြင့်ခဲယမ်းများ၊ Javelin တင့်ကားဖျက်လက်နက်များ ပါဝင်ရန်လည်း မျှော်လင့်ထားပါတယ်။

 

ဒေါ်လာ ၁.၇၅ ဘီလီယံခန့်တန်ကြေးရှိတဲ့ အကူအညီတွေက ယူကရိန်းလုံခြုံရေးအထောက်အကူပြုအစီအစဉ်(USAI)လို့ ခေါ်တဲ့ ရန်ပုံငွေကနေ ရယူမှာဖြစ်တယ်လို့ သိရပါတယ်။

 

ဒီအစီအစဉ်အရ အမေရိကန်အစိုးရအဖွဲ့ဟာ အမေရိကန်လက်နက်တိုက်မှ ယူမယ့်အစား စက်ရုံကလက်နက်တွေ ယူဆောင်ခွင့်ရှိနေပါတယ်။

 

အကွာအဝေး ၉၄ မိုင်အထိရောက်နိုင်တဲ့ ဘိုးအင်းကုမ္ပဏီထုတ် GLSDB ဗုံး လက်နက်အသစ်တွေကို USAI ရန်ပုံငွေထဲကနေ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

 

GLSDB ဗုံးဟာ ယူကရိန်းအတွက် လက်လှမ်းမမီတဲ့နေရာတွေကိုပါ ရောက်ရှိနိုင်ပြီး ရုရှားနောက်တန်းအထိရောက်အောင် ပစ်ခတ်နိုင်ပြီး တန်ပြန်တိုက်ခိုက်ရာမှာ ဆက်လက်တွန်းအားပေးနိုင်မှာဖြစ်ပါတယ်။

 

နိုဝင်ဘာလက ဘိုးအင်းကုမ္ပဏီဟာ ယူကရိန်းအတွက် GLSDB ထောက်ပံ့ပေးဖို့ ကမ်းလှမ်းခဲ့ကြောင်း ရိုက်တာက ဦးစွာတင်ပြခဲ့ကာ နွေဦးကာလမှာ ရောက်နိုင်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

 

GLSDB ဗုံးကို SAAB AB နဲ့ ဘိုးအင်းတို့က ပူးပေါင်းထုတ်လုပ်တာဖြစ်ပါတယ်။

 

အမေရိကန်ပစ္စည်းတွေထဲက GBU-39 ဗုံးနဲ့ M26 ဒုံးကျည်မော်တာတို့ကို ပေါင်းစပ်ထားတာပါ။

 

GLSDB ဗုံးက GPS လမ်းညွှန်ပါဝင်ပြီး စက်ပစ္စည်းချို့ယွင်းခြင်းများ၊ ရာသီဥတုအခြေအနေများမှာလည်း အသုံးပြုနိုင်ကာ သံချပ်ကာယာဉ်တွေကို ပစ်ခတ်နိုင်ပါတယ်။

 

ဒုံးကျည်ထိပ်ဖူး GBU-39 က လေယာဉ်ပေါ်က ပစ်ချတဲ့အခါ ကီလိုမီတာ ၁၀၀ ကျော်အထိရောက်ရှိနိုင်ပြီး ၃ ပေအချင်းရှိပစ်မှတ်ကို ထိခိုက်အောင် ပစ်ခတ်နိုင်ပါတယ်။

 

ဒါ့အပြင် ကွင်းဆင်းဆေးရုံး ၃ ခုစာအတွက် လုံလောက်တဲ့ ဆေးပစ္စည်းတွေကိုလည်း နောက်ထပ်မဟာမိတ်တစ်နိုင်ငံက လှူဒါန်းထားပါတယ်။
အကူအညီပါဝင်မှုက သမ္မတလက်မှတ် မရေးထိုးခင်အထိ ပြောင်းလဲနိုင်ပါသေးတယ်။

 

၂၀၂၂ ဖေဖော်ဝါရီလ ရုရှားကျူးကျော်စဉ်ကတည်းက အမေရိကန်ဟာ ယူကရိန်းအတွက် ဒေါ်လာ ၂၇.၂ ဘီလီယံတန်ကြေးရှိ လုံခြုံရေးအကူအညီတွေ ထောက်ပံ့ပေးထားပြီးဖြစ်ပါတယ်။

 

Source: Reuters
#Yangon_Media_Group