#World_Military
Published 2 November 2022

 

မြောက်ကိုရီးယားဘက်က ဗုဒ္ဓဟူးနေ့မှာ ဒုံးကျည် ၁၀ စင်းကျော်ကို ကိုရီးယားအရှေ့ဘက်နဲ့ အနောက်ဘက်ကမ်းရိုးတန်းများသို့ ပစ်လွှတ်ခဲ့တာကြောင့် ကျွန်းတစ်ခုမှာ လေကြောင်းအန္တရာယ်ဥဩဆွဲသတိပေးခဲ့ရကြောင်း တောင်ကိုရီးယားက ပြောကြားလိုက်ပါတယ်။

 

တောင်ကိုရီးယားစစ်တပ်ရဲ့ပြောကြားချက်အရ မြောက်ကိုရီးယားက ပစ်လိုက်တဲ့ အမျိုးမျိုးသော ဒုံးကျည်တွေဟာ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်နဲ့ အနောက်ဘက်ကမ်းရိုးတန်းများသို့ ပျံသန်းသွားခဲ့ကြောင်း သိရှိရပြီး နောက်ထပ်အသေးစိတ်ကိုတော့ မပြောသွားခဲ့ပါဘူး။

 

အစောပိုင်းကကြေညာချက်ထဲမှာ မြောက်ကိုရီးယားဘက်က တာတိုပစ်ဒုံးကျည် ၃ စင်းပစ်လွှတ်တာကို ဖော်ပြခဲ့ပါတယ်။

 

ဒုံးကျည်တစ်စင်းက တောင်ကိုရီးယားပင်လယ်နယ်နိမိတ်အနီးသို့ ကျရောက်ခဲ့ကာ အရှေ့ဘက်ကျွန်းတစ်ခုမှာ လေကြောင်းအန္တရာယ်ဥဩဆွဲခဲ့ကာ သတိပေးချက် ထုတ်ပြန်ခဲ့ရပြီး နှစ်နိုင်ငံကြား ရန်လိုမှုတွေ တိုးပွားလာပါတယ်။

 

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ စစ်ရေးပူးပေါင်းဆောင်ရွက်နေခြင်းနဲ့ ပတ်သက်ပြီး အကြီးမားဆုံးပေးဆပ်ရလိမ့်မယ်လို့ မြောက်ကိုရီးယားက နျူကလီးယားလက်နက်များဖြင့် ခြိမ်းခြောက်မှုထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ အခုလိုပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

 

ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ဝမ်ဆန်အရှေ့ဘက်ကမ်းရိုးတန်းကနေ မြောက်ကိုရီးယားတို့ ဒုံးကျည်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်က ထုတ်ပြန်ကြေညာထားပါတယ်။

 

ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဆိုရင် ကိုရီးယားအရှေ့ဘက်ပင်လယ်နယ်နိမိတ်ရဲ့တောင်ဘက် ၂၆ ကီလိုမီတာအကွာအဝေးနဲ့ တောင်ကိုရီးယားအနောက်မြောက်ဘက်ကျွန်းမှ ၁၆၇ ကီလိုမီတာကွာဝေးတဲ့ နိုင်ငံတကာရေပိုင်နက်ထဲသို့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

 

ပူးတွဲစစ်ဦးစီးချုပ်က တောင်ကိုရီးယားအနေနဲ့ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကိုသည်းခံနေမှာမဟုတ်ဘဲ အမေရိကန်နဲ့အနီးကပ်ပူးပေါင်းကာ ပြင်းပြင်းထန်ထန်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

မြောက်ကိုရီးယားအပေါ် စောင့်ကြည့်မှုအခြေအနေကိုလည်း ထပ်မံတိုးမြှင့်သွားမှာဖြစ်ပါတယ်။

 

လတ်တလောများအတွင်း ကိုရီးယားကျွန်းဆွယ်နားမှာ ရန်စတဲ့လုပ်ရပ်တွေများပြားလာကာ မြောက်ကိုရီးယားဘက်က နျူကလီးယားတပ်ဆင်ဒုံးကျည်များ ဆက်တိုက်ဆိုသလို စမ်းသပ်ပစ်လွှတ်လာပြီး နျူကလီးယားလက်နက်အသုံးပြုခွင့်အတွက် ဥပဒေကို ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

 

အမေရိကန်နဲ့ တောင်ကိုရီးယားတပ်တွေရှေ့မှာ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်အသုံးပြုသွားဖွယ်မရှိဘူးလို့ ကျွမ်းကျင်သူအချို့က သုံးသပ်ထားပါတယ်။

 

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်တာတွေဟာ ကျူးကျော်မှုပြုလုပ်ဖို့ လေ့ကျင့်နေတာဖြစ်မယ်လို့ မြောက်ကိုရီးယားကရှုမြင်နေတာကြောင့် ဒုံးကျည်စမ်းသပ်နေတာဖြစ်ကြောင်း ရှင်းလင်းလိုက်ပါတယ်။

 

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်အသုံးပြုတာဟာ ကိုယ့်ကိုယ်ကိုပျက်စီးရာကို ဖန်တီးတာပဲဖြစ်မယ်လို့ တောင်ကိုရီးယားက သတိပေးလိုက်ပါတယ်။

 

မြောက်ကိုရီးယားဘက်ကလည်း အမေရိကန်နဲ့ တောင်ကိုရီးယားအနေနဲ့ မြောက်ကိုရီးယားကိုတိုက်ခိုက်ရင် မြောက်ကိုရီးယားနျူကလီးယားတပ်များကလည်း ချက်ချင်းတုံ့ပြန်မှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

 

Source: AP News
#Yangon_Media_Group