#World_Crime
Published 15 October 2022

 

အမေရိကန်ပြည်ထောင်စု ရာလေမြို့အတွင်း အသက် ၁၅ နှစ်အရွယ်ယောက်ျားလေးတစ်ယောက် သေနတ်ပစ်ခတ်ခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ၂ ယောက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။


ကြာသပတေးနေ့ညနေပိုင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နာရီပိုင်းအကြာမှာ တရားခံကောင်လေးကို ဖမ်းမိခဲ့ကြောင်း ရာလေရဲချုပ်'အက်စ်တဲလာပတ်တာဆန်'က ပြောပြပါတယ်။

 

အဖမ်းခံရပြီးနောက် ယောက်ျားလေးက အရေးပေါ်အခြေအနေဖြစ်ခဲ့ကာ ဆေးရုံတင်ခဲ့ရပေမယ့် ဘယ်လိုဒဏ်ရာရခဲ့လဲဆိုတာတော့ အာဏာပိုင်များ မပြောသွားခဲ့ပါဘူး။

 

ဒါ့အပြင် အခုလိုပစ်ခတ်ရတဲ့ အကြောင်းအရင်းကိုလည်း မဆုံးဖြတ်ရသေးပါဘူး။

 

အပစ်ခတ်ခံရတဲ့ သူတွေမှာ လူမျိုးပေါင်းစုံဖြစ်ပြီး အသက် ၁၆ နှစ်မှ ၅၀ ဝန်းကျင်အထိ ပါဝင်ပါတယ်။

 

နစ်နာသူမိသားစုဝင်များနဲ့ သူငယ်ချင်းများရဲ့ပြောကြားချက်အရ အပစ်ခံရသူတွေမှာ တစ်နေ့တာပုံမှန်လှုပ်ရှားမှုများ ပြုလုပ်နေစဉ် အပစ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

 

တာဝန်ကျရာနေရာသို့ သွားနေတဲ့ရဲအရာရှိတစ်ဦး၊ အိမ်နီးချင်းနဲ့ စကားပြောနေတဲ့ အမျိုးသမီးတစ်ဦး၊ ခွေးကျောင်းနေတဲ့ အမျိုးသမီးတစ်ဦး၊ လေ့ကျင့်ခန်းလုပ်သူတစ်ဦးတို့ သေဆုံးခဲ့တာဖြစ်ပါတယ်။

 

ဒီဖြစ်ရပ်က ဒေါသထွက်စရာကောင်းသလို ကြေကွဲစရာလည်းကောင်းကြောင်း အုပ်ချုပ်ရေးမှူး'ရွိုင်းကူးပါး'က ဆိုပါတယ်။

 

လူနေထိုင်မှု ပတ်ဝန်းကျင်အတွင်း ဘယ်သူကမှ ဒီလိုထိတ်လန့်မှုမျိုး မကြုံတွေ့သင့်ပါဘူးလို့ ပြောပြပါတယ်။

 

ကြာသပတေးနေ့ညနေ ၅ နာရီဝန်းကျင်မှာ ရာလေမြို့အရှေ့မြောက်ဘက်အနီး သေနတ်ပစ်ခတ်မှုဖြစ်ပွားကာ ဆယ်ကျော်သက်ယောက်ျားလေးက အနီးနားလျှောက်လမ်းကနေ ထွက်ပြေးသွားခဲ့ပြီး ဆက်လက်ပစ်ခတ်နေခဲ့တယ်လို့ မြို့တော်ဝန်'မယ်ရီအန်းဘောလ်ဝင်း'က ပြောပြခဲ့ပါတယ်။

 

ရဲတွေက ချက်ချင်းအတည်မပြုနိုင်သေးခင်မှာ ဆယ်ကျော်သက်က အခင်းဖြစ်ပွားရာနေရာကနေ ၂ မိုင်ဝေးတဲ့အထိ နာရီအချို့ကြာအောင် ရှောင်တိမ်းနေခဲ့ပြီး နောက်ဆုံးအိမ်တစ်အိမ်မှာ ချောင်ပိတ်မိပြီးတော့ အဖမ်းခံခဲ့ရပါတယ်။

 

သမ္မတ'ဂျိုးဘိုင်ဒင်'နဲ့ သမ္မတကတော်'ဂျေးလ်ဘိုင်ဒင်'တို့ သောကြာနေ့ကထုတ်ပြန်ရာမှာ နစ်နာသူမိသားစုဝင်များနဲ့အတူ ဝမ်းနည်းပူဆွေးမိကြောင်း၊ မြို့တော်ဝန်နဲ့ပူးပေါင်းကာ စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

 

တရားဥပဒေရှေ့နေများက အသက် ၁၆ နှစ်အရွယ်တရားခံ'သွမ်ဆန်'ကို အရွယ်ရောက်ပြီး တစ်ဦးအနေနဲ့ အမှုစွဲသွားမှာ ဖြစ်ပါတယ်။

 

ယခုပစ်ခတ်မှုဟာ ၂၀၂၂ ခုနှစ်အတွင်း ၂၅ ကြိမ်မြောက်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။

#Source: AP News
#Yangon_Media_Group