#Ukraine_Crisis
Published 11 October 2022

 

ရုရှားက ယူကရိန်းမြို့တော်ကိဗ်နဲ့ အခြားမြို့များကို တိုက်ခိုက်ခဲ့ပြီးနောက်ယခုကဲ့သို့ ရုရှားရဲ့တိုက်ခိုက်မှုတွေကို ခံနေရတဲ့ယူကရိန်းအတွက် လိုအပ်သမျှကာလပတ်လုံး ထောက်ပံ့ကူညီသွားမယ်လို့ ကတိပြုကြောင်း အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'ကို ဖုန်းခေါ်ဆိုပြောကြားခဲ့ပါတယ်။


ရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှုအပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းသမ္မတ ဇယ်လန်စကီးကို ဖုန်းဆယ်သွယ်ပြောဆို ကတိပေးခဲ့တာဖြစ်ပါတယ်။

 

ရုရှားစစ်တပ်က ယူကရိန်းဘက်သို့ ပဲ့ထိန်းဒုံးကျည် ၈၄ စင်းထက်မနည်း ပစ်ခတ်ခဲ့ရာ အနည်းဆုံးလူ ၁၀ ဦးသေဆုံးခဲ့ပြီး အဆောက်အအုံအများအပြား ပျက်စီးခဲ့ကာ မြို့တော်ရှိ ကစားကွင်းတစ်ခုဘေးမှာ ပေါက်ကွဲအရာကြီးကျန်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

 

"ယနေ့ ကိဗ်မြို့တော်အပါအဝင် ယူကရိန်းနိုင်ငံတလျှောက်ကို ရုရှားတို့ ဒုံးကျည်များဖြင့် ပစ်ခတ်မှုအား အမေရိကန်ပြည်ထောင်စုက အပြင်းအထန်ရှုတ်ချပါတယ်" လို့ 'ဘိုင်ဒင်'က ထုတ်ပြန်လိုက်ပါတယ်။

 

"သူတို့က စစ်ရေးရည်ရွယ်ချက်မပါဘဲနဲ့ ပစ်မှတ်တွေကို ဖျက်ဆီးခဲ့တာဖြစ်ပြီး အရပ်သားများသေဆုံးဒဏ်ရာရရှိခဲ့ကြပါတယ်။ ရုရှားသမ္မတ'ဗလာဒီမာပူတင်'က ယူကရိန်းပြည်သူများအပေါ် တရားမဝင်စစ်ပွဲအတွင်း ရက်စက်ကြမ်းကြုတ်မှုကို ထပ်မံမြင်တွေ့လိုက်ရပါတယ်"
"ဒီလိုတိုက်ခိုက်မှုတွေကြောင့်ပဲ ယူကရိန်းဘက်ကနေ ရပ်တည်ချက်ပိုမိုခိုင်မာလာဦးမှာဖြစ်ပြီး လိုအပ်သမျှကာလပတ်လုံး ထောက်ပံ့ကူညီသွားပါမယ်" လို့ 'ဘိုင်ဒင်'က ဆိုပါတယ်။

 

"ရုရှားရဲ့ရန်လိုမှုအတွက် နောက်ထပ်ပိတ်ဆို့မှုတွေ ပြုလုပ်သွားမှာပါ၊ သူတို့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုများအတွက် 'ပူတင်'နဲ့ရုရှားကိုပဲ တာဝန်ယူခိုင်းမှာပါ၊ ကိုယ့်တိုင်းပြည်နဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ ယူကရိန်းတပ်ဖွဲ့များအတွက်တော့ လိုအပ်တဲ့အကူအညီတွေ ဆက်လက်ထောက်ပံ့သွားမှာပါ"

 

ဒါ့အပြင် အကျိုးအကြောင်းမရှိဘဲ ကျူးကျော်တိုက်ခိုက်နေတာကိုလည်း ချက်ချင်းအဆုံးသတ်ပြီး ယူကရိန်းကနေ ရုရှားတပ်များချက်ချင်းဆုတ်ခွာပေးဖို့ 'ဘိုင်ဒင်'က ရုရှားကိုတောင်းဆိုလိုက်ပါတယ်။

 

ဇယ်လန်စကီဘက်က "ကျုပ်တို့ရဲ့ကာကွယ်ရေးမှာ လေကြောင်းကာကွယ်ရေးက နံပါတ်တစ်ဦးစားပေးပါပဲ၊ G7 ရဲ့ခိုင်မာတဲ့ရပ်တည်ချက်၊ ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်အတွက် ထောက်ခံမှုနဲ့အတူ အမေရိကန်ရဲ့ဦးဆောင်မှုကိုလည်း လိုအပ်ပါတယ်" လို့ ရေးသားခဲ့ပါတယ်။

 

လေကြောင်းကာကွယ်ရေးစနစ်များအပါအဝင် ယူကရိန်းတို့ မိမိဘာသာကာကွယ်နိုင်ရေးအတွက် လိုအပ်တဲ့ထောက်ပံ့မှုများကို ဆက်လက်ပေးအပ်သွားမယ်လို့ 'ဘိုင်ဒင်'က ပြောကြားခဲ့ပြီး ရုရှားအပေါ် နောက်ထပ်ပိတ်ဆို့မှုများပြုလုပ်ရန် မဟာမိတ်များနဲ့ ညှိနှိုင်းဖို့ကို ဖော်ပြခဲ့ကြောင်း အိမ်ဖြူတော်က ဖော်ပြခဲ့ပါတယ်။

 

တနင်္လာနေ့က ရုရှားပဲ့ထိန်းဒုံးကျည် ၈၄ စင်းထဲက ၄၃ စင်း ယူကရိန်းသို့ကျရောက်ခဲ့ပြီး တိုက်ခိုက်ရေးဒရုန်း ၂၄ ခုထဲက ၁၃ ခုကို လိုရာမရောက်ခင် ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

 

ရုရှားဘက်က တံတားပေါက်ကွဲမှုကြောင့် ရထားလမ်းပျက်စီးကာ လူ ၃ ဦးသေဆုံးခဲ့ပြီး ကားလမ်းနှစ်ပိုင်းအနက် တစ်ပိုင်းပြိုကျခဲ့ကြောင်း ရုရှားအာဏာပိုင်များကဆိုပါတယ်။

 

ယူကရိန်းတောင်ပိုင်းမှာ ယူကရိန်းတို့ တန်ပြန်တိုက်ခိုက်လာစဉ်အတွင်း ရုရှားစစ်တပ်အတွက် အဓိကထောက်ပံ့ရေးလမ်းကြောင်းဖြစ်တဲ့ အဆိုပါတံတားအား ဖြိုခွဲခဲ့ခြင်းအတွက် ရုရှားတို့က အကြမ်းဖက်လုပ်ရပ်လို့ သတ်မှတ်ခဲ့ပါတယ်။

 

ယူကရိန်းအတွက် ဘီလီယံဒေါ်လာနဲ့ချီပြီး ကူညီရန် အမေရိကန်လွှတ်တော်က ခွင့်ပြုလိုက်ကာ သမ္မတဟောင်း'ဒေါ်နယ်ထရမ့်'ကလည်း "ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ အမြန်ဆုံးညှိနှိုင်းသင့်ပါပြီ၊ မဟုတ်ရင် တတိယကမ္ဘာစစ်ဖြစ်လာနိုင်ပြီး ကမ္ဘာမှာဘာမှကျန်တော့မှာ မဟုတ်ပါဘူး၊ နျူကလီးယားအကြောင်း ဒီလူတွေဘာမှနားမလည်ပါဘူး" လို့ ပြောကြားလိုက်ပါတယ်။

 

Source: New York Post
#Yangon_Media_Group