#World_Politics
Published 15 August 2022

 

အမေရိကန်လွှတ်တော်အမတ်များကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်ဝမ်ကို တနင်္ဂနွေနေ့က ရောက်ရှိခဲ့ပြီး ထိုင်ဝမ်သမ္မတ'ဆိုင်အင်ဝမ်'နဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

 

ဒါဟာ ထိုင်ဝမ်နဲ့ တရုတ်တို့ကြား စစ်ရေးတင်းမာမှုများရှိနေတဲ့အချိန်မှာ အမေရိကန်ဘက်မှ နောက်ထပ်ထိပ်တန်းပုဂ္ဂိုလ်များက လာရောက်လည်ပတ်တာလည်းဖြစ်ပါတယ်။

 

တရုတ်တို့က ဒီမိုကရက်တစ်အစိုးရအုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို ယင်းတို့ပိုင်ဆိုင်ကြောင်းဆိုနေပြီး ယခုလအစောပိုင်းက အမေရိကန်အောက်လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုစီ' ထိုင်ဝမ်သို့လာရောက်ခဲ့ပြီးနောက် ထိုင်ဝမ်ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြသခဲ့ပါတယ်။

 

တရုတ်က ထိုင်ဝမ်ကျွန်းကို သူတို့ရဲ့အချုပ်အခြာအာဏာပိုင်နယ်မြေအဖြစ် ကြေညာထားပေမယ့် ထိုင်ဝမ်အစိုးရက တရုတ်ရဲ့အဆိုကိုငြင်းဆန်ကာ ထိုင်ဝမ်ပြည်သူများကသာ အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်သင့်ကြောင်း တုံ့ပြန်ပြောကြားထားပါတယ်။

 

ယခုခရီးစဉ်က အင်ဒိုပစိဖိတ်ဒေသခရီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကာ အထက်လွှတ်တော်အမတ်'အက်ဒ်မာကီ'က ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်ပြီး အောက်လွှတ်တော်အမတ် ၄ ဦးလည်း ပါဝင်လာကြောင်း ထိုင်ဝမ်ရှိ အမေရိကန်သံရုံးက ကြေညာခဲ့ပါတယ်။

 

ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတ'ဆိုင်အင်ဝမ်'တို့ တနင်္လာနေ့နံနက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း ထိုင်ဝမ်သမ္မတရုံးတော်က အသိပေးလိုက်ပါတယ်။

 

"ထိုင်ဝမ်ရေလက်ကြားမှာ တရုတ်က စစ်ရေးပြနေပြီး တင်းမာမှုမြင့်တက်နေတဲ့အချိန်မှာ 'မာကီ'ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့လည်ပတ်ခြင်းက အမေရိကန်ကွန်ဂရက်ရဲ့ ထောက်ခံမှု ဘယ်လောက်ခိုင်မာသလဲဆိုတာကို ဖော်ပြရာရောက်ပါတယ်" လို့ ထုတ်ပြန်ထားပါတယ်။

 

'အက်ဒ်မာကီ'က အရှေ့အာရှ၊ ပစိဖိတ်ဆိုင်ရာ အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးနဲ့ နိုင်ငံတကာဆိုက်ဘာလုံခြုံရေးကော်မတီတို့မှာ ဥက္ကဌအဖြစ်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

 

ခရီးစဉ်မှာပါဝင်တဲ့ အခြားသူတွေက နျူကလီးယားလက်နက်ထိန်းချုပ်ရေးလုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်'ဂျွန်ဂါရာမန်ဒီ'နဲ့ ကိုယ်စားလှယ်'ဒွန်ဘေယာ'တို့ ဖြစ်ပါတယ်။

 

အမေရိကန်ရှိ တရုတ်သံရုံးက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ရာမှာ အမေရိကန်ကွန်ဂရက်အဖွဲ့ဝင်တွေအနေနဲ့ တရုတ်မူဝါဒဆိုင်ရာ အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်များနဲ့အညီ လုပ်ဆောင်သင့်ကြောင်း ပြောကြားလိုက်ပါတယ်။

 

ဒါ့အပြင် အခုနောက်ဆုံး ထိုင်ဝမ်ကိုလာရောက်တဲ့ ခရီးစဉ်အရ အမေရိကန်အနေနဲ့ ထိုင်ဝမ်ရေလက်ကြားမှာ အေးချမ်းတည်ငြိမ်ရေးမရှိစေလိုတဲ့သဘောကို ဖော်ပြရာရောက်ပြီး တရုတ်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှက်ကာ နှစ်ဖက်စလုံးကို ထိပ်တိုက်ရင်ဆိုင်ရအောင် ကြိုးပမ်းနေတာဖြစ်ကြောင်း စွပ်စွဲလိုက်ပါတယ်။

 

အိမ်ဖြူတော်လုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လွှတ်တော်အဖွဲ့ဝင်များအနေဖြင့် ထိုင်ဝမ်ကိုသွားရောက်လည်ပတ်လာတာ ဆယ်စုနှစ်တွေအထိရှိနေခဲ့ပြီး နောက်လည်း လည်ပတ်သွားရောက်ခြင်းတွေ ရှိလာဦးမှာဖြစ်ကြောင်း၊ ယခုလိုခရီးစဉ်ကလည်း အမေရိကန်ရဲ့ တရုတ်တစ်တိုင်းပြည်တည်းမူဝါဒနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

 

Source: Reuters
#Yangon_Media_Group