#Ukraine_Crisis
Published 28 July 2022

 

ရုရှားတပ်ဖွဲ့များက ယူကရိန်းရဲ့ဒုတိယအကြီးဆုံး ဓာတ်အားပေးစက်ရုံကို သိမ်းပိုက်လိုက်ပြီး တောင်ပိုင်းဒေသ ၃ နေရာမှာ တပ်အများအပြားပြန်လည်နေရာချထားကြောင်း၊ ယူကရိန်းကလည်း တန်ပြန်တိုက်ခိုက်နိုင်ဖိုမျှော်မှန်းထားကြောင်း ယူကရိန်းသမ္မတအကြံပေးပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

 

ရုရှားကျောထောက်နောက်ခံပြုတပ်ဖွဲ့တွေက ဆိုဗီယက်ခေတ်ကဆောက်လုပ်တဲ့ ကျောက်မီးသွေးသုံး'ဗူဟဲလ်ဟစ်ခ်'ဓာတ်အားပေးစက်ရုံကို အကောင်းပကတိအတိုင်း သိမ်းပိုက်နိုင်ခဲ့ပြီး ဒါဟာသုံးပတ်ကျော်ကာလအတွင်း ရုရှားတို့အတွက် ကြီးမားတဲ့အောင်မြင်မှုဖြစ်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။

 

ယူကရိန်းသမ္မတ အကြံပေးပုဂ္ဂိုလ်'အိုလက်ဆီအာရက်စ်တိုဗစ်ချ်'က ယူကရိန်းအရှေ့ပိုင်း ဒိုနက်စ်ဒေသရှိ ဓာတ်အားပေးစက်ရုံ သိမ်းပိုက်ခံလိုက်ရကြောင်း အတည်ပြုခဲ့ပြီး ဒါဟာရုရှားတို့ အနည်းငယ်အသာစီးရရုံမျှသာဖြစ်ကြောင်း မှတ်ချက်ပြုလိုက်ပါတယ်။

 

ဒါ့အပြင် ရုရှားတို့ဟာ ခုခံစစ်ဗျူဟာကနေ ထိုးစစ်အဖြစ်ပြောင်းလဲလာပုံရပြီး ယူကရိန်းတောင်ပိုင်းရှိ မယ်လီတိုပိုလ်၊ ဇာပိုရစ်ဇ်ဇီယာ၊ ခါဆန်ဒေသတို့မှာ ရုရှားတပ်ဖွဲ့များပြန်လည်နေရာချထားကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

 

စစ်ပွဲအစောပိုင်းကာလအတွင်း ရုရှားတို့ထံပေးလိုက်ရတဲ့ တောင်ပိုင်းမြို့ခါဆန်ကို ယူကရိန်းတို့က ပြန်လည်သိမ်းပိုက်သွားဖို့ အသိပေးပြောကြားထားပါတယ်။

 

ရုရှားက ခါဆန်ဘက်ကိုဦးတည်ပြီး တပ်ဖွဲ့အင်အားအများဆုံးဖြစ်အောင် အာရုံစိုက်လုပ်ဆောင်နေပေမယ့် အတိအကျတော့မသိရသေးကြောင်း ယူကရိန်းနိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီဝန်ကြီး'အိုလက်ဆီဒန်နီလော့ဗ်'က တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။

 

တောင်ပိုင်းမှာရှိတဲ့ ယူကရိန်းတပ်တွေက ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရန်သူရုရှားတပ်ဖွဲ့ဝင် ၆၆ ဦးကိုရှင်းလင်းနိုင်ခဲ့ပြီး တင့်ကား ၃ စီးနဲ့ လက်နက်တိုက် ၂ ခုတို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

 

ရုရှားတပ်တွေကတော့ မိုင်ကိုလိတ်ဗ်မြို့ကို ဒုံးကျည်လောင်ချာများဖြင့်တိုက်ခိုက်ခဲ့ပါတယ်။

 

ခါဆန်မြို့ ဒနီပရိုမြစ်ကိုဖြတ်သန်းတည်ဆောက်ထားတဲ့ တံတားကြီးကိုလည်း ယူကရိန်းတို့တိုက်ခိုက်ခဲ့ကာ သွားလာရေးခက်ခဲအောင်ပြုလုပ်ခဲ့ကြပါတယ်။

 

ရုရှားတပ်များမြစ်ကို ဖြတ်ကူးဖို့အတွက် ဆိပ်ခံတံတားများနဲ့ ကူးတို့ယာဉ်များကို အသုံးပြုနိုင်ကြောင်း ရုရှားအရာရှိများက အစောပိုင်းကပြောကြားခဲ့ပါတယ်။

 

ဒနီပရိုမြစ်ကိုဖြတ်ပြီး အခြားဒေသတွေကိုသွားလာနိုင်မယ့် အန်တိုနစ်စကီတံတားကို ပြန်လည်ဆောက်လုပ်သွားဖို့ သမ္မတ'ဇယ်လန်စကီ'က အသိပေးထားပါတယ်။

 

"ကျွန်တော်တို့ တိုင်းပြည်အတွင်း ကျူးကျော်လာတဲ့ တပ်တွေအနေနဲ့ ဘာအခွင့်အရေးမှ မရအောင် သေချာပြင်ဆင်ထားဖို့ လိုပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group