Published 15 July 2022

 အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ပထမဇနီးနှင့် အကြီးဆုံးသားးသမီး (၃)ဦးရဲ့မိခင်  အိုင်ဗန်နာ ထရမ့်ဟာ အသက် ၇၃နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ရှာပြီဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ကြေညာပါတယ်။ အိုင်ဗန်နာထရမ့်ဟာ  ထရမ့် မျှော်စင် အပါအဝင် သူ့ရဲ့ ပင်ကိုယ်အမှတ်တံဆိပ်အဆောက်အဦတွေ တည်ဆောက်ရာမှာ ကူညီပေးခဲ့သူလည်းဖြစ်ပါတယ်။

“ သူမကိုချစ်ခင်ကြသူတွေ တော်တော်များများကို ကျွန်တော့်အနှေင့် ဝမ်းနည်းကြေကွဲစွာ ကြေညာပါတယ်။ အိုင်ဗန်နာ ထရမ့်ဟာ သူမရဲ့ နယူးယောက်စီးတီးအိမ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်” လို့ ထရမ့်က သူ့ရဲ့ Truth Social ကနေ ပို့စ်တင်ပြီး ကြေညာခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ၁၉၇၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၁၉၉၂ မှာ ကွာရှင်းခဲ့ကြပါတယ်။ သူတို့မှာ ဒေါ်နယ်ထရမ့် ဂျူနီယာ၊ အိုင်ဗန်ကာနှင့် အီရစ်ဆိုတဲ့ သားသမီးသုံးဦးထွန်းကားခဲ့ကြပါတယ်။

“အိုင်ဗန်နာထရမ့်ဟာ ဘေးအန္တရာယ်က လွတ်မြောက်ကျော်လွှားနိုင်ခဲ့သူပါ။ သူမဟာ ကွန်မြူနစ်ဝါဒကနေ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။အဲဒီနိုင်ငံကို သူပွေ့ဖက်ချစ်ခင်တယ်။သူ့ရဲ့ကလေးတွေကို စိတ်ဓာတ်ကြံ့ခိုင် မာကျောပြီး စိတ်ပိုင်းပြတ်သူတွေဖြစ်အောင် သူမက သင်ပေးခဲ့တယ်” လို့ထရမ့်မိသားစုရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။အိုင်ဗန်နာထရမ့်ဟာ ကွန်မြူနစ်တွေအုပ်ချုပ်တဲ့ ချက်ကိုစလိုဗေးကီးယားနိုင်ငံမှာကြီးပြင်းလာခဲ့သူပါ။

သမ္မတဟောင်းရဲ့ကြေညာချက်နှင့် မိသားစုကြေညာချက် နှစ်ခုစလုံးမှာ သေဆုံးရတဲ့ အကြောင်းရင်းကို ဖော်ပြမထားပါဘူး။ ဒါပေမယ့် သူမရဲ့ အိမ်ခန်းထဲက လှေကားပေါ်မှာ သူသေနေတာတွေ့ရပြီး ပြစ်မှုတစ်ခုခုလို့ သံသယဖြစ်စရာတော့ မရှိဘူးလို့ ရဲတစ်ဦးကပြောပါတယ်။

နယူးယောက်တိုင်းမ်ကတော့ သူမဟာ မတော်တဆ လှေကားပေါ်က ပြုတ်ကျခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ အမည်မဖော်လိုသူ ရဲအရာရှိတွေရဲ့စကားကို ကိုးကားပြီး ရေးသားပါတယ်။

သူမဟာ နှလုံးရပ်သွားတာကို ဖုန်းရလို့ ဆေးအကူအညီပေးတဲ့ အဖွဲ့ သွားရောက်ခဲ့ရတယ်လို့ နယူးယောက်မီးသတ်ဌာနက ပြောပါတယ်။

သူမဟာ ၁၉၄၉ခုနှစ် ဖေဖော်ဝါရီ ၂၀ရက်မှာ အိုင်ဗန်နာမာရီဇီနစ်ကိုဗာ အဖြစ် ချက်ကိုစလိုဗေးကီးယားနိုင်ငံ ဂေါ့ဝါဒေါ့ဗ်မြို့ မှာမွေးဖွားခဲ့ပါတယ်။

သူမရဲ့ လူငယ်ဘဝမှာ ချက်ကိုစလိုဗေးကီးယားရဲ့ နိုင်ငံအဆင့် နှင်းလျောစီးပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူမ မဟာဘွဲ့ရခဲ့တဲ့ ပရပ်မြို့တော်က ချားလ်တက္ကသိုလ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ကျောင်းပြီးတဲ့နောက် သူမဟာ နာမည်ကြီးနှင်းလျောစီးသမား ဂျော့ ဆိုင်ရိုဗက်ကာနှင့် မေတ္တာမျှပြီး ကနေဒါရောက်သွားပါတယ်။ အဲဒီနောက် မွန်ထရီယယ်က အော်ဒရေးမောရစ် မော်ဒယ်လ်အေဂျင်စီမှာ မော်ဒယ်လ်လုပ်ပါတယ်။

သူမဟာ ၁၉၇၆ခုနှစ်မှာ မော်ဒယ်လုပ်ငန်းနှင့် နယူးယောက် ရောက်ခဲ့စဉ် ဒေါ်နယ်ထရမ့်နှင့်တွေ့ခဲ့ကြပြီးနောက် ကိုးလအကြာမှာ သူတို့လက်ထပ်ခဲ့ကြပါတယ်။

သူမဟာ ဒေါ်နယ်ထရမ့်အပြင် သုံးကြိမ် အိမ်ထောင်ပြုခဲ့ပါတယ်။ တစ်ခုက ထရမ့်နှင့် မတွေ့ခင်ဖြစ်ပြီး သူမက အဲဒါကို ဩစတြီးယား ပတ်စ်ပို့လိုချင်လို့  စစ်အေးကာလလက်ထပ်မှုလို့ပြောပါတယ်။ နောက်ထပ် လက်ထပ်ခဲ့တဲ့နှစ်ခုကလည်း ကွာရှင်ပြတ်စဲမှုနှင့်ပဲ အဆုံးသတ်ခဲ့ပါတယ်။

#Source AFP

#Ivana_Trump_died

#Donald_Trump

#အိုင်ဗန်နာထရမ့်ကွယ်လွန်