#WorldMilitary
Published 30 June 2022

 

ယူကရိန်းကျူးကျော်ခဲ့တဲ့ ရုရှားနိုင်ငံဟာ အနောက်နိုင်ငံရဲ့လုံခြုံရေးကိုပါ အကြီးမားဆုံးခြိမ်းခြောက်လာကြောင်း နေတိုး(NATO)အဖွဲ့က ဗုဒ္ဓဟူးနေ့က သတ်မှတ်လိုက်ပါတယ်။

 

ရုရှားတပ်တွေဝိုင်းရံခံထားရတဲ့ ယူကရိန်းတပ်များကို ခေတ်မီလက်နက်များတပ်ဆင်ပေးဖို့ အစီအစဉ်များကို သဘောတူညီလိုက်ကာ တိုင်းပြည်ကိုရွပ်ရွပ်ချွံချွံခုခံနေတဲ့ ယူကရိန်းတွေဘက်က မားမားမတ်မတ်ရပ်တည်ကြောင်း ကြေညာလိုက်ပါတယ်။

 

ကျူးကျော်မှုဖြစ်ပွားခြင်းနဲ့ စစ်ပွဲပြဿနာများနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ထိပ်သီးအစည်းအဝေးပွဲမှာ နေတိုးက ဆွီဒင်နဲ့ဖင်လန်နိုင်ငံတို့ကိုပါ ဖိတ်ခေါ်ခဲ့ပြီး ဥရောပအရှေ့ခြမ်းမှာ ကြုံတွေ့ရနိုင်တဲ့ ရုရှားရန်ကိုကာကွယ်နိုင်ရန်အတွက် ၂၀၂၃ ခုနှစ်ကစပြီး စစ်ရေးအင်အား ၇ ဆမြှင့်တင်ဖို့ ကတိပြုခဲ့ပါတယ်။

 

ဆွီဒင်နဲ့ဖင်လန်တို့ အမေရိကန်ဦးဆောင်တဲ့မဟာမိတ်အဖွဲ့ထဲဝင်ပြီး နိုင်ငံအတွင်း နေတိုးအခြေခံအဆောက်အအုံများကို ဆောက်လုပ်မယ်ဆိုရင်တောင် အဆိုပါနိုင်ငံများနဲ့ရင်းနှီးစွာ ဆက်လက်ဆက်ဆံသွားမှာဖြစ်ကြောင်း ရုရှားသမ္မတ’ဗလာဒီမီယာပူတင်’က တုန့်ပြန်လိုက်ပါတယ်။

 

ဆွီဒင်နဲ့ဖင်လန်တို့ နေတိုးအဖွဲ့ထဲဝင်မယ်ဆိုရင် ရုရှားနဲ့ဆက်ဆံရေးတင်းမာမှု မမြင့်လာအောင် ထိန်းသိမ်းသွားမယ်လို့ ‘ပူတင်’ရဲ့ပြောကြားချက်ကို ရုရှားသတင်းဌာနကဖော်ပြခဲ့ပါတယ်။

 

ဥရောပအနောက်ဘက် စပိန်ကစလို့ ယူကရိန်းနဲ့ထိစပ်နေတဲ့ ရိုမေးနီးယားနဲ့ပိုလန်တို့အထိ ဥရောပတလျှောက်မှာ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတပ်ဖြန့်ထားခြင်းများပြုလုပ်ဖို့ အမေရိကန်သမ္မတ’ဂျိုးဘိုင်ဒန်’က ကြေညာခဲ့ပါတယ်။

 

ပိုလန်နိုင်ငံမှာ တပ်ရင်းတစ်ရင်းနဲ့ အခြေစိုက်စစ်ဌာနချုပ်ထားရှိသွားမှာဖြစ်ပြီး နေတိုးအရှေ့ဘက်ပိုင်းမှာ အမေရိကန်က ပထမဆုံးအနေနဲ့ အမြဲတမ်းတပ်ဖွဲ့နေရာချခြင်းဖြစ်လာပါလိမ့်မယ်။

 

ယူကရိန်းကို ရုရှားကျူးကျော်လိုက်ခြင်းက ဥရောပငြိမ်းချမ်းရေးကို ပျက်စီးစေပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပလုံခြုံရေးကိုအကြီးမားဆုံးခြိမ်းခြောက်လာတာဖြစ်ကြောင်း၊ နေတိုးက စည်းစည်းလုံးလုံးအင်ပြည့် အားပြည့်တုန့်ပြန်ထားကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ်’ယန်းစ်စတိုလ်တန်ဘာ့ဂ်’က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လေကြောင်းကာကွယ်ရေးလက်နက်များ၊ လေကြောင်းယာဉ်များ၊ အီလက်ထရောနစ်စစ်ရေး ကိရိယာများအပါအဝင် ၁ ဘီလီယံပေါင်တန်ဖိုးရှိတဲ့ စစ်ရေးထောက်ပံ့မှုများကို ယူကရိန်းအတွက်ကူညီသွားမယ်လို့ ဗြိတိန်ကကြေညာထားပါတယ်။

 

Source: Reuters
#Yangon_Media_Group