#WorldNews
Published 5June 2022

 

မြေငလျင်ဒဏ်ကြောင့် ပိတ်မိနေသူများကို ကယ်ဆယ်နိုင်ရန်အတွက် သိပ္ပံပညာရှင်များက သူတို့လေ့ကျင့်ပေးထားတဲ့ ကြွက်များကို မိုက်ခရိုဖုန်းတပ်ဆင်ထားတဲ့ ကျောပိုးအိတ်သေးသေးလေးပတ်ပေးထားပါတယ်။

 

ဒါမှ ကယ်ဆယ်ရေးအဖွဲ့တွေက ပိတ်မိသူများနဲ့ မိုက်ခရိုဖုန်းကတဆင့် ဆက်သွယ်ပြောဆိုနိုင်မှာဖြစ်ပါတယ်။

 

အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်း APOPO အတွက် တန်ဇန်နီယာ မော်ရိုဂိုရိုမှ ာအလုပ်လုပ်နေတဲ့ အသက် ၃၃ နှစ်ရှိ သုတေသနသိပ္ပံပညာရှင်ဒေါက်တာ'ဒွန်နာကင်း'က ကြွက်သူရဲကောင်းများဆိုတဲ့ အစီအစဉ်ကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

 

ကြွက်လေးတွေ အံဝင်ခွင်ကျသယ်ဆောင်နိုင်တဲ့ ကျောပိုးအိတ်ထဲမှာ မိုက်ခရိုဖုန်း၊ ဗီဒီယိုပစ္စည်းကိရိယာနဲ့ တည်နေရာစောင့်ကြည့်ရေးပစ္စည်းများပါဝင်ပြီး လက်တွေ့ငလျင်လှုပ်ခတ်မှုတွေကျရင် ပိတ်မိနေသူတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်အောင် ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

 

လက်ရှိမှာတော့ တကယ့်ငလျင်အပျက်အစီးနဲ့တူအောင် ပုံတူခင်းကျင်းပြုလုပ်ပြီး ကြွက်များကိုကယ်ဆယ်ရေး လှုပ်ရှားမှုများဖြင့် လေ့ကျင့်ပေးနေပါတယ်။

 

"ကြွက်တွေက နေရာကြိုကြားတွေကနေဖြတ်ပြီး ပိတ်မိနေတဲ့သူတွေဆီသွားရောက်နိုင်ပါတယ်၊ တကယ့်လက်တွေ့တော့ မလုပ်ရသေးပေမယ့် ငလျင်အပျက်အစီးပုံစံတူတစ်ခုပြုလုပ်ထားပါတယ်၊ ကျောပိုးအိတ်အသစ်တွေရတဲ့အခါ ကျွန်မတို့တည်ရှိရာနေရာကနေ အပျက်အစီးတွေကြားထဲက ကြွက်ရောက်ရှိတဲ့နေရာကို ကြားသိရမှာပါ၊ ကြွက်ရဲ့မိုက်ခရိုဖုန်းကနေ ပိတ်မိနေသူတွေနဲ့ဆက်သွယ်နိုင်မှာပါ" လို့ 'ကင်း'ကပြောပြပါတယ်။

 

အခုလက်ရှိ ကြွက် ၇ ကောင်ကိုလေ့ကျင့်ထားပြီဖြစ်ပြီး မကြာခင်မှာ တကယ်လက်တွေ့ကယ်ဆယ်ရေးလုပ်ဆောင်ရနိုင်တဲ့ တူရကီကိုပို့ဆောင်သွားမှာဖြစ်ပါတယ်။

 

တူရကီနိုင်ငံဟာ မကြာခဏငလျင်လှုပ်ခတ်လေ့ရှိပြီး GAE ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကြွက်တွေနဲ့စမ်းသပ်လုပ်ဆောင်ဖို့ သဘောတူထားပါတယ်။

 

သူတို့ရဲ့လေ့ကျင့်မှုကိုတိုးချဲ့လျက်ရှိပြီး ဒီထက်ပိုမိုရှုပ်ထွေးခက်ခဲတဲ့အလုပ်များ လုပ်နိုင်အောင် လေ့ကျင့်ပေးနေပါတယ်။

 

ကြွက်တွေက မြေမြှုပ်မိုင်းရှာဖွေခြင်း၊ တီဘီရောဂါရှာဖွေခြင်း၊ တိရိစ္ဆာန်များတွင်ဖြစ်တတ်သည့် ဘရူဆယ်လိုဆစ်ကူးစက်ရောဂါရှာဖွေခြင်းတို့မှာလည်း ကူညီနိုင်မယ်လို့ သုတေသီများကယုံကြည်နေပါတယ်။

 

မြေမြှုပ်မိုင်းမပေါက်ကွဲနိုင်လောက်အောင် ကြွက်တွေကပေါ့ပါးသွက်လက်ကြပါတယ်။

ကြွက်တွေက မသန့်ရှင်းတဲ့သတ္တဝါတွေဖြစ်တယ်ဆိုတဲ့ ယူဆချက်အလွဲများရှိနေပြီး အသက်တွေကယ်ဆယ်ပေးနိုင်အောင် လျင်မြန်စွာလေ့ကျင့်ပေးနိုင်တယ်လို့ 'ကင်း'ကဆိုပါတယ်။

 

"သူတို့က အလွန်သွက်လက်လျင်မြန်ပါတယ်၊ ပတ်ဝန်းကျင်အခြေအနေအမျိုးမျိုးမှာ ကောင်းကောင်းမွန်မွန်သွားလာ လှုပ်ရှားနိုင်ပါတယ်၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ဖို့အတွက် ကြွက်တွေက သင့်တော်ပါတယ်" လို့ဆိုပါတယ်။

 

ကြွက်တွေကခွေးတွေထက် အရွယ်အစားသေးပြီး အလိုက်သင့်သွားလာနိုင်တဲ့ အားသာချက်ရှိနေပါတယ်။

 

"လူ့အသက်တွေကို ကယ်ဆယ်နိုင်ဖို့မျှော်လင့်ပါတယ်၊ စမ်းသပ်ချက်ရလာဒ်တွေက တကယ်ကိုကျေနပ်စရာကောင်းပါတယ်" လို့ ပြောပြသွားပါတယ်။

 

Source: DailyMail
#Yangon_Media_Group