Published 12 January 2022

အိန္ဒိယနိုင်ငံ၊ ဘာရက်ဘိုင်အိုတက်ခ်ရဲ့ ကိုဗက်ဇင်း ကိုဗစ် အားမြှင့်ကာကွယ်ဆေးဟာ ကိုဗစ်ကူးစက်မှုကို ရေရှည် ကာကွယ်ပေးနိုင်စွမ်းရှိနိုင်ကြောင်း လေ့လာမှုတစ်ခုကသိရှိရပါတယ်။

အားမြှင့်ကာကွယ်ဆေးထိုးတဲ့အတွက် ရလာဒ်ကောင်းတွေပြသခဲ့တယ်လို့ ဟိုက်ဒရာဘတ်အခြေစိုက် အဲဒီကာကွယ်ဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီက စနေနေ့ကပြောကြားလိုက်ပါတယ်။အဆင့်(၂) double blind စမ်းသပ်မှုတွေမှာ ကိုဗက်ဇင်း အားမြှင့် ကာကွယ်ဆေးဟာ ဘေးထွက်ဆိုးကျိုးမရှိဘဲ ကာလရှည်စိတ်ချဘေးကင်းမှုရှိကြောင်းတွေ့ရှိရတယ်လို့ သူတို့ကပြောပါတယ်။

အားမြှင့်ကာကွယ်ဆေးကို ဒုတိယမြောက် ကိုဗက်ဇင်းဆေးထိုးအပြီး ခြောက်လအကြာမှာ ထိုးနှံပေးရမှာဖြစ်ပါတယ်။

လေ့လာမှုတွေအရ ဒုတိယမြောက်ဆေးထိုးအပြီး ခြောက်လအကြာမှာ တုန့်ပြန်မှုအတိုင်းအတာက ကျဆင်းလာသည့်တိုင် အယ်ဖာ၊ဘီတာ၊ဒယ်လ်တာနှင့် ဒယ်လ်တာပလပ်စ်တို့ပါဝင်တဲ့ အမျိုးအစားမတူတဲ့ မျိုးဗီဇကွဲတွေနှင့် D614G အမျိုးအစားတူ မျိုးဗီဇကွဲတွေကို ကာကွယ်နိုင်စွမ်းဟာ အခြေခံမျဉ်းအပေါ်မှာ ဆက်ရှိနေတယ်လို့သူတို့ကပြောပါတယ်။

တတိယမြောက် အားမြှင့်ကာကွယ်ဆေးထိုးနှံပြီးချိန်မှာတော့ အဲဒီအုပ်စုနှစ်စုလုံးရဲ့ မျိုးဗီဇကွဲတွေအပေါ်ကာကွယ်နိုင်စွမ်းက ၁၉ဆကနေ ၂၆၅ဆအထိ တိုးသွားတယ်လို့ ကုမ္ပဏီကဖြည့်စွက်ပြောပါတယ်။ ကိုဗက်ဇင်းအားမြှင့်ဆေးဟာ ဘေးကင်း စိတ်ချရပြီး ကာကွယ်ဆေးထိုးထားသူများရောဂါကူးစက်ခံရခြင်းမှ ကာကွယ်ပေးနိုင်မယ့် ခုခံအားပစ္စည်းကို ဆက်လက်တည်ရှိ နိုင်တယ်လို့ သူတို့ကပြောပါတယ်။

“ ဒီစမ်းသပ်မှုတွေကရတဲ့ ရလာဒ်တွေက ကိုဗက်ဇင်းကို အားမြှင့်ဆေးအဖြစ် သတ်မှတ်ပေးဖို့ ကျွနုပ်တို့ရဲ့ရည်မှန်းချက် အတွက် ခိုင်မာတဲ့ အုတ်မြစ်ဖြစ်စေပါတယ်” လို့ ဘာရက်ဘိုင်အိုတက်ခ်ရဲ့ ဥက္ကဋ္ဌ ခရစ်ရှနားအယ်လ်လာကပြောပါတယ်။

အဲသလိုစမ်းသပ်ရာမှာ တီဆဲလ်လို့ခေါ်တဲ့ မှတ်ဥာဏ်ဆဲလ်နှင့် ဘီဆဲလ်လို့ခေါ်တဲ့ ခုခံအားထုတ်ပေးတဲ့ဆဲလ်နှစ်ခုစလုံးက ပြန်လည်တုန့်ပြန်တာကိုတွေ့ရှိရတယ်လို့ ကုမ္ပဏီကဆက်ပြောပါတယ်။

Source Business_Standard

-ymg/ukk