#WorldPolitics
Published - 20 November 2021
တရုတ်စစ်လေယာဉ် ၂ စင်းနဲ့ ရုရှားစစ်လေယာဉ် ၇ စင်းတို့ ကိုရီးယားလေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုံ (KADIZ) ကျူးကျော်ပျံသန်းလာတာကြောင့် တိုက်လေယာဉ်များအရေးပေါ်ပျံတက်သတိပေးခဲ့ရကြောင်း တောင်ကိုရီးယားစစ်တပ်က နိုဝင်ဘာ ၁၉ ရက်နေ့ပြောကြားလိုက်ပြီး ဘေကျင်းဘက်ကတော့ ဒါဟာပုံမှန်လေ့ကျင့်ရေးသာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
တရုတ်နဲ့ရုရှားလေယာဉ်တွေဟာ ကိုရီးယားသတ်မှတ်လေပိုင်နက်(KADIZ) ရဲ့ အရှေ့မြောက်ဘက်ကို ဝင်ရောက်ခဲ့တယ်လို့ ဆိုးလ်က စစ်ရေးအကြီးအကဲများအဖွဲ့(JCS)က ဆိုလိုက်ပြီး အဲဒီလေယာဉ်တွေက ဥပဒေချိုးဖောက်မှုတွေတော့ မပြုလုပ်ခဲ့ဘူးလို ဖြည့်စွက်ပြောကြားသွားပါတယ်။
ဖြစ်လာနိုင်တဲ့အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တိုက်လေယာဉ်တွေနဲ့ လေထဲမှာတင် လောင်စာဆီဖြည့်နိုင်တဲ့ လေယာဉ်တွေကို ပျံသန်းစေတာဖြစ်ပါတယ်။
တရုတ်စစ်တပ်ဘက်ကတော့ သူတို့ရဲ့လေယာဉ်တွေဟာ ပုံမှန်အတိုင်းပျံသန်းလေ့ကျင့်နေတာဖြစ်တယ်လို့ တုံပြန်ပြောဆိုသွားပါတယ်။
"တရုတ်နဲ့ရုရှားတို့ ပူးတွဲစစ်ရေးလေ့ကျင့်နေတယ်လို့ ကျွန်တော်တို့သိထားပါတယ်။ ဒါပေမဲ့ ဒီထက်ပိုသိရဖို့ လိုအပ်နေပါသေးတယ်"လို့ JCS က ဖော်ပြသွားပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်နဲ့ရုရှားစစ်လေယာဉ်တွေဟာ အခြားလေပိုင်နက်တွေကိုလည်း ဝင်ရောက်မှုတွေရှိခဲ့ပါတယ်။
နိုင်ငံတစ်နိုင်ငံက ပိုင်ဆိုင်ကြောင်းသတ်မှတ်ထားတဲ့ လေပိုင်နက်ထဲကို အခြားနိုင်ငံမှလေယာဉ်တွေက ဝင်ရောက်မယ်ဆိုရင် အသိပေးအစစ်ဆေးခံဖို့ လိုအပ်လေ့ရှိပါတယ်။
မော်စကိုကတော့ ဒါဟာ တောင်ကိုရီးယားလေပိုင်နက်ထဲ ရောက်ရှိနေတာကို မသိခဲ့ဘူးဆိုပြီး ဘေဂျင်းကတော့ ဒီနေရာဟာ မည်သူကမှပိုင်ဆိုင်ကြောင်း ဖော်ပြထားခြင်းမရှိတာကြောင့် နိုင်ငံအားလုံး ကြိုက်သလိုသွားလာခွင့်ရှိကြောင်း ဆိုပါတယ်။
၂၀၁၉ ခုနှစ်အတွင်း ရုရှားနဲ့တရုတ်လေတပ်တို့ ပူးပေါင်းလှည့်လည်ပျံသန်းရင်း တောင်ကိုရီးယားလေပိုင်နက်ထဲ ဝင်ရောက်မိခဲ့တာကြောင့် တောင်ကိုရီးယားစစ်လေယာဉ်တွေက ရုရှားလေယာဉ်တွေကို အချက်ပေါင်းရာချီပစ်ခတ်ကာ သတိပေးခဲ့ဖူးပါတယ်။
ရုရှားနဲ့တရုတ်တို့ကို လေပိုင်နက်ကျူးကျော်တယ်လို့ စွပ်စွဲလိုက်ပြီး တောင်ကိုရီးယားနဲ့ ဂျပန်တိုက်လေယာဉ်တွေက သူတိုလှည့်လည်ပျံသန်းနေမှုကို ဝင်ရောက်ဟန့်တားခဲ့ကြပါတယ်။
မော်စကိုနဲ့ဘေကျင်းက ဒီစွပ်စွဲချက်ကို ငြင်းပယ်ထားပါတယ်။
Source: CNA