Published 19 Nov 2021
အာဖဂန်နစ္စတန်ကို တာလီဘန်တွေ ပြန်လည်သိမ်းပိုက်ပြီးကတည်းက အမေရိကန်ကိုယာယီဝင်ခွင့်ပေးဖို့ လူသားချင်းစာနာ ထောက်ထားမှု အကြောင်းပြချက်ဖြင့် အာဖဂန်၂၈၀၀၀ (နှစ်သောင်း ရှစ်ထောင်)ကျော်က လျှောက်ထားကြပေမယ့် ယခုအထိ လူ၁၀၀ခန့်ကိုပဲ အတည်ပြုပေးနိုင်သေးတယ်လို့ ဖက်ဒရယ်အရာရှိတွေဆီက သိရတယ်လို့ အေပီက သတင်းရေးပါတယ်။
အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဌာနဟာ လျှောက်ထားမှုမြင့်တက်နေခြင်းအတွက် လူသိပ်မသိတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကတိခံဝန်ချက်အစီအစဉ်ကို အသုံးပြုနေရတာမှာ အတော်ရုန်းကန်နေကြရပါတယ်။ ဒါပေမယ့် အဲဒီအခက်အခဲကိုဖြေရှင်းဖို့ ဝန်ထမ်းအင်အားတိုးမြှင့်ပါမယ်လို့တော့ ကတိပေးထားပါတယ်။
အမေရိကန်မှာရောက်နေတဲ့ အာဖဂန်မိသားစုတွေနှင့် ရွှေ့ပြောင်းနေထိုင်သူအဖွဲ့တွေက အတည်ပြုပေးမှုနှောင့်နှေးနှေးနေ တာတွေကြောင့် အနောက်နှင့်အဆက်အသွယ်ရှိတဲ့အတွက် ဖိနှိပ်တဲ့ အစ္စလမ်မစ်အစိုးရအောက်မှာ အနာဂတ်မရေမရာဖြစ် နေကြရတဲ့ သူတို့ချစ်ခင်ရသူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ ပြောဆိုနေကြပါတယ်။
“ သူတို့ရဲ့ဘဝတွေကိုစိတ်ပူမိပါတယ်” လို့ လူသားချင်းစာနာထောက်ထားမှုအစီအစဉ်အရ သူ့ဆွေမျိုးသားချင်း ၂၁ဦးကို ကမကထပြုထားတဲ့ မန်ဆက်ချူးဆက်ဒေသခံတစ်ဦးဖြစ်တဲ့ ဆာဖီကပြောပါတယ်။
အာဖဂန်မှာရှိနေတဲ့ သူ့ဆွေမျိုးတွေဒုက္ခဖြစ်မှာစိုးလို့ သူ့နောက်ဆုံးအမည်ကိုထုတ်မပြောတဲ့ အသက်၃၈နှစ်အရွယ် အမေရိကန် အမြဲတမ်းနေခွင့်ရသူတစ်ဦးက သူမရဲ့အစ်မ၊ဦးလေးနှင့်မိသားစုတွေကို အမေရိကန်ကို ခေါ်ယူနိုင်ဖို့မျှော်လင့်နေပါတယ်။ မိသားစုတွေဟာ ပုန်းအောင်နေကြရပြီး သူတို့အိမ်ကလေးဟာလည်း မကြာသေးခင်က ဗုံးဒဏ်ကြောင့် ပျက်စီးရပါတယ်လို့ ပြောပါတယ်။ သူ့ဦးလေးဟာ တာလီဘန်တွေ အာဏာမယူခင်တုန်းက လူသိထင်ရှားအရာရှိတစ်ဦဲးလို့လည်းဆိုပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာအစီအစဉ်နှင့်ဝင်လာကြသူတွေကို အမြဲတမ်းနေထိုင်ခွင့် ဒါမှမဟုတ် အမေရိကန် လူဝင်မှုအဆင့်အတန်းပေးအပ်ဖို့ လမ်းကြောင်းဖွင့်ထားတာမဟုတ်ပါဘူး။ ဆိုလိုတာက အဲဒီအစီအစဉ်ဟာ ခိုလှုံခွင့် ဒါမှမဟုတ် ပုံမှန်ဗီဇာရရှိဖို့ မဖြစ်နိုင်ပဲနိုင်ငံက ချက်ခြင်းထွက်ခွာဖို့လိုနေတဲ့ နိုင်ငံခြားသားတွေအတွက် အစီအစဉ်ဖြစ်ပါတယ်။
Source AP