#WorldHealth


Published  - 16 November 2021

အခုရက်ပိုင်းတွေမှာ ဥရောပနဲ့အာရှအတွင်း ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ပျံ့ပွားလျက်ရှိပြီး ဗိုင်းရပ်စ်ပိုးက လျင်လျင်မြန်မြန်ကူးစက်နေကြောင်း ကမ္ဘာ့တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့အစည်း(OIE)ကို သတင်းတင်ပြထားပါတယ်။

အလွန်ကူးစက်မြန်တဲ့ ကြက်ငှက်တုပ်ကွေးကြောင့် ကြက်ငှက်မွေးမြူရေးလုပ်ငန်းတွေမှာ သတိထားစောင့်ကြည့်နေကြရပါတယ်။

ပြီးခဲ့တဲ့ကူးစက်မှုတုန်းက အကောင်ပေါင်းသန်းနဲ့ချီပြီး သီးခြားခွဲထုတ်ခဲ့ရပါတယ်။
ရောဂါပျံ့ပွားမှုကြောင့် ရောင်းဝယ်ရေးတွေလည်း ကန့်သတ်ထိန်းချုပ်ထားခဲ့ရပါတယ်။
ဒီဗိုင်းရပ်စ်ပိုးက လူသားတွေဆီ ကူးစက်စေနိုင်တာကြောင့် ကူးစက်ရောဂါကျွမ်းကျင်သူတွေအနေနဲ့ အာရုံစိုက်လေ့လာနေကြရပါတယ်။

တရုတ်နိုင်ငံမှာ ယခုနှစ်အတွင်း H5N6 ကြက်ငှက်တုပ်ကွေးကူးစက်သူ ၂၁ ယောက်ရှိလာပြီး ၂၀၂၀ တစ်နှစ်လုံးကထက် ပိုများနေပြီဖြစ်ပါတယ်။

ချန်ချောင်ဘုဒိုဒေသက ကြက်ဘဲအကောင်ပေါင်း ၇၇၀၀၀၀ မွေးမြူထားတဲ့ခြံတစ်ခြံမှာ ရောဂါကူးစက်ပျံ့ပွားမှုဖြစ်ပွားခဲ့ပြီး ကြက်ဘဲအားလုံးသေဆုံးခဲ့ကြောင်း တောင်ကိုရီးယားက သတင်းပို့ထားပါတယ်။

ဂျပန်နိုင်ငံမှာတော့ ၂၀၂၁ ဆောင်းတွင်းအရောက်မှာ နိုင်ငံရဲ့အရှေ့မြောက်ဘက်က မွေးမြူရေးခြံတစ်ခြံမှာ ပထမဆုံးကူးစက်ပျံ့ပွားမှုဖြစ်ခဲ့ပြီး H5N8 အမျိုးအစားကြက်ငှက်တုပ်ကွေး ပျံ့ပွားခဲ့တာဖြစ်ကြောင်း ဂျပန်စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့ပါတယ်။

ဥရောပမှာတော့ နော်ဝေနိုင်ငံ ရိုဂါလန်ဒေသမှာ အကောင်ပေါင်း ၇၀၀၀ ခန့် H5N1 ကြက်ငှက်တုပ်ကွေးကူးစက်မှု ဖြစ်ပွားခဲ့ကြောင်း OIE က ဆိုပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါဟာ ဆောင်းခိုငှက်တွေပျံသန်းပြောင်းရွှေ့ချိန် ဆောင်းဦးရာသီတွေမှာသာ အဖြစ်များတာတွေ့ရပါတယ်။ဘယ်လ်ဂျီယံအစိုးရကတော့ ကြက်ငှက်တုပ်ကွေးရောဂါအန္တရာယ်ကို ကြေညာထားလိုက်ပြီး အန်တွာ့ပ်မြို့အနီး ငန်းတစ်ကောင်မှာ ကူးစက်နှုန်းမြန်တဲ့ကြက်ငှက်တုပ်ကွေးတစ်မျိုးကို တွေ့ရှိခဲ့ပြီးနောက် မွေးမြူရေးခြံတွေမှာ ကြက်ငှက်တွေကို အထဲမှာသာထားဖို့ မှာကြားထားပါတယ်။

ဒီလအစောပိုင်းမှာ ပြင်သစ်နိုင်ငံနဲ့ အောက်တိုဘာလက နယ်သာလန်နိုင်ငံတို့မှာလည်း အလားတူကူးစက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ကြက်ငှက်တိရိစ္ဆာန်မှ ထွက်ရှိတဲ့အစားအစာတွေကို စားသုံးခြင်းကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ မကူးစက်စေနိုင်ပါဘူး။
Source: Reuters