#WorldPolitics

Published - 18 October 2021

ပြီးခဲ့တဲ့အပတ်က ထိုင်ဝမ်ရေလက်ကြားအနား အမေရိကန်နဲ့ ကနေဒါတို့က စစ်သင်္ဘောစေလွှတ်ခဲ့တာကြောင့် တရုတ်စစ်တပ်က ထိုနှစ်နိုင်ငံကို ရှုတ်ချလိုက်ပြီး ဒီဒေသအတွင်း တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ တနင်္ဂနွေနေ့က ပြောသွားပါတယ်။

တရုတ်က ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့ထိုင်ဝမ်ကို သူ့လက်အောက်ခံနိုင်ငံအဖြစ် ကြေညာထားပြီး ပြီးခဲ့တဲ့နှစ်အတွင်း ထိုင်ဝမ်လေပိုင်နက်တဝိုက်မှာ လေကြောင်းကျူးကျော်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ထိုင်ပေကို ရန်ဆွပေးသလိုဖြစ်နေပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ကစလို ၄ ရက်တာအချိန်အတွင်း တရုတ်က စစ်လေယာဉ် ၁၅၀ ခန့်ကို ထိုင်ဝမ်လေပိုင်နက်အတွင်း စေလွှတ်ခဲ့တာကြောင့် ဘေဂျင်းနဲ့ ထိုင်ပေတို့ကြားတင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။

ဝေဟင်ပစ်လက်နက်တွေနဲ့ ကာကွယ်ရေးစနစ်တွေပါတဲ့ အမေရိကန်စစ်သင်္ဘော USS Dewey နဲ့ ကနေဒါတော်ဝင်စစ်သင်္ဘော HMCS Winnipeg တို့ဟာ ကြာသပတေးနေ့နဲ့သောကြာနေ့က ထိုင်ဝမ်နဲ့ တရုတ်တို့ကြားရှိ ရေလက်ကြားကနေ ဖြတ်သန်းသွားလာခဲ့တာဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

"Dewey နဲ့ Winnipeg စစ်သင်္ဘောတွေ ထိုင်ဝမ်ရေလက်ကြားမှာ ဖြတ်သန်းသွားလာတာဟာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေအနေနဲ့ အင်ဒိုပစိဖိတ်ဒေသမှာ ပွင့်လင်းလွတ်လပ်စွာ သွားလာနိုင်ကြောင်း ကတိပြုတဲ့သဘောဖြစ်ပါတယ်" လို့ ဆိုပါတယ်။

"အမေရိကန်နဲ့ ကနေဒါတို့က ပြဿနာတွေဖြစ်လာအောင် ပြုလုပ်နေတာဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြားက တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေတာဖြစ်တယ်။ ထိုင်ဝမ်ဆိုတာ တရုတ်ပြည်ပိုင်နက်ဖြစ်ပါတယ်။ တရုတ်ပြည်အဘက်ဘက်ရှိ စစ်တပ်တပ်ဖွဲ့တွေက အမြဲအဆင်သင့်အနေအထားနဲ့ သတိရှိရှိစောင့်ကြည့်နေမှာဖြစ်ပြီး ခြိမ်းခြောက်မှုတွေနဲ့ လှုံ့ဆော်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်သွားမှာ ဖြစ်တယ်" လို့ တရုတ်အရှေ့ခြမ်းစစ်တပ်အဖွဲ့က ဆိုပါတယ်။

အမေရိကန်စစ်သင်္ဘောတွေဟာ ထိုင်ဝမ်ရေလက်ကြားမှာ လတိုင်းလှည့်လည်သွားလာနေတာကြောင့် တရုတ်တို့ အမျက်ထွက်စရာဖြစ်နေခဲ့ပါတယ်။

ဗြိတိန်အပါအဝင် အမေရိကန်ရဲ့မဟာမိတ်အဖွဲဝင်တွေကလည်း ထိုရေလက်ကြားကို ရံဖန်ရံခါ သင်္ဘောတွေစေလွှတ်လေ့ရှိပါတယ်။

ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှုတွေ မြင့်တက်နေပေမယ့် ပစ်ခတ်မှုတွေမဖြစ်သေးပါဘူး။
တရုတ်လေယာဉ်တွေကလည်း ထိုင်ဝမ်နယ်မြေထဲကို မဝင်ရောက်ဘဲ လေပိုင်နက်အနောက်တောင်ဘက်ကိုပဲ အာရုံစိုက်ထားတာဖြစ်ပါတယ်။

တရုတ် J-16 စစ်လေယာဉ် ၃ စင်းနဲ့ ရေငုပ်သင်္ဘောဖျက်လေယာဉ် တစ်စင်းတိုဟာ ထိုင်ဝမ်လေပိုင်နက်ထဲ ထပ်မံပျံသန်းသွားခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာဆိုပါတယ်။

Source Reuters