Published 26 Sept 2021

ဇိုက်ဇာနှင့် အက်စထရာဇီနီကာတို့ဟာ ဆိုင်နိုဗက်ထက် ပိုပြီးကာကွယ်နိုင်ကြပေမယ့် ဆိုင်နိုဗက်ကိုဗစ်ကာကွယ်ဆေးဟာ  အပြင်းအထန်ရောဂါဖြစ်မယ့် အန္တရာယ်မှ ကောင်းကောင်းအကာအကွယ်ပေးနိုင်တယ်လို့ မလေးရှားနိုင်ငံက လက်တွေ့ အခြေအနေတွေကိုကျယ်ကျယ့်ပြန့်ပြန့် ဆန်းစစ်လေ့လာမှုအရတွေ့ရတယ်လို့ ရိုက်တာက ရေးသားပါတယ်။

အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့မှာ ဆိုင်နိုဗက်ထိုးထားပြီးတဲ့ ကျန်းမာရေးလုပ်သားအများအကြား ကိုဗစ်ကူးစက်မှုတွေ တွေ့ရှိခဲ့ပြီးနောက် အဲဒီကာကွယ်ဆေးရဲ့ အာနိသင်အပေါ် စေ့စေ့စပ်စပ်ကြည့်ရှစစ်ဆေးမှုတွေရှိလာကြပြီးနောက် အခုလို အချက်အလက်ရရှိခဲ့ခြင်းဖြစ်ပါတယ်။

မလေးရှားအစိုးရရဲ့ သုတေသနပြုချက်အရ လူပေါင်း၇.၂သန်းကို ဆိုင်နိုဗက်ထိုးပေးခဲ့တဲ့အခါ အဲဒီထဲကမှ ၀.၀၁၁ ရာခိုင်နှုန်းကပဲ ကိုဗစ်ကူးစက်မှုကြောင့် အိုင်စီယူထဲမှာကုသဖို့ လိုအပ်ခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ကျန်းမာရေးအရာရှိတွေက သတင်းထောက်တွေကို ဒီတစ်ပတ်အတွင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆိုင်နိုဗက်နှင့်ခြားနားစွာပဲ ဖိုက်ဇာထိုးထားသူ ၆.၅သန်းထဲမှာ ၀.၀၀၂ ရာခိုင်နှုန်းဟာ အိုင်စီယူထဲရောက်ကြပြီး အက်စထရာဇီနီကာထိုးထားသူ ၇၄၄၉၅၈ ဦးရဲ့ ၀.၀၀၁ ရာခိုင်နှုန်းဟာ အိုင်စီယူထဲရောက်ကြရတယ်လို့ တွေ့ရပါတယ်။

အမျိုးသားကိုဗစ်-၁၉ လုပ်ငန်းအဖွဲ့နှင့်အတူလုပ်ဆောင်နေတဲ့ လက်တွေ့သုတေသနအင်စတီကျူရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ ကလိုင်အာရာဆူ ပါးရီယာဆာမီးက “ ဘယ်ကာကွယ်ဆေးတံဆိပ်ပဲဖြစ်ဖြစ် အိုင်စီယူထဲရောက်ဖို့အန္တရာယ်ကနေ ၈၃ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပြီး သေဆုံးနိုင်တဲ့ အန္တရာယ်ကနေ ၈၈ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တာကိုတွေ့ရှိရပါတယ်” လို့ပြောကြားခဲ့ပါတယ်။

“ ကာကွယ်ဆေးထိုးပြီးရဲ့သားနှင့် အိုင်စီယူထဲရောက်သွားတဲ့နှုန်းက အလွန့်အလွန်နည်းပါးပါတယ်” လို့ သူကပြောပါတယ်။ ကာကွယ်ဆေးအပြည့်ထိုးပြီးသူတွေထဲက အိုင်စီယူရောက်ကြရတာဟာ ၀.၀၀၆၆ ရာခိုင်နှုန်းပဲရှိပါတယ်လို့ သူကဆက်ပြောပါတယ်။

ကာကွယ်ဆေးအပြည့်ထိုးပြီးသူတွေရဲ့ သေဆုံးနှုန်းလည်း နည်းပါးလှပါတယ်။ ၀.၀၁ ရာခိုင်နှုန်းသာရှိပြီး အများစုကလည်း အသက်၆၀အထက်နှင့် ဒါမှမဟုတ် အခြားအချင်းအရာများကြောင့်ဖြစ်ကြပါတယ်။

အသက်အရွယ်အပိုင်းအခြာကိုလိုက်ပြီး ဒီကာကွယ်ဆေးသုံးမျိုးရဲ့ ရလဒ်တွေပြောင်းသွားတယ်လို့ ဒေါက်တာကလိုင်အာရာဆူက ပြောပါတယ်။

အက်စထရာဇီနီကာထိုးသူအများစုဟာ သက်လတ်ပိုင်းတွေဖြစ်ပြီး ဖိုက်ဇာနှင့်ဆိုင်နိုဗက်တို့ကို ပိုပြီး အန္တရာယ်ရှိနေတဲ့လူတွေကို ထိုးပေးထားတာဖြစ်ပါတယ်လို့လည်း သူကပြောပါတယ်။

မလေးရှားနိုင်ငံမှာ လူဦးရေ၃၂သန်းရဲ့ ၅၉.၇ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးအပြည့်ထိုးပြီးကြပြီး ၆၈.၈ ရာခိုင်နှုန်းဟာ အနည်းဆုံးဆေးတစ်ကြိမ်ထိုးထားပြီးသူတွေဖြစ်ကြပါတယ်။

Source Reuters