Published 24 Sept 2021
တရုတ်နိုင်ငံရဲ့ နာမည်ကြီးယမကာ မွန်တိုင်းအရက်ထုတ်လုပ်တဲ့ ကွယ်ချောင်းမွန်တိုင်းကုမ္ပဏီရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူကို ယွမ်ငွေ ၁၁၂.၉သန်း (အမေရိကန်ဒေါ်လာ၁၇.၅သန်း) လာဘ်စားမှုနှင့် ထောင်တစ်သက်အပြစ်ပေးလိုက်ပါတယ်။
၂၀၁၉ခုနှစ်မှာ အဖမ်းဆီးခံခဲ့ရတဲ့ မွန်တိုင်းဥက္ကဋ္ဌဟောင်း ယွမ်ရင်ဂေါင်ဟာ ၁၉၉၄ခုနှစ်ကနေ ၂၀၁၈ခုနှစ်အထိ လာဘ်ယူခဲ့တာ တွေမှာ အပြစ်ထင်ရှားတယ်လို့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွမ်ကျိုးပြည်နယ်ရဲ့ တရားရုံးတစ်ခုက အမိန့်ချမှတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ အဲဒီနေရာဟာ မွန်တိုင်းအရက်လုပ်ငန်းရဲ့ အခြေစိုက်နေရာ ဖြစ်ပါတယ်။ သူဟာ မွန်တိုင်းအရက်ဖြန့်ဖြူးရောင်းချသူတွေ အလုပ်မြဲနေစေဖို့အတွက်နှင့် ဈေးကြီးတဲ့အရက်တွေကို ခွဲတမ်း တိုးပေးဖို့အတွက် လာဘ်ယူခဲ့တာပါ။
အသက်၆၄နှစ်ရှိပြီဖြစ်တဲ့ ယွမ်ဟာ ကုမ္ပဏီနှင့် ၁၈နှစ်အကြာအလုပ်လုပ်ခဲ့ပြီး ၂၀၁၈ခုနှစ်မှာ တိတ်တိတ်ကလေး အလုပ်ထွက်ခဲ့ပါတယ်။ သူ့ကိုဖမ်းဆီးခဲ့ပြီး မွန်တိုင်းရဲ့ စီမံခန့်ခွဲမှုအဖွဲ့ကိုပါ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အာဏာပိုင်တွေက ကျယ်ကျယ်ပြန့်ပြန့် နှိမ်နှင်းခဲ့ပါတယ်။ အဲဒီကစပြီး ကုမ္ပဏီမှာ ခေါင်းဆောင်တွေ တစ်ယောက်ပြီး တစ်ယောက် မကြာခဏအပြောင်းအလဲလုပ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ဥက္ကဋ္ဌ သုံးဦးပြောင်းခဲ့ရပါတယ်။ အားလုံးဟာလည်း ဒေသဆိုင်ရာ အစိုးရအရာရှိဟောင်းတွေဖြစ်ကြပါတယ်။
ကမ္ဘာ့ဈေးအကြီးဆုံးအရက်ထုတ်လုပ်တဲ့ မွန်တိုင်းဟာ ၂၀၂၁မှာ ဝင်ငွေ ၁၀.၅ ရာခိုင်နှုန်းတိုးတက်ဖို့ ခန့်မှန်းထားပါတယ်။ ၂၀၂၀ခုနှစ်မှာတော့ ငါးနှစ်အတွင်း ရောင်းအားတိုးတက်မှုအနှေးဆုံးနှစ်ဖြစ်ခဲ့ပါတယ်။ ကပ်ရောဂါကြောင့်ဖြစ်ပြီး သူ့ရှယ်ယာကလည်း ဒီနှစ်မှာ ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။
Source Bloomberg