▪️ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၆၊၂၀၂၅ (ဘနာမား) — ဖီဖာဥက္ကဋ္ဌ ဂျီအန်နီ အင်ဖန်တီနို (Gianni Infantino) သည် အရှေ့တောင်အာရှ ၁၁ နိုင်ငံလုံး ပါဝင်မည့် ဒေသတွင်း ဘောလုံးပြိုင်ပွဲသစ်ဖြစ်သော FIFA ASEAN Cup ဖီဖာ အာဆီယံ ဖလား ဘောလုံး ပြိုင်ပွဲကို ယနေ့ ထုတ်ဖော်ကြေညာခဲ့သည်။

▪️လူဦးရေ သန်း ၇၀၀ ခန့်ရှိသော ဤဒေသအတွင်း ပိုမိုကြီးမားသော အကျိုးသက်ရောက်မှု ရှိစေရန်အတွက် အဆိုပါပြိုင်ပွဲကို ဖီဖာ၏ နိုင်ငံတကာ ပွဲစဉ် ပြက္ခဒိန် (FIFA International Match Calendar) ကာလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း အင်ဖန်တီနိုက ပြောကြားခဲ့သည်။

▪️"ဒေသတွင်းမှာ အမှန်တကယ် သက်ရောက်မှုရှိပြီး ကမ္ဘာ့စင်မြင့်ပေါ်မှာ ထွန်းတောက်လာစေဖို့အတွက် ဖီဖာရဲ့ နိုင်ငံတကာ ပွဲစဉ်ပြက္ခဒိန် မူဘောင်အတွင်းမှာ အကောင်းဆုံး ကစားသမားတွေ ပါဝင်ယှဉ်ပြိုင်မယ့် ဒီပြိုင်ပွဲကို ဘောလုံးလောကအတွက် တကယ့်တွန်းအားတစ်ခု ဖြစ်စေဖို့ ကျွန်တော်တို့ စတင်လိုက်တာ ဖြစ်ပါတယ်"ဟုသူကပြောသည်။

▪️"ဘောလုံးအားကစားက ကမ္ဘာကြီးကို စည်းလုံးစေပါတယ်" ဟု အင်ဖန်တီနိုက ထပ်လောင်းပြော  ကြားခဲ့သည်။ "အာဆီယံ ၁၁ နိုင်ငံလုံးနဲ့အတူ ကျွန်တော်တို့ FIFA ASEAN Cup ကို ဖန်တီးနေပါတယ်။ ဒါဟာ ဒေသတွင်းကို စည်းလုံးစေမယ့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာမှာပါ" ဟု သူက ဆိုသည်။

▪️ဤကြေညာချက်ကို ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာ (KLCC) ၌ ကျင်းပသော ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၏ သီးသန့်တွေ့ဆုံမှုအဖြစ် ဒေသတွင်း ဘောလုံးအားကစား ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီးနောက် သူက ပြောကြားခဲ့ခြင်း ဖြစ်သည်။

▪️အဆိုပါ နားလည်မှုစာချွန်လွှာကို ဂျီအန်နီ အင်ဖန်တီနို နှင့် အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ကာအို ကင်မ် ဟိုအန် (Dr Kao Kim Hourn) တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး၊ အာဆီယံ ၂၀၂၅ ၏ ဥက္ကဋ္ဌဖြစ်သူ မလေးရှား ဝန်ကြီးချုပ် ဒါတွတ် စရီ အန်ဝါ အီဘရာဟင် က အသိသက်သေအဖြစ် တက်ရောက်ခဲ့သည်။

▪️ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) အနေဖြင့် ဤနားလည်မှုစာချွန်လွှာမှတစ်ဆင့် ဒေသတွင်း၌ ယင်း၏ ကြိုးပမ်းအားထုတ်မှုများကို အားကောင်းစေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များကို တိုးချဲ့ရန် သန္နိဋ္ဌာန်ချထားကြောင်း အင်ဖန်တီနိုက ပြောကြားခဲ့သည်။

▪️"ပထမမဏ္ဍိုင်ကတော့ ကစားပွဲရဲ့ သမာသမတ်ကျမှု (Integrity) ဖြစ်ပါတယ်။"

"ဒုတိယမဏ္ဍိုင်ကတော့ ပွဲစဉ်တွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကို သေချာစေဖို့ ဖြစ်ပါတယ်။"

"တတိယမဏ္ဍိုင်ကတော့ ပညာရေးပါ — ဘောလုံးအားကစားကနေတစ်ဆင့် သင်ယူမှုကို မြှင့်တင်ပေးပြီး ဒေသတွင်းက မိန်းကလေး၊ ယောက်ျားလေး၊ အမျိုးသမီးနဲ့ အမျိုးသားအားလုံးအတွက် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးဖို့ ဖြစ်ပါတယ်"

"အာဆီယံမှာ အခု နိုင်ငံပေါင်း ၁၁ နိုင်ငံ ရှိနေပါပြီ။ ဒါဟာ အားကစားလောကမှာ မှော်ဆန်တဲ့ နံပါတ်တစ်ခုဆိုတာ ခင်ဗျားတို့ သိတဲ့အတိုင်းပါပဲ။ ဘောလုံးအသင်းတစ်သင်းကို ကစားသမား ၁၁ ယောက်နဲ့ ဖွဲ့စည်းထားတာပါ။ ဒါကြောင့် အခုဆို အသင်းတစ်သင်း ရှိနေပြီ။ပွဲတွေကို အနိုင်ယူဖို့ အသင့်ဖြစ်နေပါပြီ။ကျွန်တော်တို့ ဖီဖာအနေနဲ့ ဒီအဓိကမူတွေပေါ် အခြေခံပြီး အာဆီယံနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်နေပါတယ်" ဟု သူက ပြောကြားခဲ့သည်။

fifa