Published 11 Oct 2022
ဂျပန်နိုင်ငံမှာ စတားလင့်ခ် Starlink အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းကို စတင်နေပြီလို့ အမေရိကန်လုပ်ငန်းရှင် အီလွန်မတ်စ်ရဲ့ စပေ့ရှ်အိတ်စ် SpaceXကုမ္ပဏီကကြေညာပါတယ်။
စတားလင့်ခ်ဟာ ဂျပန်နိုင်ငံရဲ့ တောင်ထူထပ်တဲ့ဒေသတွေနှင့် အင်တာနက် မရတစ်ချက် ရတစ်ချက်ဖြစ်နေပြီး ဆက်သွယ်ရခက်ခဲတဲ့ ကျွန်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါလိမ့်မယ်။
စပေ့ရှ်အိတ်စ်က ယင်းရဲ့ တွစ်တာစာမျက်နှာကနေ ကြေညာတာဖြစ်ပါတယ်။ တရားဝင်ဝက်ဆိုက်မှာပါတဲ့ အချက်အလက်တွေအရ စပေ့ရှ်အိတ်စ်အင်တာနက်ရဲ့ လစဉ်ကြေးဟာ ၈၄ ဒေါ်လာ ( ၁၂၃၀၀ ယန်း)ဖြစ်ပါတယ်။ အဲဒီအပြင် ဟာ့ဒ်ဝဲကုန်ကျစရိတ်ကလည်း ယန်းငွေ ၇၃၀၀၀ ကုန်ကျမှာဖြစ်ပါတယ်။
စတားလင့်ခ်ဟာ ဂြိုဟ်တုကနေတစ်ဆင့် မြန်နှုန်းမြင့်ပြီး စောင့်ဆိုင်းချိန်နည်းပါးတဲ့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း ကို ဆောင်ရွက်ပေးနေပါတယ်။ ရုရှားတိုက်ခိုက်ပြီးကတည်းက ယူကရိန်းမှာ စတားလင့်ခ်ရဲ့ ဂြိုဟ်တုအင်တာနက်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်။
ဥရောပနှင့် အမေရိကန်အပြင် အာရှနှင့် အခြားဒေသတွေကိုပါ ဂြိုဟ်တုအင်တာနက်လုပ်ငန်းဝန်ဆောင်မှုပေးဖို့ စတင်းလင့်ခ်က စီစဉ်နေပါတယ်။
ဖိလစ်ပိုင်မှာ အစိုးရဟာ ယင်းရဲ့ အခမဲ့ ဝိုင်ဖိုင်အစီအစဉ်အတွက် စတားလင့်ခ်ကို စာရင်းသွင်းဖို့ စဉ်းစားနေပါတယ်။ စပေ့ရှ်အိတ်ခ်ဟာ ဒီဇင်ဘာနောက်ဆုံးထားပြီး စီးပွားဖြစ်လုပ်ငန်းဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်လို့ ကုမ္ပဏီရဲ့ အစိုးရဆက်ဆံရေး အကြီးတန်းအရာရှိ ရီဘက်ကာဟန်တာကပြောပါတယ်။
Source: Nikkei Asia
#Starlink internet
#Japan_Internet
#Elon_Musk
Published 10 Oct 2022
အမေရိကန်သမ္မတဟောင်းက တတိယကမ္ဘာစစ်နှင့်အဆုံးသတ်ကြရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ အာရီဇွန်နာ ပြည်နယ်၊ မီဆာမြို့က လူထုဟောပြောပွဲတစ်ခုမှာ သူက ပြောကြားခဲ့တာဖြစ်ပါတယ်။ “ယူကရိန်းက စစ်ပွဲကို ငြိမ်းချမ်းစွာအဆုံးသတ်ဖို့ လက်ငင်းစေ့စပ်ညှိနှိုင်းမှုတွေ ကျွန်တော်တို့ တောင်းဆိုရမယ်။ ဒါမှမဟုတ်ရင် ကျွန်တော်တို့ တတိယကမ္ဘာစစ်ပွဲနှင့် အဆုံးသတ်ကြရလိမ့်မယ် “လို့ ထရမ့်က သတိပေးခဲ့ပါတယ်။
Source AFP
#Donald_Trump
#World_War_Three
#Russia_Ukraine
Published 10 October 2022
ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိဗ်အပါအဝင် မြို့တော်တော်များများ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့အတွက် လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုတွေရှိခဲ့ပါတယ်လို့ ယူကရိန်းသမ္မတရုံးက ကြေညာပါတယ်။
ခရိုင်းမီးယားကို ဆက်သွယ်တဲ့ တံတားပေါ် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဲဒီလုပ်ရပ်အပေါ် ရုရှားက အပြစ်တင်အပြီး နောက်တစ်ရက်မှာ ဒုံးကျည်တိုက်ခိုက်မှုတွေပေါ်ပေါက်ခဲ့တာပါ။
ယူကရိန်းဟာ ဒုံးကျည်တိုက်ခိုက်မှုတွေခံရတယ်။ နိုင်ငံရဲ့ မြို့တော်တော်များများ အတိုက်ခိုက်ခံရတာဖြစ်တယ်။ အမိုးအောက်မှာနေကြပါ လို့ သမ္မတရုံးဒုတိယအကြီးအကဲ ကိုင်လိုတိုင်မိုရှန်ကိုက ဆိုရှယ်မီဒီယာမှာပြောပါတယ်။
ကိဗ်ကို ရုရှား နောက်ဆုံးတိုက်ခိုက်ခဲ့တာက ဇွန်လ ၂၆ ရက်နေ့ကဖြစ်ပါတယ်။
မြို့တော်ဟာ ရုရှားအကြမ်းဖက်တိုက်ခိုက်မှုခံနေရတယ်လို့ ကိဗ်မြို့တော်ဝန် ဗီတာလီကလစ်ရှ်ကိုက ပြောပါတယ်။
ဒုံးကျည်တိုက်ခိုက်မှုကြောင့် မြို့တော်မှာ ကားတွေ ပျက်စီးထိခိုက်ခဲ့တာကိုတွေ့ရပြီး လုံခြုံရေးနှင့် အရေးပေါ်တပ်ဖွဲ့တွေဟာ ဒုံးကျည်ထိမှန်တဲ့နေရာတွေမှာ ရောက်ရှိအလုပ်လုပ်နေကြပါတယ်။
Source AFP
#Kyiv_Missiles_Strike
#Ukraine
#Russia
Published 10 Oct 2022
မလေးရှားဝန်ကြီးချုပ် အစ်စမေးလ်ဆာဘရီယာကော့က ပါလီမန်ကိုဖျက်သိမ်းကြောင်း အောက်တိုဘာ ၁၀ရက် တနင်္လာနေ့ ကကြေညာပါတယ်။ အဲသလိုဖျက်သိမ်းလိုက်တဲ့အတွက် ဒီနှစ်မကုန်ခင် အမျိုးသားရွေးကောက်ပွဲကို ကျင်းပပေးဖို့ လမ်းပွင့်သွားတာဖြစ်ပါတယ်။
တိုင်းပြည်ကို ရုပ်သံကနေတစ်ဆင့် မွန်းလွဲ(၃)နာရီမှာ မစ္စတာအစ်စမေးလ်က မိန့်ခွန်းပြောရာမှာ သူ့အနေနှင့် ပါလီမန်ကိုဖျက်သိမ်းဖို့ ဘုရင်မင်းမြတ်ဆီက နေ့လယ်က ခွင့်ပြုချက်သွားတောင်းခံခဲ့ရာမှာ သူ့ရဲ့မေတ္တာရပ်ခံချက်ကို မလေးရှားဘုရင်က လက်ခံခဲ့ကြောင်းပြောဆိုသွားပါတယ်။
ဖက်ဒရယ်အဆင့် အထွေထွေရွေးကောက်ပွဲကြောင့် ဆာဘား၊ဆာရာဝတ်၊ဂျိုဟောနှင့် မလက္ကာတို့ကလွဲပြီး ကျန် ပြည်နယ်အစိုးရတွေအနေနှင့် သူတို့ရဲ့ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေကို တစ်ရက်တည်း ဖျက်သိမ်းကြဖို့ တိုက်တွန်းပါတယ်” လို့ သူကပြောသွားပါတယ်။
“ ပြည်သူတွေ ဝန်ထုတ်ဝန်ပိုးမဖြစ်စေဖို့အတွက် ပြည်နယ်နှင့် ဖက်ဒရယ်အဆင့်ရွေးကောက်ပွဲတွေကို တစ်ရက်တည်း ပြိုင်တူကျင်းပတာပိုကောင်းပါတယ်” လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဆိုပြုရက်၊မဲပေးရမယ့်ရက်နှင့်အခြားဆက်စပ်ရက်တွေကို ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ပေးပါလိမ့်မယ်လို့ မလေးရှားဝန်ကြီးချုပ်ကပြောပါတယ်။
Source: CNA
#Malaysia_Politics
#Ismail_Sabri_Yaakob
#Malaysia_Parliament_Dissolved
Published 9 Oct 2022
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဟာ ခက်ခဲတဲ့ လမ်းခွဆုံကို ရောက်နေပြီလို့ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ က သတိပေးလိုက်ပါတယ်။ ငွေကြေးဖောင်းပွမှု တစ်ဟုန်ထိုးမြင့်တက်ခြင်း၊အတိုးနှုန်းများတက်နေခြင်းနှင့် ကျယ်ပြန့်လာနေတဲ့ အကြွေးအကျပ်အတည်းတွေအပါအဝင် များလှစွာသော ဆိုးရွားမှုတွေရိုက်ခတ်နေတဲ့အတွက် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းတစ်ခုရောက်ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မန်နေဂျင်းဒါရိုက်တာ ခရစ်စတယ်လီနာ ဂျော့ဂီဗာ က ပြောပါတယ်။ ဒါပေမယ့် ဒီမုန်တိုင်းကို ခံနိုင်ရည်ရှိစေဖို့ အဖွဲ့အစည်းတွေဟာ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားနေတယ်လို့လည်း သူမက ပြောပါတယ်။
Source AFP
#IMF
#Global_Economy
#Global_Economy_Crisis
Published 8 October
အမေရိကန်ရေတပ်ရဲ့ အသစ်လွင်ဆုံး လေယာဉ်တင်သင်္ဘောဟာ အင်္ဂါနေ့က ပထမဆုံးခရီးကို စတင်ခဲ့ပါတယ်။ ဒါဟာ ခေတ်မီနည်းပညာအချို့နှင့်ပတ်သက်တဲ့ ပြဿနာတွေဖြစ်ခဲ့ရတဲ့ သင်္ဘောကြီးအတွက် အထင်ကရမှတ်တိုင်တစ်ခုဖြစ်ခဲ့ ပါတယ်။
USS Gerald R. Ford ယူအက်က်စ်အက်စ် ဂါးရက် အာရ် ဖို့ဒ် လို့အမည်ပေးထားတဲ့ သင်္ဘောကြီးဟာ ဒေါ်လာ ၁၃ ဘီလျံကျော်ကုန်ကျခံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီလေယာဉ်တင်သင်္ဘောကြီးဟာ တပ်ဖြန့်ခရီးမှာ ကနေဒါ၊ပြင်သစ်နှင့် ဂျာမနီတို့ အပါအဝင် နိုင်ငံတွေနှင့်အတူ လက်တွဲလုပ်ဆောင်မှာဖြစ်ပါတယ်။အဲဒီအထဲမှာ လေကြောင်းကာကွယ်ရေး၊ ရေငုပ်သင်္ဘော တန်ပြန်စစ်ပွဲနှင့် ကုန်းနှင့်ရေ စစ်ဆင်ရေးတို့ကို သင်တန်းပေးမှာတွေ ပါဝင်ပါတယ်။
အမေရိကန်ရေတပ်ဖေ့စ်ဘုတ်ပေ့ချ်က ဗွီဒီယိုမှာ တွန်းသင်္ဘောတွေက မီးခိုရောင်ဆေးသုတ်ထားတဲ့ သင်္ဘောကြီးကို ဗာဂျင်နီးယားပြည်နယ် နော်ဖောက် ရေတပ်စခန်းဆိပ်ခံတံတားကနေ တွန်းပြီးထွက်ခွာနေတာကိုပြသထားပါတယ်။
“ ဒီသင်္ဘောကြီးရဲ့တပ်ဖြန့်မှုဟာ အတ္တလန်တစ်ထဲမှာ ပြိုင်ဘက်ကင်းတဲ့၊ နယ်ပယ်စုံတဲ့၊ သေကြေပျက်စီးစေလောက်တဲ့ နယ်ဝန်းပြည့်ဖြစ်တဲ့ တပ်ဖြန့်မှု ဆိုတာ ထင်ရှားနေပါတယ်” လို့ ရေတပ်ဗိုလ်ချူပ်ကြီး ဒါးကောဒဲလ်က သင်္ဘောမထွက်ခွာခင် သတင်းထုတ်ပြန်ချက်ထဲ ပြောထားပါတယ်။
ဒီတပ်ဖြန့်မှုခရီးမှာ နိုင်ငံပေါင်းကိုးနိုင်ငံက စစ်သင်္ဘောအစီး၂၀နှင့် လေယာဉ်အစီး ၆၀ပါဝင်ကြတယ်လို့ အမေရိကန်ရေတပ်ကပြောပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံတွေလဲဆိုတာကိုတော့ ထုတ်ပြောမသွားပါဘူး။
၂၀၁၇ခုနှစ်မှာ အဲဒီသင်္ဘောဟာ စတင်တာဝန်ပေးအပ်ခံရပါတယ်။ သင်္ဘောရဲ့ အလျားဟာ ပေ ၁၁၀၀ရှိပြီး ဝန်အပြည့် တန်ချိန် တစ်သိန်းတစ်ထောင် တင်နိုင်ပါတယ်။ ဒါပေမယ့် ဝန်အပြည့်နှင့် တစ်နာရီကို ၅၄ ကီလိုမီတာကျော် အမြန်နှုန်းနှင့် ခုတ်မောင်းနိုင်ပါတယ်။
အမေရိကန်ရဲ့ ၃၈ ဦးမြောက် သမ္မတရဲ့အမည်ပေးထားတဲ့ ယခုလေယာဉ်တင်သင်္ဘောဟာ အရင် လေယာဉ်တင်သင်္ဘောတွေလောက် သင်္ဘောသား မလိုအပ်ဘဲ မောင်းနှင်နိုင်အောင် ဒီဇိုင်းလုပ်ထားပါတယ်။ အဲဒီအပြင် ယခုမှစမ်းသပ်နေတုန်းဖြစ်တဲ့ အနာဂတ်စွမ်းအင်လက်နက်တွေကိုလည်းသယ်ဆောင်နိုင်အောင်ပါ ဒီဇိုင်းလုပ်ထားပါတယ်။
ယခင် လေယာဉ်တင်သင်္ဘောတွေထက် သာတဲ့ အဓိကအချက်က လေယာဉ်တွေ အတက်အဆင်းနှုန်းပိုပြီးမြန်လာစေတာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၂ခုနှစ်ဇွန်လတုန်းက ကွန်ဂရက်ကိုတင်ပြတဲ့ အစီရင်ခံစာမှာတော့ ဒီသင်္ဘောမှာ နည်းပညာ ပြဿနာအချို့ရှိတယ်လို့ ဖော်ပြထားပါတယ်။
သင်္ဘောကြီးရဲ့ လက်နက်မတင်စက်တွေ တပ်ဆင်မပြီးသေးတာနှင့် အချို့သော နည်းပညာပြဿနာတွေကို ဖြေရှင်းနေရတာကြောင့် လေယာဉ်တင်သင်္ဘောကြီးရဲ ပထမဆုံးတပ်ဖြန့်မှုခရီးဟာ နှောင့်နှေးခဲ့ရပါတယ်လို့ ဩဂုတ်လက ထုတ်ပြန်တဲ့ လေယာဉ်နှင့်ပတ်သက်တဲ့ ကွန်ဂရက်သုတေသနလုပ်ငန်းအစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
Source AFP
#USS_Gerald_R. Ford
#US_Navy
#Newest_aircraft_carrier
Published 7 Oct 2022
မြန်မာနိုင်ငံရဲ့ ရန်ကုန်၊ပုသိမ်၊စစ်တွေ၊မော်လမြိုင်စတဲ့ ပင်လယ်ဆိပ်ကမ်းတွေကနေ ဆန်ကိုပြည်ပသို့ တင်ပို့ရေး ဆောင်ရွက်ကြဖို့နှင့် အဲသလိုဆောင်ရွက်ခြင်းဖြင့် ဆိပ်ကမ်းလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်လို့ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အောက်တိုဘာ(၇)ရက် နေ့က နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လစဉ်ပုံမှန်အစည်းအဝေးမှာ နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
“ဆန်ဟာမြန်မာနိုင်ငံရဲ့အဓိကထုတ်ကုန်ဖြစ်ပြီး ဆန်ကောင်းစွာ ထုတ်လုပ်နိုင်တဲ့အတွက်Food Security အတွက် နိုင်ငံ၏ဂုဏ်သိက္ခာတစ်ခုပင် ဖြစ်ပါတယ်။ နိုင်ငံတကာသို့ ဆန်များ ပေါများစွာ တင်ပို့နိုင်မည်ဆိုပါက လူအများ၏စားရေး Food Security ကိုတာဝန်ယူ နိုင်သည့် အခန်းကဏ္ဍတွင် ပါဝင်မှာဖြစ်ပါတယ်” လို့လည်း နစကဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်၊
MSME လုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် ပြည်တွင်းနှင့် ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်မည်ဆိုပါက ကုန်ကြမ်းပြတ်လပ်မှု နည်းပါးမည်ဖြစ်ပြီး ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများဖြင့်လည်း ဆောင်ရွက်၍ရကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် လိုအပ်သည့် သွင်းအားစုများတွင် ကုန်ကြမ်းသာမက လျှပ်စစ် စွမ်းအင်နှင့် Energy စွမ်းအားများလည်း လိုအပ်ကြောင်းလည်း ယင်းကဆိုသည်။
MSME ဆောင်ရွက်နေသူများခိုင်မာသည့် လုပ်ငန်းများ ရှိချိန်တွင် အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ချေး ငွေတွင် ဖွံ့ဖြိုးရေးချေးငွေနှင့် စီးပွားရေးချေးငွေဟူ၍ နှစ်မျိုးရှိပြီး သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယခင် နိုင်ငံတော်မှချေးယူခဲ့သည့် ရင်းနှီးမြှုပ်နှံငွေများ ပြန်လည်ပေးဆပ်ရန်အတွက် အချိန် အတိုင်းအတာ တစ်ခုအထိ ဖြေလျှော့ပေးထားသော်လည်း အချိန်တစ်ခုတွင် ပြန်လည် ပေးဆပ်ရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံ့စီးပွားတိုးတက်မှုများ တုန့်ဆိုင်းမှု ဖြစ်ပေါ်ခဲ့ကာ မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အနုတ်လက္ခဏာ ပြနေသည်ဟု ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က ပြောကြားခဲ့ကြကြောင်း၊ နိုင်ငံစီးပွားရေးကျဆင်းသည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများ အမြဲမပြတ်ထုတ်လုပ်၍ ပြည်ပသို့ပို့ကုန်များ တင်ပို့နိုင်ခြင်း ကြောင့် စီးပွားရေးနှင့်ပတ်သက်၍ များစွာထိခိုက်ကျဆင်းသွားခြင်းမရှိခဲ့တာဖြစ်တယ်လို့ ဗိုလ်ချူပ်မှူးကြီးက အစည်းအဝေးမှာ ပြောကြားခဲ့ကြောင်း နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ymg/mt
Yangon_Media_Group
Page 141 of 222