၆ နိုဝင်ဘာ ၂၀၂၃
နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက ပထမအကြိမ် မြန်မာ- ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း 1th MYANMAR-RUSSIA MARITIME SECURITY EXERCISE (MARUMEX) ပြုလုပ်ရန် ရန်ကုန်မြို့တွင်ရောက်ရှိနေသည့် Russian Pacific Fleet စစ်ရေယာဉ်အုပ်စုကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးကို ရုရှားဖက်ဒရေးရှင်း နိုင်ငံရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်တို့ကကြိုဆိုကာ Russian Pacific Fleet စစ်ရေယာဉ်အုပ်စု၏ ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်တေးသီချင်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ နစကရဲ့သတင်း ထုတ်ပြန်ချက် မှာ ဖော်ပြ ထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့ဝင်များသည် ရုရှားစစ်ရေယာဉ် Admiral Tributs သို့တက်ရောက်ရာ စစ်ရေယာဉ်မှူး 2nd rank Igor N.TOLBATOV ကကြိုဆိုပြီး သင်္ဘောပေါ်ရှိ စစ်ရေယာဉ်၏ စက်ပိုင်းဆိုင်ရာနှင့် တပ်ဆင်ထားသည့် ကာကွယ်ရေးဆိုင်ရာ လက်နက်များ၏စနစ်များနှင့် စွမ်းရည်များ၊ ခေတ်မီစနစ်များ တပ်ဆင်ထားရှိသည့် အခြေအနေများ၊ ရေငုပ်သင်္ဘော တိုက်ဖျက် ရေးရဟတ်ယာဉ် ဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြကြခဲ့ကြပါတယ်လို့သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးသည် ရုရှားစစ်ရေယာဉ် Admiral Tributs ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင်မှတ်တမ်း လက်မှတ် ရေးထိုးပြီး ရုရှားရေတပ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ)တို့က ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်း လုံခြုံရေး ဆိုင်ရာလေ့ကျင့်ခန်း 1th MYANMAR-RUSSIA MARITIME SECURITY EXERCISE (MARUMEX) ဖွင့်ပွဲ အထိမ်းအမှတ် ခေါင်းလောင်းနှင့် အထိမ်းအမှတ်တံဆိပ်တို့အား ဗိုလ်ချုပ်မှူးကြီးထံပေးအပ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးကလည်း စစ်ရေယာဉ်မှူး ထံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အထိမ်းအမှတ် တံဆိပ်ကိုပေးအပ်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရေတပ်ဦးစီးချုပ်တို့သည် အမှတ်တရလက် ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီးနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ်မှ တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း 1th MYANMAR-RUSSIA MARITIME SECURITY EXERCISE (MARUMEX) ကို မြိတ်မြို့၏ အနောက်ဘက် ရေမိုင် ၈၅ မိုင်ခန့်အကွာတွင် မြန်မာ့တပ်မတော်(ရေ)နှင့် ရုရှား ရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ်များဖြင့် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။
-ymg/knl
၆ နိုဝင်ဘာ ၂၀၂၃
အစ္စရေး-ဟားမာ့စ်စစ်ပွဲကြားထဲတွင် အရှေ့အလယ်ပိုင်းသို့ ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘောတစ်စီး ဝင်ရောက်ထားပြီ ဖြစ်ကြောင်း အမေရိကန်က ကြေညာပါတယ်။ ဒါဟာ ဒေသအတွင်း ရန်ဘက်တွေ အထူးသဖြင့် အီရန်ကျောထောက် နောက်ခံပြုထားတာတွေကို တိုက်ရိုက်ရည်ညွှန်းတဲ့ လုပ်တောင့်လုပ်ခဲ ဆောင်ရွက်မှုတစ်ခုဖြစ်ပါတယ်။
အဆိုပါ ရေငုပ်သင်္ဘောမှာ ခေတ်မီ ပဲ့ထိန်းဒုံးကျည် ဒါမှမဟုတ် တိုမာဟော့ခ်ခရုစ်ဒုံးကျည်တွေကို တပ်ဆင်နိုင်တဲ့ ရေငုပ်သင်္ဘောအမျိုးအစားဖြစ်ပါတယ်။
အိုဟိုင်းအိုကလပ်စ် Ohio-class ရေငုပ်သင်္ဘောတစ်စီး အရှေ့အလယ်ပိုင်းသို့ ဝင်ရောက်လာပြီဖြစ်တယ်လို့ အမေရိကန် အလယ်ပိုင်း စစ်တိုင်းက တနင်္ဂနွေနေ့မှာ ဆိုရှယ်မီဒီယာတွေကတစ်ဆင့်ကြေညာခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန် အဆိုပါဒေသများသို့ ခရီးလှည့်လည်နေစဉ် ထိုကဲ့သို့လှုပ်ရှားလာခြင်းဖြစ်ပါတယ်။ ဘလင်ကန်ဟာ အစ္စရေး၊အနောက်ဘက်ကမ်းခြေ၊ တူရကီ၊အီရတ်၊ဂျော်ဒန်နှင့်ဆိုက်ပရပ်စ်နိုင်ငံတွေကို လှည့်လည် သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။ ယခုခရီးစဉ်ဟာ အစ္စရေး-ဟားမာ့စ်စစ်ပွဲစတင်ကတည်းကဆိုရင် ဒုတိယမြောက် ခရီးဖြစ်ပါတယ်။
အိုဟိုင်းအိုကလပ်စ်ဆိုတာ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောအမျိုးအစားတစ်ခုဖြစ်ပြီး Trident II D5 နျူးကလီး ယားဒုံးကျည် ၂၄ခုအထိတင်ဆောင်နိုင်ပါတယ်။
အဲဒီရေငုပ်သင်္ဘောတွေဟာ ကိုယ်ပျောက်စွမ်းရည်ရှိပြီး ပင်လယ်ကြမ်းပြင်မှာ တိတ်တိတ်ဆိတ်ဆိတ် မောင်းနှင်နိုင်တဲ့ အတွက် ရန်သူတွေ ထောက်လှမ်းလို့မရနိုင်တဲ့ အမျိုးအစားလည်းဖြစ်ပါတယ်။
Source: WION
#israelhamaswar
#worldpolitics
၅ နိုဝင်ဘာ ၂၀၂၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံ၏ အလျင်အမြန်တည်ငြိမ်ရေးကို အလွန့်အလွန်ယုံကြည်မျှော်လင့်ပြီး မြန်မာနိုင်ငံနှင့်အတူတကွ ပူပေါင်းဆောင်ရွက်မှုသဘောထားနှင့် ဖွံဖြိုးတိုးတက်မှုရှာဖွေဆောင်ရွက်မှုများကို အမြဲထိန်းသိမ်းထားမယ်လို့ တရုတ်အစိုးရထိပ်တန်းသတင်းစာကြီးတစ်စောင်ဖြစ်တဲ့ ဂလိုဗယ်တိုင်းမ် သတင်းစာ ကြီးက မကြာသေးမီကရေးသားခဲ့ပါတယ်။
နိုဝင်ဘာ ၁ရက်က ရေးသားဖော်ပြခဲ့တဲ့ ဂလိုဗယ်တိုင်းမ်သတင်းစာကြီးရဲ့အယ်ဒီတာ့အာဘော်တွင် ယင်းကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး “ ယင်းဆောင်ရွက်မှုက နိုင်ငံတော်အဆင့်သာထင်ဟပ်နေရုံမျှမကဘဲ တရုတ်လူ့အဖွဲ့အစည်း အတွင်း ဘုံသဘောဆောင်လုံခြုံရေးသည် ကျယ်ပြန့်ခိုင်မြဲစွာ တစ်စိတ်တစ်ဝမ်းတည်း ခံစားနေကြသည့်အလျောက် တရုတ် လူ့အဖွဲ့အစည်း၏ စစ်မှန်သောသဘောထားကိုလည်း ကိုယ်စားပြုပါသည်” လို့ဆက်လက်ဖော်ပြထားပါတယ်။
ယင်းအပြင် “ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးဦီးစီးဦးရွက်ပြုမှု အစီအစဉ်တွင်ခေါင်းဆောင်မှုတို့ကို အပြည့်အဝသရုပ်ဖော်နေသည်။တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေးသည် နက်ရှိုင်းလျက်ရှိနေသည်။ အိမ်နီးချင်းများသည် ချစ်ကြသူအချင်းချင်းတစ်ဦးနှင့်တစ်ဦးဆက်ဆံကြသလို တစ်ဦးကောင်းစား ရေး တစ်ဦးလိုလားကြသည်” လို့လည်း ဂလိုဗယ်တိုင်းမ် အယ်ဒီတာကဆိုပါတယ်။
“တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် ပြည်သူ့လုံခြုံရေးရာဝန်ကြီး ဝမ်ရှောင်းဟုန် Wang Xiaohong သည် မြန်မာနိုင် သို့သွားရောက်လည်ပတ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေဆုံခဲ့ ပါသည်။ ယင်းအပြင်သူသည် မြန်မာနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နှင့်အတူ (၇)ကြိမ်မြောက် တရုတ်-မြန်မာ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး အဆင့် အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ဝမ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်လည်းတွေ့ဆုံခဲ့ပါသည်”လို့ မကြာသေးမီက တရုတ်ဧည့်သည်တော် သွားရောက်ခဲ့တဲ့ခရီးစဉ်ကိုညွှန်းဆိုပြီး သတင်းစာကရေးသားပါတယ်။
“ ယခုခရီးစဉ်တွင် လုံခြုံရေးတွင် တာဝန်ရှိသည့် တရုတ်အကြီးတန်းအရာရှိများ ပါဝင်သည့်အလျောက် နှစ်ဖက်စလုံး အတွက် သဘာဝအရပင် လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးသည် အဓိကအချက်တစ်ခုဖြစ်ခဲ့ပါသည်။ ခရီးစဉ်တွင် တရားဥပဒေ စိုးမိုးရေး၊အွန်လိုင်းဆက်သွယ်ရေးလိမ်လည်မှုများ၊အွန်လိုင်းလောင်းကစားများ တိုက်ဖျက်ရေး၊အကြမ်း ဖက်မှုတန်ပြန်တွန်းလှန်ရေး၊မူးယစ်ဆေးဝါးထိန်းချုပ်ရေး၊ မဲခေါင်ဒေသ တရားဥပဒေစိုးမိုးရေးနင့် အဓိကစီမံကိန်းကြီး များ လုံခြုံရေးတို့တွင် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေးတို့ပါဝင်ပါသည်”
“ယခုခရီးစဉ်သည် တရုတ်နိုင်ငံ၏ နိုင်ငံတကာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၏ အကျဉ်းချုပ်ကို ထင်ဟပ်နေပါသည်။ နိုင်ငံတကာအသိုက်အဝန်းအတွက် ယခုဆောင်ရွက်မှုများ၏ အရေးပါမှုများအပေါ် တိကျစွာနားလည်ခြင်းက အလွန် အရေးကြီးလှသည့် တရုတ်နိုင်ငံ၏ လုံခြုံရေးရှုထောင့်အပေါ် နားလည်သဘောပေါက်မှုကို ဖြစ်စေပါလိမ့်မည်။
ယခုနှစ်ဆန်းကတည်းက တရုတ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော်အွန်လိုင်းဆက်သွယ်ရေးလိမ်လည်မှုများကို တိုက်ဖျက်ရန် ကြိုးပမ်း အားထုတ်မှုကို တစ်စိုက်မတ်မတ်မြှင့်တင်ခဲ့ပါသည်” လို့ သတင်းစာအယ်ဒီတာ့အာဘော်က ခရီးစဉ်ကိစ္စ အသေးစိတ်ကို ထုတ်ဖော်ရေးသားခဲ့ပါတယ်။
“နိုင်ငံများအကြား နိုင်ငံရေးစနစ်များ၊လူမှုဖွံ့ဖြိုးမှုအဆင့်အတန်းများ ကွဲပြားခြားနားမှုများနှင့် အခြားသော အချက်အလက်များကြောင့် ကလိမ်ကကျစ်ဆန်လှသည့် ရာဇဝတ်မှုကျူးလွန်သူများကို ထိရောက်စွာနှိမ်နှင်းရေး အတွက် နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ရရှိရေးသည် သိပ်မလွယ်ကူလှပါ။ ဆိုလိုသည်မှာ နိုင်ငံများသည် ဤမျှ ဒုက္ခပေးနေသော အသားပိုအကြိတ်လုံးကိုအမြစ်ပြတ်ရှင်းလင်းပြီး ပြည်သူတို့၏ အဓိကစိုးရိမ်ပူပန်မှုများကိုဖယ်ထုတ်ပေးနိုင်ကောင်းပေးနိုင်စေရန် ဘမဆုတ်မနစ်သော ဆုံးဖြတ်ချက်များ၊ တစ်သတ်မတ်တည်းရှိသော မူဝါဒအရ ပံ့ပိုးထောက်ခံမှုများနှင့်အတူ သိသာလုံလောက်သော ကြိးစားအားထုတ်မှုများ ရင်းနှီးမြှပ်နှံရန် လိုအပ်ပါသည်” လို့လည်း အယ်ဒီတာက ရေးသားပါတယ်။
“ဒီလိုအခြေအနေမျိုးသာ အမေရိကန်နှင့်အခြားသော အနောက်နိုင်ငံများတွင်ဖြစ်လာမည်ဟု စဉ်းစားစိတ်ကူးမိပါက ယင်းတို့သည် ပါတီများက တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နိုင်သည့် နိုင်ငံရေး ဖဲချပ်များအဖြစ်အသွင် ပြောင်းလဲ သွားနိုင်ဖွယ်ရှိသည်။ အရေးယူဆောင်ရွက်ရန် ဖင့်နှေးနေမှုကြာင့် ပြည်သူတို့၏ စစ်မှန်သော အကျိုးစီးပွားများ အပေါ် ကြီးမားသော အန္တရာယ်ဆက်လက် ဖြစ်နေစဉ်မှာပင် ပြင်းထန်လှသော အီလေးဆွဲနေသည့် နိုင်ငံရေး ယှဉ်ပြိုင်ပွဲတစ်ခု အဖြစ်ဦးတည်သွားလိမ့်မည်” လို့လည်း သတင်းစာအယ်ဒီတာ့အာဘော်က အနောက်နိုင်ငံ များကို ဝေဖန်ခဲ့ပါတယ်။
ဆက်လက်၍ “ အချို့သော အနောက်မီဒီယာများက တရုတ်လုံခြုံရေးဆိုင်ရာအရာရှိများ မြန်မာနိုင်ငံသို့သွားရောက် သည့်အပေါ် လုံခြုံရေးပူးပေါင်းဆောင်ရွက်သည်ဆိုသည့်အပေါ် အနောက်ရှုထောင့်တစ်ခုဖြင့် ယင်းတို့ဗီဇအတိုင်း အဓိပ္ပါယ် ကောက်ခဲ့ကြသည်။ အချို့က အတွေးအခေါ်မျက်မှန်များတပ်ကာ မြန်မာသည် နိုင်ငံတကာအသိုက်အဝန်းမှ ကင်းကွာသည့်နိုင်ငံတစ်ခုအဖြစ် သွယ်ဝိုက်ညွှန်းဆိုကြကာ တရုတ်နှင့်မြန်မာတို့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု နီးနီး ကပ်ကပ်ရှိလာနေခြင်းအပေါ် အတော့်ကိုနိုးကြားနေကြသည်။ အချို့က ယခုခရီးစဉ်ကို မြန်မာနိုင်ငံ မြောက်ပိုင်းတွင် လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခနှင့်ချိတ်ဆက်ကြသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို တရုတ်နိုင်ငံက စွက်ဖက်ဖို့ သို့မဟုတ်ခြယ်လှယ်ဖို ကြိုးစားသည့် အင်အားကြီးနိုင်ငံတစ်ခုအဖြစ် တရုတ်နိုင်ငံကို ပုံဖော်ကြသည်။ စိတ်ကူးစဉ်းစားပုံတွေက သိပ်ကိုအနောက်တိုင်းဆန်လွန်းလှပါသည်။ အနောက်နိုင်ငံများ၏ နိုင်ငံရေးရေပေါ်ဆီ သမားများ၏ စိတ်ထဲတွင်ရှိနေကြသည့် လုံခြုံရေးအမြင်များကို ထင်ဟပ်နေသည်။ မြေပြင်က တကယ့်အခြေ အနေမှန်ကို ထင်ဟပ်နိုင်ခြင်းမရှိပါ” လို့လည်း အယ်ဒီတာက ရေးပါတယ်။
“ ကျွန်ုပ်တို့၏နည်းလမ်းတွင် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို အတင်း ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ အလိုဆန္ဒအတိုင်း အခြားနိုင်ငံများကို အတင်းပုံစံပြောင်းရန်ကြိုးစားခြင်းတို့ ဘယ်သောအခါမျှ မပါဝင်ပါ။ အတိတ်တွင်ရော ၊ပစ္စုပ္ပန်မှာပါ တရုတ်သည် ယင်းကဲ့သို့သော အလုပ်မျိုးမလုပ်ခဲ့ပါ။ ပြီးတော့ အနာဂတ်မှာလည်း လုပ်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ ရွေးချယ်မှုမှာ ပြည်သူတို့၏သုခချမ်းသာကိုဦးစားပေးရန်ဖြစ်သည်။ ပြီးတော့ အပြန်အလှန်လေးစားမှုအခြေခံကာ ပြည်သူတို့ကို ထိခိုက်နာကျင်စေသည့် ထိုပြဿနာများကို ပပျောက်ရန် ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်ဘက်အကျိုးရှိသည့် နည်းလမ်းများကိုအသုံးပြုရန်ဖြစ်သည်။ မြန်မာပြည်မြောက်ပိုင်းရှိ လိမ်လည်မှုများကိုတိုက်ဖျက်နေခြင်းသည် ယင်း၏ နမူနာပြပုံစံတစ်ခုဖြစ်ပါသည်” လို့ ဂလိုဗယ်တိုင်းမ်သတင်းစာ အယ်ဒီတာ့အာဘော်က နိဂုံးချုပ်ရေးသားခဲ့ပါတယ်။
-ymg/knl
၅ နိုဝင်ဘာ ၂၀၂၃
ဝါရှင်တန်အနေဖြင့် ဂါဇာအပစ်အခတ်ရပ်ရေးအကောင်အထည်မဖော်ပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆိုးရွားစွာထိခိုက်လိမ့်မယ်လို့ အီရန်က သတိပေးလိုက်ပါတယ်။ အီရန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး အစိုးရတစ်ပိုင်း သတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ တက်စ်နင်က ရေးသားခဲ့တာဖြစ်ပါတယ်။
“ အမေရိကန်ကို ကျွန်တော်တို့အကြံပေးလိုတာက ဂါဇာမှာစစ်ပွဲတွေချက်ခြင်းရပ်ဖို့နှင့် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ဖို့ပဲဖြစ်တယ်။ အဲသလိုမဟုတ်ရင် သူတို့ ဆိုးဆိုးရွားရွားထိခိုက်လိမ့်မယ်” လို့ အီရန် ကာကွယ်ရေးဝန်ကြီး မိုဟာမက်ရီဇာ အက်ရှ်တီယာနီက ပြောပါတယ်။
အောက်တိုဘာ ၇ ရက်မှာ ဟာမားစ်က အစ္စရေးကို မမျှော်လင့်ဘဲတိုက်ခိုက်ပီဲးနောက် အစ္စရေးဟာ စစ်သွေးကြွ အုပ်စုကို အနိုင်ရအောင်တိုက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။
အီရန်က ဒီပဋိပက္ခမှာ အမေရိကန်ဟာ စစ်ရေးအရပါဝင်ပတ်သက်နေတယ်လို့ ယူဆသတ်မှတ်ထားပါတယ်။
Source : Reuters
၅ နိုဝင်ဘာ ၂၀၂၃
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြစ်ပွားခဲ့တာ လေးပတ်ထဲအရောက်မှာ ဂါဇာကမ်းမြောင်တွင် လောင်စာဆီနှင့် ဓာတ်ငွေ့များ ပြတ်လတ်နေတဲ့အတွက် သယ်ယူပို့ဆောင်ရေးမှာ မြည်းလှည်းတွေကို အသုံးပြုနေကြရပါတယ်။
ဂါဇာပြည်သူတွေဟာ လောင်စာဆီ၊အစားအသောက်နှင့် အန္တရာယ်မရှိတဲ့သောက်ရေတွေ အကြီးအကျယ်ပြတ် လတ်မှုနှင့် ရင်ဆိုင်နေကြရပါတယ်။
Source CCTV+
၅ နိုဝင်ဘာ ၂၀၂၃
အာရပ်ခေါင်းဆောင်များက ဂါဇာတွင် အစ္စရေးစစ်တပ်ကို ချက်ခြင်းအပစ်အခတ်ရပ်ရန် စနေနေ့က တောင်းဆိုပြီး အစ္စရေးကိုစည်းရုံးပြောဆိုရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်ကို ဖိအားပေးခဲ့သော်လည်း ဘလင်ကန်က ယခုအချိန်တွင် အပစ်အခတ်ရပ်လိုက်ပါက ပါလက်စတိုင်းစစ်သွေးကြွအုပ်စုဟားမာ့စ်ကို ပြန်လည် စုစည်းအုပ်စုပြန်ဖွဲ့ကြီး အစ္စရေးကိုပြန်လည်တိုက်ခိုက်ဖို့လုပ်ပေးသလိုဖြစ်သွားလိမ့်မည်ဟု ပြန်လည် ပြောဆိုခဲ့ ပါတယ်။
ဂျော်ဒန်နိုင်ငံ အာမန်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အများရှေ့မှောက် သဘောမတူမှုတစ်ခုအဖြစ် ဂျော်ဒန်နှင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးတို့နှစ်ဦးသည် ဘလင်ကန်ဘေးတွင်ရပ်ရင်း ရန်လိုမှုများကို ရပ်တန့်ရေး ထပ်ကာထပ်ကာ တွန်းအားပေးခဲ့ပါတယ်။ “ အရပ်သားထောင်ပေါင်းများစွာ သေဆုံးနေရတာကို မိမိကိုယ် မိမိ ကာကွယ်နေမှုအဖြစ် ရှင်းချက်ထုတ်၍ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ကြပါတယ်။
ဟားမားစ်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီးပြီဆိုရင် ဂါဇာ နောက်ဘာဆက်ဖြစ်မလဲဆိုသည့် နက်ရှိုင်းစွာဆွေးနွေးမှုကို သူတို့ကပယ်ချခဲ့ကြပါတယ်။ လက်ငင်းအာရုံစိုက်ရမည်မှာ ရန်လိုမှုတွေရပ်တန့်ရေးကြိုးပမ်းတာပဲဖြစ်သင့်တယ်လို့ သူတို့က ပြောကြပါတယ်။
အောက်တိုဘာ ၇ရက်တွင် အစ္စရေးနှင့်ဟာမားစ်တို့ စစ်ဖြစ်ပြီးကတည်းက ဘလင်ကန်သည် ထိုဒေသသို့ ယခုတစ်ကြိမ် သည် ဒုတိယမြောက်သွားရောက်ခြင်းဖြစ်ပါတယ်။
ဘလင်ကန်နှင့် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတာယာဟုတို့တွေဆုံပြီးနောက် အပစ်အခတ်ရပ်ရေးစိတ်ကူးကို အစ္စရေးဝန်ကြီးချုပ်ကပယ်ချခဲ့ပါတယ်။
ယင်းနောက်“ အခုအပစ်အခတ်ရပ်ရင် ဟားမာ့စ်ကို သူ့နေရာသူပြန်ရောက်ပြီး အုပ်စုပြန်ဖွဲ့တာနှင့် အောက်တိုဘာ ၇ ရက်လိုပြန်တိုက်ခိုက်တာပဲ ကျန်ရစ်လိမ့်မယ်။ ကျွန်တော်တို့ရော ဘယ်နိုင်ငံကမှ ဒါမျိုးလုပ်ခံမှာမဟုတ်ဘူး။ အဲဒါကြောင့် အစ္စရေးရဲ့ ကိုယ့်ကိုကိုယ်ခုခံပိုင်ခွင့် အခွင့်အရေးနှင့် တာဝန်ကိုထပ်မံအတည်ပြုပေးဖို့ပဲ အရေးကြီးတယ်” ဟု ဘလင်ကန်က ပြောဆိုခဲ့သည်။
ဘလင်ကန်သည် ဆော်ဒီ၊ကာတာ၊ယူအေအီး၊အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးများ၊ ပါလက်စတိုင်း ကိုယ်စားလှယ်များကို အာမန်တွင် စောစောပိုင်းကတွေ့ဆုံခဲ့ပါတယ်။ အစည်းအဝေးသည် အပစ်အခတ်ရပ်ရေး တောင်းဆိုခြင်း၊ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီများပေးရေးနှင့် ဒေသ၏လုံခြုံရေးကို ခြိမ်းခြောက်နေသည့် ကြောက်ဖက်ဖွယ်အခြေအနေဆိုးရွားနေမှုကို အဆုံးသတ်မည့် နည်းလမ်းများရှာရေး ဟူသည့် အာရပ်တို့၏ ရပ်တည်ချက်ကို အလေးပေးမည်ဟု ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးကပြောခဲ့ပါတယ်။
“ နိုင်ငံတကာအသိုက်အဝန်းရဲ့ တာဝန်ဟာ ဟာ အမြဲတမ်း ရန်လိုမှုတွေရပ်တန့်ရေးဖြေရှင်းဖို့ပဲဖြစ်တယ်။ အကြမ်းဖက်မှုတွေကို ဆက်လက်ဖြစ်ပွားအောင်မြှင့်တင်ပေးဖို့မဟုတ်ဘူး” လို့လည်း အဲဒီ သတင်းစာရှင်းလင်းပွဲမှာ အီဂျစ် နိုင်ငံခြားရေး ဝန်ကြီး ဆာမာ ရှောင်ရီကပြောပါတယ်။
“ ကျွန်တော်တို့ရဲ့ဦးစားပေးမှုတွေ ချက်ခြင်းရဖို့လိုအပ်တယ်။ ယခုအချိန်ကစပြီး စစ်ပွဲရပ်တန့်းအောင် အသေအချာ လုပ်ကြရမယ်” လို့ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အေမန်ဆာဖာဒီကပြောပါတယ်။
ဂျော်ဒန်တွင် ဘလင်ကန်နှင့်တွေ့ဆုံစဉ် လက်ဘနွန်အ်ိမ်စောင့်အစိုးရ ဝန်ကြီးချုပ် နာဂျစ်မီကာတီက ဂါဇာတွင် အပစ်အခတ်ရပ်ရေးအရေးကြီးကြောင်းပြောခဲ့ပြီး လက်ဘနွန်တောင်ပိုင်းကို အစ္စရေး၏ ကျူးကျော်ရန်လိုမှု ရပ်တန့်ရမည်ဟုလည်းပြောခဲ့ပါတယ်။
Source Reuters
၄ နိုဝင်ဘာ ၂၀၂၃
ရုရှားတပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား နှစ်နိုင်ငံချစ်ကြည်ရေး နှစ်နိုင်ငံတပ်မတော် ယဉ်ကျေးမှုအဖွဲ့များ ပူးပေါင်းဖျော်ဖြေပွဲကို နိုဝင်ဘာ ၄ရက်မနက်က ကျင်းပရာ နစက ဥက္ကဋ္ဌ ၊တပ်မတော်ကာကွယ်ရေးဦီးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV နှင့်ရုရှားရေတပ်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်တွေ တက်ရေက်အား ပေးခဲ့ကြတယ်လို့သိရပါတယ်။
မြန်မာ့တပ်မတော်ယဉ်ကျေးမှု အဖွဲ့နှင့်ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့တို့က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင်၌ ဖျော်ဖြေတင်ဆက်ခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဖျော်ဖြေပွဲအခမ်းအနားတွင် ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့က ရုရှားသီချင်းများ၊ အကအလှများ အပါအဝင် မြန်မာတေးသီချင်းကိုလည်းကောင်း၊ မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့ ၊ မြဝတီ တေးဂီတအဖွဲ့က “ဆန်းသစ်လှပ ပုဂံယိမ်းအက” အပါအဝင် ရုရှားတေးသီချင်းဖြစ်သည့် “Katyusha” သီချင်းနှင့် “Kalinka” တေးသီချင်း တို့အား မြန်မာ့ရိုးရာတူရိယာ ပစ္စည်း များဖြစ်သည့် မြန်မာ့ဆိုင်းဝိုင်းကြီးနှင့် မြိုင်ဆိုင်စွာတီးခတ်ပြီး ရုရှားအကများဖြင့် လည်းကောင်း၊ ရုရှားတေးသီးချင်းဖြစ်သည့် “Ar Thi Na Si Me Yar” ကို သီဆို၍လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြတာဖြစ်ပါတယ်။
ဖျော်ဖြေမှုများအပြီးတွင် ဗိုလ်ချုပ်မှူးကြီးနှင့်ဇနီးတို့က ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့အား ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ်က မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့အား ဂုဏ်ပြုပန်းခြင်းပေးအပ်ချီးမြှင့်ခဲ့ကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
-ymg/knl
Page 92 of 231