၁၂ နိုဝင်ဘာ ၂၀၂၃
ကျောက်မဲနှင့်သီပေါအကြားက ကျင်သီတံတားကို TNLA သောင်းကျန်းသူများက ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
နိုဝင်ဘာ ၁၂ ရက်က မီဒီယာများသို့ဖြန့်ဝေပေးပို့တဲ့ နောက်ဆုံးအခြေအနေရှင်းလင်းပြောကြားချက် ရုပ်သံမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
“ ကျောက်မဲနှင့် သီပေါအကြားထဲတွင်ရှိတဲ့ ဒုဌဝတီ မြစ်ငယ် မြစ်ကူး ကျင်သီတံတားကို TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့တာရှိပါတယ်။ ဒီတံတားဟာ မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးအပေါ်ကတံတားဖြစ်ပါတယ်။
ဒီအကြမ်းဖက်သောင်းကျန်းသူများအနေနှင့် ရည်ရွယ်ချက်သည် ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်၊ ပြည်သူလူထုရဲ့လမ်းပန်းဆက်သွယ်ရေး ပြည်သူ့ဆက်သွယ်ရေးလမ်းကြောင်းကို အဓိကထားပြီး ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီဟာတွေသည် အစိုးရကိုတိုက်ခိုက်တဲ့လုပ်ငန်းမဟုတ်ပါဘူး ပြည်သူကိုတိုက်ရိုက်ထိပါးစော်ကားတဲ့လုပ်ငန်းဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
လွိုင်ကော်တွင် အဝေးမှလှမ်း၍ပစ်ခတ်မှုအချို့မှအပ ငြိမ်သက်လျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက လွိုင်ကော်မြို့ရဲ့ နိုဝင်ဘာ၁၂ ရက်နောက်ဆုံးအခြေအနေကို ရှင်းလင်းပြောကြားပါတယ်။
“လွိုင်ကော်ဘက်အခြေအနေကတော့ မနက်ပိုင်းမှာ အဝေးကနေပစ်ခတ်မှုမှအပ ကျန်တာ ငြိမ်သက်လျက်ရှိပါတယ်။ တစ်ရက်နှစ်ရက်လောက်အတွင်းမှာ သောင်းကျန်းသူများအနေနှင့် အပြင်းအထန်တိုက်ခိုက်ခဲ့တာမျိုးရှိပါတယ်။ တပ်မတော်အနေနှင့် ပြန်လည်တွန်းလှန်တိုက်ခိုက်ခဲ့နိုင်ပါတယ်” လို့ သူက ပြောတာပါ။
ထီးချိုင့်ဖက်တွင် တိုက်ပွဲအချို့ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုပါတယ်။
“ ထီးချိုင့်ဘက်မှာတော့ အချို့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနှင့် အခြေအနေပြန်လည်ထိန်းသိမ်းပြီး ဆောင်ရွက်လျက်ရှိပါတယ်” လို့ သူကပြောကြားပါတယ်။
ယင်းအပြင် အကြမ်းဖက်သောင်းကျန်းသူများနှင့်ပတ်သက်တဲ့ သတင်းများနှင့် လှုပ်ရှားမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပေးပို့နေတဲ့တာဝန်သိ ပြည်သူလူထုများလည်းရှိတဲ့အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောကြားသွားပြီး အားလုံးပူးပေါင်းဆောင်ရွက်သွားကြဖို့ အခြေအနေအမြန်ဆုံး တည်ငြိမ်အောင် ထိန်းသိမ်းသွားနိုင်ဖို့ ဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်း ရုပ်သံထဲမှာ ရှင်းလင်းပြောဆိုခဲ့ပါတယ်။
-ymg/knl
၁၂ နိုဝင်ဘာ ၂၀၂၃
စက်သုံးဆီနှင့်ပတ်သက်၍ ကောလာဟလ သတင်းများထွက်ပေါ်နေမှုအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၁၂ရက်နေ့တွင်ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါပြောကြားချက်ကို မီဒီယာများသို့ ဖြန့်ဝေပေးခဲ့ပါသည်။ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက် အပြည့်အစုံမူရင်းအတိုင်း ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
၁၁ နိုဝင်ဘာ ၂၀၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)အပါအဝင် တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်၍ ယနေ့ နိုဝင်ဘာ ၁၁ရက်နေ့အခြေအနေများကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဆိုပါရှင်းလင်း ပြောကြားချက်ကို မီဒီယာများသို့ ယနေ့ညပိုင်းတွင် ဖြန့်ဝေပေးခဲ့ရာ အဆိုပါရှင်းလင်းပြောကြားချက် အပြည့်အစုံမူရင်းကို ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
၁၀ နိုဝင်ဘာ ၂၀၂၃
ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) စိုးထွဋ်ကို ရာထူးနှင့်လုပ်ပိုင်ခွင့် မလျော်ဩဇာအသုံးပြုခြင်းတံဆိုးလက်ဆောင်ရယူခြင်းနှင့် လုပ်ငန်းများထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ခြင်းတို့ ကျူးလွန်ခဲ့သဖြင့် စစ်ဘက်ဆိုင်ရာ တရားရုံးက ထောင်ဒဏ် (၅)နှစ်ချမှတ်လိုက်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) စိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့စဉ် Green Channel စနစ်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီများက အကူအညီ တောင်းခံခဲ့မှုအပေါ် ၎င်း၏ ရာထူးနှင့် လုပ်ပိုင်ခွင့်ကို မလျော်ဩဇာအသုံးပြု၍ နိုင်ငံကူးလက်မှတ်များ ခွင့်ပြုပေးရန် ညွှန်ကြားခဲ့ခြင်း၊ တံစိုးလက်ဆောင် လက်ခံရယူခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက်သာချောင်ချိရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာ ရေးလုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိသည့် ဆောင်ရွက်မှုများအပေါ် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ထောင်ဒဏ်(၅)နှစ်ချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
ယင်းအပြင် အမှုတွင်ပါဝင် ပတ်သက်ခဲ့သူများကို နယ်ဘက်တရားရုံးတွင်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ကို ရဲစည်းကမ်း ဖြင့်လည်းကောင်း ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
-ymg/knl
၁၀ နိုဝင်ဘာ ၂၀၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် လက်နက်ကိုင်တိုက်ပွဲများ၏ နောက်ဆုံးအခြေအနေများကို နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုဝင်ဘာ ၁၀ရက်နေ့တွင် ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါပြောကြားချက်များကို မီဒီယာများသို့ ဖြန့်ဝေပေးခဲ့ပါသည်။ ထိုပြောကြားချက်အပြည့်အစုံအတိုင်းပြန်လည်ဖော်ပြအပ်ပါသည်။
-ymg/knl
၈ နိုဝင်ဘာ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်းပြဿနာ၏အစမှာ မူးယစ်ဆေးဝါးဖြစ်သည့်အတွက် မူးယစ်ဆေးဝါးနှိမ်နှင်းရေးနှင့် ယင်းအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့စွမ်းရည်မြှင့်တင်ရေးဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
နိုဝင်ဘာ ၈ရက် က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမတွင်ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(ကာ/လုံ)မှာ ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။
“ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာ၏အစ မှာ မူးယစ်ဆေးဝါးပြသနာပင်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးမှ ရရှိသောငွေများဖြင့် အာဏာရရှိရေးကို လက်နက်ကိုင်လမ်းစဉ်ဖြင့်အသက်ဆက်ခဲ့ကြောင်း၊ အဆိုပါလမ်းစဉ်ဖြင့် မူးယစ်ဆေး ထုတ်လုပ်၊ သယ်ဆောင် ရောင်းချမှုကို ကာကွယ်ခဲ့ကြောင်း၊ လောင်းကစားကဲ့သို့ တရား မဝင်လုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း” ဗိုလ်ချုပ်မှူးကြီးရဲ့ပြောကြားချက်ကို နစကသတင်းထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
အဲဒီအတွက် ပြဿနာ၏ အရင်းအမြစ်ဖြစ်သည့် မူးယစ်ဆေးဝါးအမြစ်ပြတ်နှိမ်နင်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားရမည်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောဆိုလိုက်ပြီး ယင်းသို့ဆောင်ရွက်နိုင်ရန် တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စွမ်းရည်မြင့်မား ရေးကိုဆောင်ရွက် သွားရမည်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။
ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးရဲတပ်ဖွဲ့နှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့ဟူ၍နှစ်မျိုးရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသော်လည်း မိမိတို့နိုင်ငံ၏သမိုင်း ကြောင်းအရ ပြည်တွင်းသောင်းကျန်းမှုများကို နှိမ်နှင်း ခဲ့ရကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ယခုထက်စွမ်းရည် တိုးတက် မြင့်မားရေးဆောင်ရွက်သွားရမည်ဖြစ်တယ် လို့ ဗိုလ်ချုပ်မှူးကြီးကပြောဆိုပါတယ်။
ချင်းရွှေဟော်ဒေသ မှ တိမ်းရှောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ပြန်လည်ခေါ်ဆောင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
MNDAA သောင်းကျန်းသူများအနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှရရှိသည့် အကျိုး အမြတ်များကိုခံစားလိုပြီး ယင်းတို့၏အာဏာကို တည်ဆောက်လိုခြင်းကြောင့် ယခု ဖြစ်စဉ်များဖြစ်ပွားသည်ကိုတွေ့ရှိရတယ်လို့ ဗိုလ်ချုပ်မှူးကြီး က ကာ/လုံအစည်းအဝေးတွင်ပြောကြားခဲ့ပါတယ်။
လောက်ကိုင်ဒေသနှင့် ပတ်ဝန်းကျင်မှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၀၆ ခုနှစ်မှစ၍ ကြီးမားသည့် မူးယစ် ဆေးဝါးဖြစ်စဉ် ၁၈ ခုရှိပြီး ဖမ်းဆီးရမိမှုအနေဖြင့် ၈၂ ကြိမ်၊ တရားခံပေါင်း ၁၄၀ ဦး၊ ကာလတန်ဖိုးငွေ ၇၁ ဒသမ ၅၉ ဘီလီယံဖိုး ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
အဆိုပါမူးယစ်ဆေးဝါးမှရရှိသည့် အကျိုးအမြတ်များကို သိရှိခြင်းကြောင့် MNDAA အဖွဲ့အနေ ဖြင့် လောက်ကိုင်ဒေသကို ပြန်လည်ရရှိအောင် လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာ ဗိုလ်ချုပ်မှူးကြီးရဲ့ပြောကြားချက်ကို ကိုးကားဖော်ပြထားပါတယ်။
-ymg/knl
၈ နိုဝင်ဘာ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း အခြေအနေများကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
နိုဝင်ဘာ(၈)ရက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး အစည်းအဝေခန်းမတွင်ကျင်းပတဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၃/၂၀၂၃)တွင် ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
MNDAA အဖွဲ့အနေ ဖြင့်လည်း ထိခိုက်ကျဆုံးမှုများစွာဖြစ်ပေါ်လျက်ရှိပြီး တပ်မတော်အနေဖြင့် လိုအပ်တဲ့ပြန်လည်လက်တုံ့ပြန်မှုတွေဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောကြောင်း နစကရဲ့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ဒေသဖြစ်စဉ် များတွင် MNDAA အဖွဲ့အနေဖြင့် တရုတ်နိုင်ငံထုတ် ကုန်ထုတ်လုပ်ငန်းသုံး Drone များကို အဓိကထားအသုံးပြု၍တိုက်ခိုက်ခဲ့ပြီး အဆိုပါ Drone ဈေးကွက်တွင်လွယ်ကူစွာဝယ်ယူ၍ရနေတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြားပါတယ်။
လာမည့်နိုဝင်ဘာ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့သော ကွမ်းလုံတံတားသစ်ဖွင့်လှစ်ရန်အတွက် စီစဉ်ပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေအနေနှင့် အချိန်အခါ၌ MNDAA က ၎င်းဒေသကိုတိုက်ခိုက်လာ သည်မှာ များစွာသတိပြုသင့်သော အချက်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ထောက်ပြပြောဆိုပါတယ်။
ယခုဖြစ်စဉ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပြီး ဖြစ်စဉ်တွင် မိမိတို့နိုင်ငံမှ ကျည်ဆံများတရုတ် နိုင်ငံအတွင်း ကျရောက်သည်ဟု ပြောဆိုမှုများကြောင့် နှစ်ဖက် တာဝန်ရှိသူများကဖြေရှင်းဆောင်ရွက်လျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ထုတ်ဖော်ပြောဆိုပါတယ်။
ယင်းအပြင်နယ်စပ် ဒေသဖြစ်သဖြင့် စစ်ဆင်ရေးဆောင် ရွက်ရာတွင် အထူးပင် ကန့်သတ်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်းနှင့် တစ်ဖက်အဖွဲ့အစည်းများအနေဖြင့် လက်လွတ်စပယ် လုပ်ဆောင်ခဲ့မှုနှင့် နှစ်နိုင်ငံအထင်အမြင်လွဲအောင် လုပ်ဆောင်နေမှုများရှိနေတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
MNDAA အဖွဲ့အနေဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် ၂၀၂၂ ခုနှစ် မှစတင်၍ ကြိုတင် ပြင်ဆင်မှုများဆောင်ရွက်ခဲ့ပြီး ယင်းတို့နှင့် မဟာမိတ်ပြုထားသော အဖွဲ့များ နှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ ကြောင်းနှင့် ထိုကဲ့သို့တိုက်ခိုက်မှု လုပ်ဆောင်ရန်ပြင်ဆင်နေခြင်းကို MNDAA အဖွဲ့၏မဟာမိတ်များနှင့် ယင်းတို့၏မိတ်ဆွေများ အားလုံးသိရှိကြတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။ ယခုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များတွင်လည်း ဦးဆောင်သူအနေဖြင့် ဖုန်ကြားရှင်၏သား ဖုန်တာရွှင်မှ ဦးဆောင် ခဲ့တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
အစိုးရအနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ အသက် အိုးအိမ်စည်စိမ်ကာကွယ်ရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွား မယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
အဓိကအားဖြင့် မူဆယ်နှင့် ချင်းရွှေဟော်ဒေသသည် နယ်စပ်ကုန်သွယ်ရေး အတွက် အဓိကထား ဆောင်ရွက်သည့် နေရာဒေသဖြစ်ပြီး လောက်ကိုင်ဒေသသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏မြို့ ဖြစ် ကြောင်း၊ MNDAA အဖွဲ့အနေဖြင့် ယင်းတို့၏ဩဇာ အာဏာကိုပြန်လည်တည်ဆောက်ရန်အတွက် ယခုကဲ့သို့ တိုက်ခိုက်မှုများကို လုပ်ဆောင်လာ ခြင်းဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ကာ/လုံကို တင်ပြသွား ပါတယ်။
ယခုဖြစ်စဉ်များဖြစ်ပွားချိန်တွင် နယ်မြေခံပြည်သူ လူထုအနေဖြင့် MNDAA အဖွဲ့သတင်းအား တပ်မတော်ထံပေးပို့မှုများရှိပြီး ထိထိ ရောက်ရောက်ပြန်လည်တုံ့ပြန် မှုများကို ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း၊ MNDAA အဖွဲ့အနေဖြင့် လောက်ကိုင်ဒေသတွင် အာဏာပြန်လည်တည်ဆောက်နိုင်ရေး၊ TNLA အဖွဲ့အနေဖြင့် ပလောင်ပြည်နယ်ရရှိရေး၊ ကိုးကန့်အနေဖြင့် ကိုးကန့်ပြည်နယ် ရရှိရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ပြောဆိုပါတယ်။
ထို့အပြင် လောက်ကိုင်ဒေသတွင် လောင်းကစားလုပ်ငန်းများတရားမဝင်ဆောင်ရွက်နေခြင်းနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်မှူးကြီးက ကာ/လုံအစည်းအဝေးတွင်ရှင်းလင်းပြောဆိုပါတယ်။
“၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် လောက်ကိုင် ဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်မှု များ များပြားလာသည့် အပြင် အခြားတရားမဝင်လုပ်ငန်းများလည်း ပါဝင်လာကြောင်း၊ အထူးသဖြင့် လောင်း ကစားဝိုင်းကိစ္စများဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်မှုများတွင် တစ်ဖက်နိုင်ငံသားများက လာရောက်ရင်းနှီး မြှုပ်နှံမှုများ ဆောင်ရွက်လာကြောင်း၊ ကိုဗစ် -၁၉ ဖြစ်ပွားချိန် နောက်ပိုင်းတွင် ၎င်းလောင်းကစားဝိုင်းများ သည် အွန်လိုင်းလောင်းကစားမှုများအဖြစ် အသွင်ပြောင်း၍ ဆက်လက်ဆောင်ရွက်ခဲ့သည်ကိုတွေ့ရတယ်”လို့ ဗိုလ်ချုပ်မှူးကြီးက ပြောဆိုပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ၎င်းဒေသ၌ အွန်လိုင်းငွေကြေးလိမ်လည်မှုများ များပြားလာခဲ့ပြီး အဆိုပါအွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသူများမှာ တစ်ဖက်နိုင်ငံသားများ ပိုင်ဆိုင် သည့် ဟိုတယ်လုပ်ငန်းများဖြစ်သည်ကို စိစစ်တွေ့ရှိရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ထုတ်ဖော်ပြော ဆိုပါတယ်။
လောက်ကိုင်နှင့် ချင်းရွှေဟော်ဒေသတွင် ဟိုတယ် ၁၅၃ ခုရှိကြောင်း၊ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)၏ ခွင့်ပြုချက်ဖြင့်ဆောက်လုပ်ထားသော ဟိုတယ် ၁၂ လုံးသာရှိပြီးကျန်ဟိုတယ် ၁၄၁ ခုမှာ လောက်ကိုင်ဒေသအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် လုပ်ပိုင်ခွင့်မရှိဘဲ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ၎င်းဟိုတယ်အများစုမှာ တစ်ဖက်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံ ဆောက်လုပ်ထားသည့် ဟိုတယ်များ ဖြစ်သည်ကိုတွေ့ရကြောင်း၊ အများစုမှာ ၂၀၁၈ ခုနှစ်နောက်ပိုင်း၌ တည်ဆောက်ခဲ့ပြီး အဆင့်မြင့် ၁၂ ထပ် ၁၃ထပ်အဆောက်အဦများကိုပင် တစ်နှစ်အတွင်း အပြီးတည်ဆောက်ခဲ့သည်ကိုတွေ့ရကြောင်း၊ အဆိုပါ ဟိုတယ်များ၌ အွန်လိုင်းငွေကြေး လိမ်လည်မှုများ နှင့် အခြားတရားမဝင်လုပ်ငန်းများဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
အဆိုပါ ဟိုတယ်များအား စိစစ်ဖော်ထုတ်အရေးယူဆောင်ရွက် သည့်အချိန်တွင် တရုတ်နိုင်ငံသား ၇၃၉၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈၉ ဦး၊ ထိုင်းနိုင်ငံသား ၁၆၂ ဦး၊ မလေး ရှား နိုင်ငံသား ၃၂ ဦးနှင့် လာအိုနိုင်ငံသား ၂ ဦးစုစုပေါင်း ၇၇၈၀ ဦးဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိ သူများထဲမှ တရုတ်နိုင်ငံသား ၆၈၉၂ဦးအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။
ကျန်ရှိသူများကို စိစစ်ဆောင်ရွက် လျက်ရှိပြီး အဆိုပါဒေသအတွင်း အွန်လိုင်းငွေကြေးလိမ်လည် မှုများနှင့် တရားမဝင်လုပ်ငန်းများဆောင်ရွက်ခြင်းမျာ မရှိစေရေး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးနှင့် ဆွေးနွေးသဘောတူချက်အတိုင်း နှစ်နိုင်ငံ Task Force ဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဖြစ်တယ်လို့ ဗိုလ်ချုပ် မှူးကြီးက အသိပေးပြောကြားပါတယ်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့က နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စစ်ဘေး ရှောင်ပြည်သူများအား လူသားချင်း စာနာ ထောက်ထားမှုအကူအညီများ ထောက်ပံ့ ပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၏အခြေအနေ၊ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများ စုပေါင်း၍ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် တပ်မတော်အနေဖြင့် နယ်မြေ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ယင်းနောက်ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၏ဌာနပြည် ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်အထူးဖိတ်ကြားထားသူများက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်နယ်မြေ၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတို့ တွင် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက တပ်စခန်းငယ်များ၊ ရဲစခန်းများ၊ မီးသတ်စခန်း များကို တိုက်ခိုက်ခဲ့မှု၊ အစိုးရအဆောက်အဦနှင့် လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း လုပ်ဆောင်ခဲ့မှု၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ အချို့မြို့နယ်များတွင် NUG လက်အောက်ခံ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များက ကျေးရွာများတွင် ဆက်ကြေးကောက်ခံခြင်းနှင့် ပြည်သူလူထုအား ရက်စက်စွာ သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့မှု၊ အကြမ်းဖက်သောင်းကျန်းသူများကို ပြည်သူနှင့်တပ်မတော်ပူးပေါင်း၍ ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်သွားရေး၊ တရားဥပဒေစိုးရေးနှင့် နယ်မြေဒေသတည် ငြိမ်အေးချမ်းရေး အမြန်ဆုံးပြန်လည်ရရှိအောင်ဆောင်ရွက်ရေးနှင့် ကယ်ဆယ်ရေး စခန်းများဖွင့်လှစ်၍ တိုက်ပွဲရှောင်ပြည်သူ များအား ကူညီစောင့်ရှောက်ပေးနေမှု ကိစ္စရပ် များကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အစည်းအဝေးတွင် ယာယီသမ္မတ ဦးမြင့်ဆွေက လက်ရှိဖြစ်ပွားနေသည့် နယ်စပ်ဒေသ သောင်းကျန်း သူများအရေးကိစ္စနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ယခုကဲ့သို့ စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည် အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်ကြောင်း၊ ယခုကိစ္စသည် သေသေချာချာ စနစ်တကျ ကိုင်တွယ်သွားရန်လို ကြောင်း၊ ယခုကဲ့သို့ တိုင်းပြည်အတွက် အရေးကြီးသည့်ကာလတွင် တစ်နိုင်ငံလုံးက တပ်မတော်ကို ထောက်ခံအကူအညီပေးရန်လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့်အသက်စွန့်တာဝန်ထမ်းဆောင် ကာကွယ် နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုရရှိနေခြင်းဖြစ်ကြောင်း၊ ယနေ့ ဆွေးနွေး တင်ပြချက်များကို မှတ်တမ်းတင်ပါကြောင်းပြောကြားခဲ့ပါတယ်။
ကာ/လုံအစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေ တို့တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
-ymg/knl
Page 91 of 231