Published 9 March 2022
ပိုလန်က တိုက်လေယာဉ်တွေပေးမယ့် ကမ်းလှမ်းချက်ကို အနောက်အင်အားကြီးနိုင်ငံတွေ အရေးတကြီး ဆုံးဖြတ်ပေးကြဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက တောင်းဆိုလိုက်ပါတယ်။
ပိုလန်က ဆိုဗီယက်ခေတ်က MiG-29 ဂျက် တိုက်လေယာဉ်တွေကို အမေရိကန်လေတပ်စခန်းရှိတဲ့ ဂျာမနီနိုင်ငံ ရမ်စတိန်းကနေ တစ်ဆင့် ယူကရိန်းကိုပို့ပေးဖို့ အဆိုပြုချက်ကို အမေရိကန်က အင်္ဂါနေ့တုန်းက ပယ်ချခဲ့ပါတယ်။ ပိုလန်က လေတပ်အနေနှင့် F-16 တိုက်လေယာဉ်တွေကို အစားဖိုးရရှိဖို့ အကြံပြုထားတာဖြစ်ပါတယ်။
Source AFP
Published 9 March 2022
အမေရိကန်နှင့်ဗြိတိန်တို့က ရုရှားထံမှ စွမ်းအင် တင်သွင်းတာတွေကို ဖြတ်ပစ်လိုက်ပြီလို့ မတ်(၈)ရက် နေ့က ကြေညာခဲ့ပါတယ်။ နိုင်ငံတကာစွမ်းအင်ကုမ္ပဏီတွေဖြစ်တဲ့ ရှဲလ်နှင့် ဘီပီတို့ကလည်း ရုရှားဆီက ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုအသစ်တွေရပ်ဆိုင်းမယ်လို့ပြောပါတယ်။
အဲဒါကြောင့် လက်ရှိမှာ ရုရှားနှင့်ယူကရိန်းပဋိပက္ခတွေကြောင့် စက်သုံးဆီဈေးနှုန်းတွေမြင့်တက်နေတဲ့ အမေရိကန်မှာ အခုလို တင်သွင်းမှုပိတ်လိုက်တဲ့အတွက် ဈေးနှုန်းတွေ ထပ်မံမြင့်တက်မယ့်အလားအလာတွေရှိနေပါတယ်။
အခုဆို အမေရိကန်ပြည်ထောင်စုက ဓာတ်ဆီဆိုင်တွေမှာ ဆီတစ်ဂါလံကို ၄.၁၇ ဒေါ်လာပေးနေရပါပြီ။ တစ်လအတွင်း တစ်ဒေါ်လာနီးပါးဖြစ်တဲ့ ၇၂ ဆင့် တက်လာပါတယ်။ ဒီဈေးနှုန်းဟာ ၂၀၀၈ခုနှစ် ကမ္ဘာ့စီးပွားရေးကျဆင်းမှုနောက်ပိုင်းမှာ ဈေးအကြီးဆုံးဖြစ်ပါတယ်။
Source AFP
Published 9 March 2022
နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စစ် ဆူဖတ်ဖရာ ဆရီမိုင်းသရဖီတပ်ကို ယနေ့မနက်ပိုင်းက နေပြည်တော်တွင် လက်ခံတွေဆုံ နှုတ်ဆက်ခဲ့တယ်လို့နစကရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ထိုင်းသံအမတ်ကြီးဟာ ကုလသမဂ္ဂနှင့် ဂျနီဗာအခြေစိုက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထိုင်းနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်တိုးမြှင့်ထမ်းဆောင်မှာဖြစ်တယ်လို့ သံတမန်အသိုင်းအဝန်းကသိရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအသစ်ရဲ့အမည်ကို ထိုင်းအစိုးရက ပေးပို့ထားပြီးဖြစ်တယ်လို့လည်း သတင်းအရင်းအမြစ်တွေကဆိုပါတယ်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည် ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်မှုလုပ်ငန်းများတွင် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ များကို တိုက်ရိုက်ပေးချေနိုင်မှုကြောင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာမည့်အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါ ဒုတိယလှိုင်းကာလအတွင်း ကုသမှုအတွက်လိုအပ်သည့် အောက်ဆီဂျင်များရရှိရေး ထိုင်းနိုင်ငံမှ ကူညီဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေတွေကိုဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နစကဥက္ကဋ္ဌ မြင်ကွင်းမှာ ရက်အတန်ကြာ ပျောက်ကွယ်နေခဲ့တဲ့အတွက် သူနှင့်ပတ်သက်လို့ ကျန်းမာရေးဆိုင်ရာ ကောလာဟလတွေများစွာထွက်ပေါ်ခဲ့ပြီးနောက် ယနေ့ ပထမဦးဆုံး ပြန်လည်ထွက်ပေါ်လာတာဖြစ်ပါတယ်။
#WorldPolitics
Published - 09 March 2022
ယူကရိန်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲကိစ္စတွေကို ညှိနှိုင်းဖြေရှင်းပေးဖို့ အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး တက်တက်ကြွကြွလုပ်ဆောင်သွားဖို့ တရုတ်တို့ ဆန္ဒရှိကြောင်း တရုတ်သမ္မတ'ရှီကျင်ဖင်'က အသိပေးပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာကို တိတိကျကျဖော်ပြသွားခြင်းမရှိသလို ရုရှားနိုင်ငံအပေါ် အနောက်အုပ်စုရဲ့ဒဏ်ခတ်ပိတ်ဆို့ မှုတွေကိုလည်း ထပ်ခါထပ်ခါ ဆန့်ကျင်ရှုတ်ချသွားပါတယ်။
ဂျာမနီအကြီးအကဲအဓိပတိ'အိုလက်ဖ်ရှော့လ်ဇ်'၊ ပြင်သစ်သမ္မတ'အီမန်နျူရယ်မက်ခရွန်'တို့နဲ့ အွန်လိုင်းကနေပြောဆိုခဲ့ရာ ယူကရိန်းအခြေအနေက စိုးရိမ်ပူပန်နေရကြောင်း၊ ဥရောပတိုက်မှာ စစ်ပွဲထပ်မံဖြစ်ပေါ်လာတဲ့အတွက် အလွန်ဝမ်းနည်းပူဆွေးရကြောင်း 'ရှီ'ကပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
"တရုတ်အနေနဲ့ ပြင်သစ်၊ ဂျာမနီ၊ အီးယူတို့နဲ့ အဆက်အသွယ်မပြတ်ရှိနေမှာဖြစ်ပါတယ်။ ပါဝင်ဖွဲစည်းထားတဲ့နိုင်ငံတွေရဲ့လိုအပ်ချက်အတိုင်း နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အတူတကွလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ စစ်ရေးပြဿနာဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမှုအားလုံးမှန်သမျှကို ကူညီထောက်ပံ့ပေးသွားပါမယ်" လို့ 'ရှီ'ရဲ့ပြောကြားချက်ကို ဖော်ပြထားတာဖြစ်ပါတယ်။
တရုတ်နဲ့ရုရှားတို့ဟာ အနောက်နိုင်ငံကိုစိန်ခေါ်ရာမှာ အကြံတူပူးပေါင်းခဲ့ကြပေမယ့် ယူကရိန်းကိုကျူးကျော်မှုကတော့ သူတို့နှစ်နိုင်ငံရဲ့ဆက်ဆံရေးသဘောထားအစစ်အမှန်ကို စမ်းသပ်ရာရောက်နေပါတယ်။
တရုတ်တို့က ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုနဲ့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုက်ရိုက်အပြစ်တင်ဝေဖန်ခြင်းတော့ မရှိသေးပါဘူး။တစ်ကမ္ဘာလုံးက စီးပွားရေးပိတ်ဆို့အရေးယူမှုတွေပြုလုပ်ထားတာကြောင့် ရုရှားတို့ရဲ့စီးပွားရေးထိခိုက်လာချိန်မှာ တရုတ်တို့ကအလျင်စလို ကူညီတာမျိုး မတွေ့ရသေးပါဘူး။
တရုတ်ဘဏ်တွေနဲ့ကုမ္ပဏီတွေက ရုရှားတို့နဲ့ပူးပေါင်းဆောင်ရွက်လိုက်ပါက သူတို့ကိုလည်းဒဏ်ခတ်ပိတ်ဆို့ မှုတွေ ပြုလုပ်လာမှာကို စိုးရိမ်နေကြတယ်လို့ သုံးသပ်မှုတွေထွက်ပေါ်လာပါတယ်။
ယူကရိန်းမှာတိုက်ပွဲတွေဖြစ်ပွားရခြင်းက ရုရှားတို့ကျူးကျော်ခြင်းကြောင့်ဖြစ်တယ်ဆိုတာကို တရုတ်တို့က ဆက်တိုက်ငြင်းချက်ထုတ်ထားပြီး ဒါဟာ နေတိုး(NATO)တပ်ဖွဲ့ တွေ ဥရောပအရှေ့ဘက်သို့ ချဲ့ထွင်လာခြင်းက ဒီပဋိပက္ခကြီးဖြစ်ရခြင်းရဲ့အဓိကအကြောင်းအရင်းဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ရုရှားတို့ ရဲ့အဆိုအတိုင်း ပြောကြားခဲ့ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့ ထောက်ပံ့ကူညီသင့်ကြောင်း၊ စစ်ပြေငြိမ်းရေးရရှိဖို့ နှစ်ဦးနှစ်ဘက်စလုံးဆွေးနွေးပြောကြားကြဖို့ တိုက်တွန်းသင့်ကြောင်း 'ရှီ'ကအလေးထားပြောဆိုခဲ့ပါတယ်။
စစ်ဘေးဒုက္ခသည်များအခက်အခဲမဖြစ်စေရေးအတွက် အင်တိုက်အားတိုက်ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တောင်းဆိုလိုက်ပြီး ယူကရိန်းကို လူသားချင်းစာနာမှုဖြင့် ထောက်ပံ့ကူညီသွားဖို့ အဆင်သင့်ရှိနေကြောင်း တရုတ်တို့က အသိပေးလိုက်ပါတယ်။
ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေက ကိုဗစ်ကပ်ရောဂါကြောင့် ပျက်စီးနေပြီးသားဖြစ်နေတဲ့ ကမ္ဘာ့စီးပွားရေးကို ထပ်မံနှောင့်နှေးစေမှာဖြစ်ကြောင်း ရှုတ်ချလိုက်ပါတယ်။
"ဒီလိုတွေလုပ်နေလို့ ဘယ်သူမှအကျိုးအမြတ်ရှိမှာမဟုတ်ပါဘူး။ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးနဲ့ ကမ္ဘာ့လုံခြုံရေးတည်တံ့ခိုင်မြဲဖို့ အတွက် တက်တက်ကြွကြွထောက်ပံ့ဆောင်ရွက်ပေးကြဖို့ လိုအပ်ပါတယ်" လို့ ဖော်ပြထားပါတယ်။
Source: CNN
Published 8 March 2022
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်နှင့် ယူကရိန်းရဲ့ပိုင်နက်အတွင်းမှာ ဇီဝဂဓာတ်ခွဲခန်း(၃၀)ကျော်ပါတဲ့ ကွန်ယက်တစ်ခု တည်ဆောက်ထားတယ်လို့ ရုရှားဗိုလ်ချူပ်ကြီးတစ်ဦးက မတ်(၇)ရက်နေ့ကအခိုင်အမာ ပြောကြားလိုက်ပါတယ်။
ရုရှားစစ်တပ်ရဲ့ ဇီဝနှင့်ဓာတုကာကွယ်ရေးတပ်များ တပ်မှူး ဒုတိယဗိုလ်ချူပ်ကြီး အီဂေါကီရီလော့ဗ်က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ ဒီဓာတ်ခွဲခန်းတွေဟာ ဆီလျော်မှုရှိတဲ့ ဇီဝလက်နက်သုတေသနလုပ်ငန်းတွေကို နယ်ပယ်(၃)ခုနှင့်လုပ်ဆောင်နေကြတာလို့ သူကဆက်ပြောပါတယ်။
ယူကရိန်းမှာ အနောက်နိုင်ငံတွေဟာ ဇီဝနှင့်ကူးစက်ရောဂါဆိုင်ရာ စမ်းသပ်မှုစီမံကိန်းမျိုးစုံကို လုပ်ဆောင်ခဲ့ကြပြီး ဒေါ်လာသန်း၂၀၀ကျော်ရင်းနှီးမြှဲပ်နှံထားခဲ့ကြတယ်လို့ သူကပြောပါတယ်။
ယူကရိန်းကျန်းမာရေးဝန်ကြီးဌာနက ဓာတ်ခွဲခန်းတွေထဲက ဇီဝဓာတ်စမ်းပစ္စည်းတွေကို အပြီးဖျက်စီးပစ်ဖို့ အမိန့်ပေးခဲ့တယ်ဆိုတာကို ရုရှားတပ်တွေ သိမ်းဆည်းမိခဲ့တဲ့ ဖိုင်တွေမှာ ပြသနေတယ်လို့ သူကပြောပါတယ်။ ကွန်တိန်နာ ၃၂၀ကျော် ဖျက်ဆီးပစ်ခဲ့ကြပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။
Source CMG/MOD Russia
Published 8 March 2022
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက မော်စကိုသည် အပြစ်ရှာသက်သက်သာဖြစ်ပြီး သူသည် ကိဗ်တွင် သူရှိနေကြောင်း တယ်လီဂရမ်တွင် ဗွီဒီယိုရိုက်ကူးပြီး တင်ခဲ့ပါတယ်။ အချို့မီဒီယာများက ဇီလင်စကီး နယ်စပ်တစ်နေရာတွင် ပုန်းအောင်းနေသည် သို့မဟုတ် ပိုလန်သို့ ထွက်ပြေးသွားပြီဟု သတင်းများ မကြာခဏထွက်ပေါ်နေအပြီး ဇီလင်စကီးက ဗွီဒီယိုတင်ခဲ့ခြင်းဖြစ်ပါတယ်။
Source : AFP
Published 7 March 2022
ယူကရိန်းက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရာရုံး ICJ မှာ ပဋိပက္ခကို ရပ်တန့်ဖို့ ချက်ခြင်းအမိန့်တစ်ရပ်ချမှတ်ပေးဖို့ တိုင်တန်းလျှောက်ထားမှုနှင့်ပတ်သက်လို့ ဒီကနေ့မှာ နယ်သာလန်နိုင်ငံ၊သည်ဟိဟ်မြို့မှာ ကြားနာမှုပြုလုပ်ရာ ရုရှားက ကြားနာပွဲကိုတက်ရောက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ တရားသူကြီးအဖွဲ့ သဘာပတိက ပြောပါတယ်။
နှုတ်ဖြင့်ကြားနာပွဲကို ရုရှားဖက်ဒရေးရှင်း တက်ရောက်မှုမရှိတဲ့အတွက် တရားရုံးက ဝမ်းနည်းမိပါတယ်လို့ ICJ ရဲ့ တရားသူကြီးအဖွဲ့ သဘာပတိ ဂျုန်းဒွန်နိုဟူးက ပြောပါတယ်။
နယ်သာလန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အလက်ဇင်းဒါးရှုဂင်းက “ သူ့အစိုးရအနေနှင့် ကြားနာပွဲ တက်ရောက်ပါဝင်ရန် ရည်ရွယ်ချက်မရှိကြောင်း တရားရုံးကို စာပို့ခဲ့တယ်လို့ သူမကပြောပါတယ်။
Source AFP
Page 211 of 230