Published 14 August 2022
လျှပ်စစ်ဓာတ်အားမလုံလောက်မှုနှင့် ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားတွေကို နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းတွေကတစ်ဆင့် ပြည်ပက ဝယ်ယူဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ဩဂုတ်၁၃ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့်ပတ်သက်တဲ့ ညှိနှိုင်းအစည်းအဝေးတစ်ခုမှာ နစကရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားခဲ့တာဖြစ်ပါတယ်။
“လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများနှင့် စက်မှုဇုန်/စက်မှုလက်မှု လုပ်ငန်းများတွင် တည်ငြိမ်သော လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို တည်ဆောက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နိုင်ငံတွင် နှစ်စဉ်တိုးတက်သုံးစွဲလာသည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်ဆောင်ရွက်ဆဲစီမံကိန်းများအနေဖြင့် ရေအား လျှပ်စစ်စီမံကိန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများအပြင် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းများနှင့် လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ဆက်လက်ပြီးတော့လည်း လေစွမ်းအင်အပါအဝင် အရင်းအမြစ်မျိုးစုံကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ် နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဘယ်နိုင်ငံကနေ လျှပ်စစ်ဓာတ်အားတွေ ဝယ်မယ်ဆိုတာနှင့် အဲဒီလုပ်ငန်းနှင်ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သူက ထုတ်ဖော်ပြောကြားသွားခြင်းမရှိပါဘူး။
နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းတွေ သွယ်တန်းပြီး အိမ်နီးချင်း တရုတ်နှင့် လာအိုနိုင်ငံတွေကနေ လျှပ်စစ်ဓာတ်အားတွေ ဝယ်ယူဖို့ ပြီးခဲ့တဲ့ အစိုးရများလက်ထက်မှာ စီစဉ်ခဲ့ပေမယ့် လုပ်ငန်းစတင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါဘူး။
အဲဒီအတွက် ယခုလို ပြည်ပမှ လျှပ်စစ်ဓာတ်တင်သွင်းမှာဟာ အိမ်နီးချင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် နှင့် လာအိုနှစ်ခုစလုံး သို့မဟုတ် တစ်ခုခုနှင့် ဖြစ်နိုင်ချေရှိတယ်လို့ အဆိုပါလုပ်ငန်းတွေနှင့် ထိတွေ့ကျွမ်းဝင်ခဲ့ဖူးတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အသိုင်းအဝန်းမှသိရှိရပါတယ်။
-ymg/knl
#Myanmar_Electricity_shortage
#Myanmar_Electricity_Import
Published 12 August 2022
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍကို အဓိကထားပြီး အခြားကဏ္ဍများပါ စီးပွား မြှင့်တင် ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ကို မတည်လိုက်တယ်လို့သိရပါတယ်။
စီးပွားရေးမြှင့်တင်ဆောင်ရွက်ဖို့ ဦးတည်ထားတဲ့ အဆိုပါရန်ပုံငွေကို လယ်ယာစီးပွား မြှင့်တင်ရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားရေး မြှင့်တင်ရေးဟူ၍ နှစ်မျိုးခွဲမြှင့်တင် ဆောင်ရွက်ဖို့ ရည်ရွယ်မတည်တာဖြစ်တယ်လို့လည်း နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါနိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေမှ ရန်ပုံငွေများ လွှဲအပ်ခြင်းအခမ်းအနားကို ယနေ့ဩဂုတ် ၁၂ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပခဲ့ရာမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်၊ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ကောင်စီအဖွဲ့ဝင်တွေ ပြည်ထောင်စုဝန်ကြီးတွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် တိုင်းတို့မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတွေ တက်ရောက်ခဲ့ကြပါတယ်။
“နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် စီးပွားရေးတိုးတက်အောင် ကြိုးစား ဆောင်ရွက်ရပါမယ်။ စီးပွားရေးနှင့် နိုင်ငံရေးဟာ ဆက်စပ်လျက်ရှိပြီး စီးပွားရေး ကောင်းမွန်မှသာလျင် နိုင်ငံရေးသည်လည်း တည်ငြိမ်မှာဖြစ်တယ်” လို့ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါအခမ်းအနားမှာပြောကြားပါတယ်။
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရမည် ဖြစ်သဖြင့် ယခုကဲ့သို့ နိုင်ငံ့စီးပွားရေး မြှင့်တင်ရေး ရန်ပုံငွေအဖြစ် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လျှင်မြန်စွာ တိုးတက် အောင်မြင်နိုင်သည့် (Quick Win)နှင့် စိုက်ပျိုးရာသီနှင့် ကိုက်ညီမှုရှိသည့် နွေစပါးနှင့် ဆောင်းသီးနှံတို့ကို ထောက်ပံ့ပေးနိုင်မည့် အခြေအနေကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နွေစပါးနှင့် နိုင်ငံ၏ အဓိကပြည်ပပို့ကုန် တစ်ခုဖြစ်သည့် ပဲတီစိမ်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် ရန်ပုံငွေပေးအပ်ခြင်းဖြစ်တယ်လို့ ဗိုလ်ချူပ်မှူး ကြီးက ဆက်လက်ပြောကြားပါတယ်။
နိုင်ငံ့စီးပွားရေးမြှင့်တင်မှုကဏ္ဍတွင် စိုက်ပျိုးရေးကို အဓိကထား အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်ပြီး ဘီလီယံ ၄၀၀ အနက် ကျန်ရှိငွေ များကို အခြားလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ဆွေးနွေးတိုင်ပင်၍ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။
လိုအပ်ချက် ရှိသည့် ဒေသများအနေဖြင့်လည်း သီးခြားအစီအစဉ်ဖြင့် လိုအပ်ပါက တင်ပြနိုင်ပြီး အချို့လုပ်ငန်း များသည် မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်၍ရနိုင်မည်ဖြစ်ပြီး ဒေသတွင်း၌ ၎င်းငွေကို တိုးပွားအောင် ဆက်လက်ဆောင်ရွက်နေရန်အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း အတွက် မတည်ပေးခြင်းပင် ဖြစ်တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ မှ ရန်ပုံငွေ လွှဲအပ်မှုအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ကျပ်၁၇၀ ဘီလီ ယံ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ ကျပ်၆၀ ဘီလီယံ၊ မြစိမ်းရောင် စီမံကိန်းများ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် တို့သို့ ပြည်နယ်တစ်ခုလျင် ကျပ်၁၀ ဘီလီယံ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်။ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့သို့ ပြည်နယ်နှင့် တိုင်းဒေသ ကြီး တစ်ခုလျင် ကျပ်၈ ဘီလီယံ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတို့နှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့သို့ ဒေသတစ်ခုလျင် ကျပ်၅ ဘီလီယံ စသည်ဖြင့် လွှဲအပ်ပေးခဲ့ပြီး စုစုပေါင်း ငွေကျပ်ဘီလီယံ ၃၃၀ လွှဲအပ်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
Source:MOI
Published 12 August 2022
အင်ဒိုနီးရှားတပ်ဖွဲ့တွေနှင့် အမေရိကန်နှင့်သူ့မဟာမိတ်တပ်ဖွဲ့တွေဟာ သောကြာနေ့က လက်တွေ့ပစ်ခတ်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါဟာ ဒေသဆိုင်ရာ ပဋိပက္ခတစ်ခုကို ဟန့်တားဖို့ဖြစ်တယ်လို့ အမေရိကန်ထိပ်တန်းဗိုလ်ချူပ်ကြီးတစ်ဦးကပြောပါတယ်။
ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ အခိုင်အမာဆောင်ရွက်မှုတွေတိုးမြှင့်လာတဲ့အပေါ် အမေရိကန်နှင့် အာရှမဟာမိတ်တွေက စိုးရိမ်မှုတွေကြီးထွားလာပါတယ်။ ဒါပေမယ့် ယခင်စစ်ရေးလေ့ကျင့်ရေးတွေထက် ယခုလေ့ကျင်မှုက ကြီးမားပေမယ့် ဒါဟာ ဘယ်နိုင်ငံတစ်နိုင်ငံကိုမှ မရည်ရွယ်ပါဘူးလို့ အမေရိကန်ကပြောပါတယ်။
ဒီလေ့ကျင့်ခန်းကို အင်ဒိုနီးရှားက စူပါ ဂရုဒါ ဒိုင်း (Super Garuda Shield) လို့ အမည်ပေးထားပြီး တရုတ်က ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်အပြီး သိပ်မကြာခင်လုပ်ဆောင်လာကြတာပါ။
“ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မတည်မငြိမ်ဖြစ်စေတဲ့လှုပ်ရှားဆေင်ရွက်မှုတွေဟာ ထိုင်ဝမ်ကို ခြိမ်းခြောက်မှုတွေ ဖြစ်နေပြီး ဒါမျိုးကို ကျွန်တော်တို့ရှောင်ရှားလိုတာဖြစ်တယ်။ ကျွန်တော်တို့ဟာနေ့တိုင်း စစ်ပွဲမဖြစ်ဖို့ ကြိုးစားတားဆီးနေတယ်” လို့ အမေရိကန် အာရှပစိဖိတ်စစ်တိုင်းမှူး ရေတပ်ဗိုလ်ချူပ်ကြီး ဂျွန် အက်ကွီလီနိုကပြောပါတယ်။
သောကြာနေ့လေ့ကျင့်မှုကိုတော့ ဩစတြေလျနှင့်စင်္ကာပူတပ်ဖွဲ့တွေက အမေရိကန်နှင့်အင်ဒိုနီးရှားတပ်ဖွဲ့တွေနှင့်အတူ ပါဝင်ခဲ့ကြပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အပါချီရဟတ်ယာဉ်တွေက စနစ်တကျပျံသန်းပြီး စက်သေနတ်တွေ၊ ဒုံးပျံတွေနှင့် တောင်ထူထပ်တဲ့လေ့ကျင့်ရေးဧရိယာမှာ ပစ်ခတ်ကြပြီး ဂျဗီလင် တင့်ကားဖျက်ဒုံကျည်တွေကိုလည်း ပစ်ခတ်လေ့ကျင့်ခဲ့ကြပါတယ်။
ဒီစစ်ရေးလေ့ကျင့်ခန်းဟာ ထိုင်ဝမ်အခြေအနေကြောင့် ပြုလုပ်တယ်ဆိုတဲ့ အချက်ကို အင်ဒိုနီးရှား တပ်ချုပ် အန်ဒီကာ ပတ်ကာဆာက ငြင်းဆိုလိုက်ပြီး ဒီပွဲကို စီစဉ်ထားခဲ့တာကြာပြီလို့ပြောပါတယ်။
အက်ကွီလီနိုက အင်ဒိုနီးရှားမိတ်ဆွေပြောတဲ့နောက် သံယောက်လိုက်ပြောရမှာပဲလို့ဆိုလိုက်ပြီး အမေရိကန်ပြည်ထောင်စုဟာ တစ်နှစ်ပတ်လုံးမှာ ဒီလိုလေ့ကျင့်ခန်းတွေ ၁၂၀ ခန့်အထိလုပ်ဆောင်နေတယ်။ ဒေသထဲက နိုင်ငံတွေ ပိုအခြေအနေကောင်းလာတဲ့အတွက် ဒီလိုလေ့ကျင့်ခန်းတွေ ပိုပြီး လွတ်လပ်လာပြီး ခက်ခဲရှုပ်ထွေးတာတွေပါလာလိမ့်မယ်လို့ ပြောသွားပါတယ်။
ကနေဒါ၊ပြင်သစ်၊အိန္ဒိယ၊မလေးရှား၊တောင်ကိုးရီးယား၊ပါပေါနယူးဂီနီ၊ အရှေ့တီမော်လ်၊နှင့်ဗြိတိန်တို့က စောင့်ကြည့်လေ့လာသူအဆင့်အဖြစ် ယခုစစ်ရေးလေ့ကျင့်မှုမှာပါဝင်ခဲ့ကြပါတယ်။
Source: AFP
#Indonesia_US_Joint_Live_Drill
#US_China
#Asia_Pacific
Published 11 August 2022
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂျပန်နိုင်ငံ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်အမတ် Mr. Hiromichi Watanabe ဦးဆောင်သည့်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ထိုသို့တွေ့ဆုံစဉ် ကမ္ဘာ့အကြီးဆုံး ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီးတည်ရှိရာ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း ဂျပန်မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအတွက် ရည်ရွယ်၍ ချယ်ရီပင်များကို ဂျပန်နိုင်ငံမှ စိုက်ပျိုးလှူဒါန်းသွားမယ့် အခြေအနေတွေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေ၊ နှစ်နိုင်ငံချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေး၊ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုများတွင် ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများတွင် သတင်းမှားများ ဖြစ်ပေါ်နေမှုနှင့် အဖြစ်မှန်များကို ဂျပန်နိုင်ငံရှိ ပြည်သူများသိရှိရန် လိုအပ်မှုများနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချူပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူတွေတက်ရောက်ကြပြီး ဂျပန်နိုင်ငံ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်အမတ်နှင့်အတူ ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေး အသင်းဥက္ကဋ္ဌ Mr. Fumio Usui နှင့် တာဝန်ရှိသူတွေတက်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Source: SAC_MOI
-ymg/knl
Published-11 August 2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာ တည်ထားနေတဲ့မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်မှုကို နစက တာဝန်ယူဆောင်ရွက်နေသည့် ကာလအတွင်း ပြီးစီးအောင်ရည်မှန်းဆောင်ရွက်နေပြီး ယခုနှစ်ကုန်ပိုင်း တွင် အကြမ်းထည်ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါတယ်။
အဲဒီအတွက် ကျွမ်းကျင်အင်ဂျင်နီယာများ၊ ခေတ်မီစက်ကိရိယာများဖြင့် နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ဩဂုတ်၁၁ရက်နေ့တွင် အဆိုပါနေရာ၌ ကျင်းပတဲ့ မုစလိန္ဒအိုင်တွင် ကျည်းပင်စိုက်ပျိုးပူဇော်ခြင်းနှင့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော် ဓမ္မစေတီတော်များ စတင်စိုက်ထူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
အခမ်းအနားမှာ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှုင်က အမှတ်(၁) ကျည်းပင်စိုက်ပျိုးမည့်နေရာတွင် ကျောက်မျက်ရတနာများ ထည့်သွင်းပူဇော်၍ ကျည်းပင်ကို မင်္ဂလာဖဲကြိုးဆွဲ၍ စိုက်ပျိုးပူဇော်ပါတယ်။
တစ်ချိန်တည်းမှာ အမှတ်(၂)ကျည်းပင်ကို ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များကလည်းကောင်း၊ အမှတ်(၃) ကျည်းပင်ကို ကောင်စီဝင် မန်းငြိမ်းမောင်နှင့် အဖွဲ့ဝင်များကလည်းကောင်း အသီးသီးစိုက်ပျိုးပူဇော်ခဲ့ကြကြောင်း သိရှိရပါတယ်။
ဆက်လက်ပြီး အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြတဲ့ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏတို့ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ဆရာတော်ကြီးများ အမှူးပြု၍ ဦးဆောင်ဘုရားဒါယကာနစက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တွေဟာ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော် ဓမ္မစေတီတော်များ စတင်စိုက်ထူပူဇော်မည့်နေရာသို့ ရောက်ရှိကြပြီး မင်္ဂလာအချိန်တွင် ပိဋကတ်ကျောက်စာတော်များကို မင်္ဂလာရွှေကြိုးဆွဲ၍ စတင်တည်ထား ပူဇော်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ် ကျမ်းစာများကို ကမ္ဘာကပါ သိရှိနိုင်ရေးအတွက် စကျင်ကျောက်တော်များပေါ်၍ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များကို တည်ထားနိုင်ရေး ဆောင်ရွက်နေတာဖြစ်ပါတယ်။
မန္တလေးမြို့၊ မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားရှိ ပဉ္စသင်္ဂါယနာတင် ပိဋကတ်ကျောက်စာရုံများအား အလေးထားစံပြု၍ တည်ထား ကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို ရေးထိုးပူဇော်ပြီးပါကလည်း ကျောက်စာချပ်များသည် ဗုဒ္ဓမြတ်စွာ၏ နှုတ်ကပါဠိတော်များကို ရေးထိုးပူဇော်ထားခြင်းဖြစ်သည့်အတွက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူ ပူဇော်ထားရှိခြင်းဖြစ်တဲ့အတွက် ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ချိန်တွင် ကျောက်စာတိုက်များအတွင်းရှိ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကိုပါ တစ်ပါတည်းလေ့လာ ကြည်ညို၍ နာယူကြည်ညိုနိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်ဖြစ်တယ်လို့သိရှိရပါတယ်။
-ymg/knl
Published 11 August 2022
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုန်အန်ရဲ့ တန်ခိုးအာဏာကြီးလှတဲ့ နှမဖြစ်သူက ကိုဗစ်-၁၉ ကူးစက်မှုနှင့်ပတ်သက်လို့ မိန့်ခွန်းပြောကြားခဲ့ရာမှာ မြောက်ကိုးရီးယားမှာ ကိုဗစ်ကူးစက်ခ့ရတာဟာ တောင်ကိုးရီးယားကြောင့် ဖြစ်တယ်လို့ စွပ်စွဲပြောဆိုသွားပါတယ်။
အဲဒီအတွက် လက်စားချေတာခံရလိမ့်မယ်လို့ တောင်ကိုးရီးယားကို သတိပေးပြောဆိုခဲ့ပါတယ်။ အဲဒီအပြင် သူမရဲ့အစ်ကိုဖြစ်သူ ကိုဗစ်-၁၉ ဘယ်လိုကူးစက်ခံရတယ်ဆိုတာကိုပါပြောလိုက်တဲ့အခါ အချို့ ပရိဿတ်တွေက မျက်ရည်တွေကျ ငိုကြွေးကြပါတယ်။ အဲဒီရုပ်သံကို မြောက်ကိုးရီးယား နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။
Source: AFP
#North_Korea
#Kim_Jong _Un
#North_Korea_Covid
Published 11 August 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးနှင့် နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးတို့က “ ထိုင်ဝမ် အရေးကိစ္စနှင့် ခေတ်သစ်တွင် တရုတ်၏ ပြန်လည်ပေါင်းစည်းရေး” အမည်ဖြင့် စက္ကူဖြူ စာတမ်းတစ်ခုကို ထုတ်ဝေလိုက်ပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ရဲ အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့ အချက်ကိုထပ်လောင်းအတည်ပြုခြင်း၊ အမျိုးသား ပြန်လည်ပေါင်းစည်းရေးအပေါ် တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်ပြည်သူတွေနှင့် သူတို့ရဲ့ ကတိကဝတ်တွေကို လက်တွေ့ပြသခြင်းနှင့် ခေတ်သစ် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရတို့ရဲ့ ရပ်တည်ချက်နှင့် မူဝါဒတွေကို အလေးပေးဖော်ပြခြင်းတို့အတွက် အဲဒီစက္ကူဖြူစာတမ်းကို ထုတ်ဝေလိုက်တာဖြစ်တယ်လို့ ဆင်ဟွာသတင်းမှာဖော်ပြထားပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၂၇၅၈ဟာ တရုတ် တစ်နိုင်ငံတည်း သဘောတရားရဲ့ တရားဝင်အာဏာဟာ သံသယဖြစ်စရာမလိုဘဲ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတယ်ဆိုတာကို အတိုဆုံးနှင့်အရှင်းဆုံးဖော်ပြတဲ့ နိုင်ငံရေးစာရွက်စာတမ်းတစ်ခုဖြစ်တယ်လို့ စက္ကူဖြူ စာတမ်းက ရေးသားထားပါတယ်။
တရုတ်တစ်နိုင်ငံတည်း အခြေခံသဘောတရားဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ အားလုံးသဘောတူတဲ့ အမျာဆန္ဒကို ကိုယ်စားပြုပြီး နိုင်ငံတကာဆက်ဆံရေးရဲ့ အခြေခံစံနှုန်းတွေပါဝင်တယ်လို့ အဆိုပါစာတမ်းကပြောပါတယ်။
“ ကျွန်ုပ်တို့ဟာ တရုတ်တစ်နိုင်ငံဖြစ်သည်။ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းဖြစ်သည်။ ယင်းသည် သမိုင်းနှင့် ဥပဒေက ထောက်ခံပေးထားသော အငြင်းပွားစရာမလိုသည့် အချက်ဖြစ်သည်။ ထိုင်ဝမ်သည် နိုင်ငံတစ်နိုင်ငံ ဘယ်တော့မှမဟုတ်။ တရုတ်၏ အစိတ်အပိုင်းဟူသော အဆင့်အတန်းသ်ည ဘယ်သောအခါမှပြောင်းလဲမည်မဟုတ်ပေ” လို့ စာတမ်းကရေးပါတယ်။
ထိုင်ဝမ်အရေးကိစ္စဖြေရှင်းရန်နှင့် တရုတ်၏ ပြီးပြည့်စုံသော ပြန်လည်ပေါင်းစည်းခြင်းကို လက်တွေ့နားလည်သည် သမိုင်းပေး မစ်ရှင်တစ်ခုကို တရုတ်ကွန်မြူနစ်ပါတီက ဆောင်ရွက်ရန် ကတိကဝတ်ပြုတယ်လို့လည်းဆိုပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုအောက်မှာ ထိုင်ဝမ်ရေလက်ကြားက နှစ်ဘက်သောပြည်သူတွေဟာ ရေလက်ကြားတစ်လျောက် တင်းမာမှုလျှော့ချရေးအတွက် အတူတကွအလုပ်လုပ်ခဲ့ကြတယ်လို့လည်းပြောပါတယ်။
သူတို့ဟာ ငြိမ်းချမ်းသော ဖွံဖြိုးတိုးတက်ရေးလမ်းကြောင်းကို ချမှတ်ခဲ့ကြပြီး ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးတွေ တိုးတက်စေဖို့ များစွာသော အောင်မြင်ဖြစ်ထွန်းမှုတွေလုပ်ခဲ့ကြတယ်လို့လည်း စာတမ်းမှာရေးပါတယ်။
ဒီမိုကရက်တစ်တိုးတက်ရေးပါတီ အာဏာပိုင်တွေရဲ့ လုပ်ဆောင်မှုဟာ ရေလက်ကြားဖြတ်ကျော်တင်းမာမှုတွေ ရရှိခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အန္တရာယ်ဖြစ်စေခဲ့တယ်။ပြီးတော့ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းဖို့ အလားအလာတွေကို လျော့ပါးစေပြီး ခွင်ကို ကန့်သတ်သွားစေတယ်။ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်တွေ တိုးတက်ဖို့ ဒီအတားအဆီးတွေကို ဖယ်ရှားရမယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။
ထိုင်ဝမ်ခွဲထွက်ရေးသမားတွေဟာ ပြင်ပအင်အားတွေအပေါ်မှီခိုနေလို့ ဘာမှရမှာမဟုတ်ဘဲ ထိုင်ဝမ်ကိုအသုံးချပြီ တရုတ်ကို ထိန်းချုပ်ဖို့လုပ်ဆောင်တာတွေဟာ ပျက်စီးခြင်းကြုံပြီးကျရှုံးရလိမ့်မယ်။ အမျိုးသားပြန်လည်ပေါင်းစည်းရေးကို ရှေ့ရှုလည်ပတ်တဲ့ သမိုင်းဘီးတွေကို ဘယ်လို့ တစ်ဦးချင်း ဘယ်လို အင်အားတွေနှင့်မှ ရပ်တန့်နိုင်လိမ့်မယ်မဟုတ်ဘူးလို့လည်း စာတမ်းကရေးသားပါတယ်။
“ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကို လက်တွေ့သဘောပေါက်ဖို့ ပြည်မနှင့်ထိုင်ဝမ်တို့ဟာ သူတို့ကိုယ်ပိုင် လူမှုရေးစနစ်နှင့် အတွေးအခေါ်တွေရှိတယ်ဆိုတာ ကျွန်ုပ်တို့ အသိအမှတ်ပြုကြရမှာဖြစ်တယ်။ နိုင်ငံတစ်ခု ၊စနစ်နှစ်ခု အခြေခံသဘောတရားဟာ ဒီပြဿနာအတွက် အကျုံးဝင်ဆုံးသော အဖြေဖြစ်တယ်။ ထိုင်ဝမ်အရေးကိစ္စအတွက် ငြိမ်းချမ်းသောအဖြေရှာရန်မှာ ဒီမိုကရေစီသဘောတရားကို အခြေခံပြီး စိတ်ရင်းစေတနာရင်းဖြင့် ချည်းကပ်ကြကာ နှစ်ဖက်အကျိုးရှိအောင်လုပ်ဆောင်ကြရမှာဖြစ်တယ်။ မတူညီတဲ့ လူမှုစနစ်ဟာ ပြန်လည်ပေါင်းစည်းရေးအတွက် အတားအဆီးမဖြစ်သလို ခွဲထွက်ဖို့ အကြောင်းပြချက်လည်းမဟုတ်ဘူး” လို့ စာတမ်းတစ်နေရာမှာ ဖော်ပြထားပါတယ်။
“ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းဖို့ အရိုးသားဆုံးနှင့် အတတ်နိုင်ဆုံးကြိုးပမ်းအားထုတ်မှုတွေနှင့်လုပ်ဆောင်မယ်။ ဒါပေမယ့် အင်အားအသုံးပြုတာကိုတော့ ငြင်းဆိုမှာမဟုတ်ဘူး။ လိုအပ်တဲ့အရေးယူမှုလုပ်ဆောင်မှုအတွက် နည်းလမ်းကိုအရန်သင့် လုပ်ထားမယ်။ ဒါဟာ ပြင်ပ စွက်ဖက်မှုနှင့် ခွဲထွက်ရေးလှုပ်ရှားမှုတွေကို စောင့်ကြပ်ဖို့ဖြစ်တယ်။ထိုင်ဝမ်က ကျွန်ုပ်တို့ရဲ့ တရုတ်ရောင်းရင်းတွေကို ရည်ရွယ်စရာ အကြောင်းကိုမရှိဘူး။ တောင်းဆိုတဲ့ အခြေအနေတစ်ခုခုကြောင့်သာ အင်အားသုံးတာကို နောက်ဆုံးနည်းလမ်းအဖြစ်အသုံးပြုမယ်” လို့ စာတမ်းကရေးသားထားပါတယ်။
Source: Xinhua
#White_paper_CPC
#Taiwan_China
#CPC_White_Paper_Reunification
Page 157 of 221