#Local_News
Published_ 29 July 2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆိုလက်ခံ ပေးလျက်ရှိရာ ဇူလိုင် ၂၈ ရက်တွင် ၂၂၂ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ်အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်နှင့် မဲကနယ် အသွားအလာ ကန့်သတ်စောင့်ကြည့် ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာကန့်သတ်ထားရှိ ကာ ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာမြို့နယ်များသို့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
မနေ့က ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၁၅၅ ဦး၊ အမျိုးသမီး ၆၇ ဦး စုစုပေါင်း ၂၂၂ ဦးရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 29 July 2022
ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပိုမိုလွယ်ကူမြန်ဆန်စေရေး ကုန်တင်ယာဉ်များနှင့် ကုန်စည်ဖလှယ်ရေးလုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်နိုင်ရေးစသည့်ကိစ္စရပ်များနှင့် ဇူလိုင် ၂၈ ရက်က ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဆွေးနွေးရာတွင် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး ပြည်နယ်အဆင့် ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နယ်စပ်ကုန်စည်စီးဆင်းမှု လုပ်ငန်းများနှင့် ပိုမိုလွယ်ကူလျင်မြန်စေရေးအတွက် ကုန်တင်ယာဉ်များ စနစ်တကျ စီမံပြေးဆွဲနိုင်ရေး၊ ကန်ပိုက်တီနယ်စပ်တွင် ကုန်တင်ကုန်ချ/ကုန်စည်ဖလှယ်ရေးကွင်းဆင်း ဆောင်ရွက်သွားမည့် အစီအမံများ၊ စိုက်ပျိုးရေးထုတ်ကုန်သီးနှံများ စနစ်တကျတင်ပို့နိုင်ရေး ကြိုတင်ညှိနှိုင်းဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားပါတယ်။
ဆက်လက်၍ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ကုန်စည်တင်ပို့မှုများနှင့် စပ်လျဉ်း၍ ဒေသခံမော်တော်ယာဉ်များကို ဦးစားပေးဆောင်ရွက်နိုင်ရေးနှင့် အသင်းအဖွဲ့များနှင့် ညှိနှိုင်းချိတ်ဆက်၍ ဆောင်ရွက်သွားရေး ဆွေးနွေးပါတယ်။
ထို့နောက် တက်ရောက်လာသူများက နယ်စပ်ကုန်စည်တင်ပို့မှု လုပ်ငန်းများနှင့် ပတ်သက်၍ သီးနှံများတင်ပို့မည့်အချိန်တွင် မော်တော်ယာဉ်များ အဆင်ပြေချောမွေ့စေရေး၊ ကန်ပိုက်တီနယ်စပ် ဂိတ်တွင်သာ မြန်မာ-တရုတ်ကုန်တင်ယာဉ်ကြီးများ ကုန်စည်များဖလှယ်၍ ကားချိန်းတင်ပို့မည့်စနစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကိစ္စရပ်များဆွေးနွေးကြပါတယ်။
ထို့ပြင် လိုင်စင်ရှိမော်တော်ယာဉ်များဖြင့်သာ စိစစ်တင်ပို့ဆောင်ရွက်သွားမည့် အစီအမံများ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်များ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံနိုင်ရေး၊ နယ်စပ်ကုန်စည်တင်ပို့မှုလုပ်ငန်းများနှင့်ပတ်သက်၍ နှစ်နိုင်ငံတည်ဆဲ ဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးရမယ့် ကိစ္စများကို ဆွေးနွေးခဲ့ကြပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published _ 29 July 2022
မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် တရားမဝင်ကုန်သွယ်မှု တားဆီးနိုင်ရေးနှင့် ဖမ်းဆီးနိုင်ရေးတို့အတွက် ဆက်သွယ်သတင်းပေးပါက ဆုငွေပေးမည်ဟုဆိုကာ ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်များကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်းအသီးသီးမှ စားသုံးရန်မသင့်သည့် စားသောက်ကုန်များ၊ အရည်အသွေးနိမ့် လူသုံးကုန်ပစ္စည်းများ၊ တရားမဝင်ဆေးဝါးများနှင့် အခွန်ပေးဆောင်ထားခြင်းမရှိသည့် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများအား ကုန်သွယ်ရေးစခန်းများ၊ စစ်ဆေးရေးစခန်းများနှင့် တိုင်းနှင့်ပြည်နယ်အလိုက် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များမှ တားဆီး၊ ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ပြုလုပ်ရာတွင် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ တားဆီးထိန်းချုပ်နိုင်ရေးလုပ်ငန်းများ၌ ပြည်သူလူထုမှ ပူးပေါင်းပါဝင်ပါက ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။
ပြည်သူများ ပူးပေါင်းပါဝင်မှုများလာစေရန် တရားမဝင် တင်သွင်း၊ တင်ပို့မှုများနှင့် ပတ်သက်၍ တားဆီး၊ ဖမ်းဆီးပစ္စည်းများအပေါ် ရွေးယူဒဏ်ငွေတပ်ရိုက်ခြင်း (သို့) လေလံတင် ရောင်းချခြင်းမှရရှိငွေ၏ ၃၀ ရာခိုင်နှုန်းအား ဖမ်းဆီးသူများ၊ ၂၀ ရာခိုင်နှုန်းအား သတင်းပေးသူများအတွက် ဆုငွေများချီးမြှင့်လျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ဆုငွေများချီးမြှင့်ပေးလျက်ရှိသဖြင့် တရားမဝင် တင်သွင်း၊တင်ပိုမှုများ တွေ့ရှိပါက တင်သွင်း၊ တင်ပို့ပစ္စည်းများနှင့်ပတ်သက်၍ သတင်းအချက်အလက် တိတိကျကျအား တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များထံ သတင်းပေးတိုင် ကြားနိုင်ကြောင်း သိရသည်။
သတင်းပေးပို့သူ၏ အချက်အလက်များကို လျှိုဝှက်စွာထိန်းသိမ်းထားရှိသွားမည်ဖြစ်ကာ ရရှိမည့်ဆုငွေများအား လျှိုဝှက်စွာဆက်သွယ်အကြောင်းကြား၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ymg/NN
#Yangon_Media_Group
#Local_News
Published _ 29 July 2022
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)မှ သြဂုတ်လ ၁၀ ရက်မှစတင်၍ ရန်ကုန်-ဖနွမ်းပင်-ရန်ကုန် ခရီးစဉ်အားပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပျံသန်းပြေးဆွဲရာတွင် သြဂုတ်လ ၁၀ ရက်၊ ၂၀ ရက်နှင့် ၃၀ ရက်များ၌ ရန်ကုန်လေဆိပ်မှ နံနက် ၇ နာရီတွင် စတင်ထွက်ခွာပြီး ဖနွမ်းပင်မြို့သို့ ဒေသစံတော်ချိန် ၉ နာရီ ၂၅ မိနစ်၌ ရောက်ရှိမည်ဖြစ်သည်။
ဖနွမ်းပင်မြို့မှ ဒေသစံတော်ချိန် ၁၀ နာရီ ၂၅ မိနစ်၌ ပြန်လည်ထွက်ခွာ၍ ရန်ကုန်လေဆိပ်သို့ နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကာ ခရီးစဉ်တစ်ကြောင်းစာအတွက် လေယာဉ်လတ်မှတ်ခအနေဖြင့် အမေရိကန်ဒေါ်လာ ၂၃၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)မှ Air KBZ နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံရှိ မြို့ကြီး ၁၈ မြို့သို့ ရန်ကုန်မြို့မှ တဆင့်အပတ်စဉ် ပျံသန်းပြေးဆွဲပေးလျက်ရှိနေကြောင်း သိရသည်။
ယင်းအပြင် ပြည်ပခရီးစဉ်များအဖြစ် မန္တလေး-ဘန်ကောက်-မန္တလေး ၊ ရန်ကုန်-တိုကျို-ရန်ကုန် ၊ ရန်ကုန်-ဘန်ကောက်-ရန်ကုန် ၊ ရန်ကုန်-စင်ကာပူ-ရန်ကုန် ၊ ရန်ကုန်-နယူးဒေလီ-ရန်ကုန် ၊ ရန်ကုန်-ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်များကိုလည်း ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 29 July 2022
အိမ်ထောင်စုများ၏ နေ့စဉ်ဝယ်ယူစားသောက်နေရသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ရာခိုင်နှုန်း ၃၀မှ ရာခိုင်နှုန်း ၇၀
အထိ သိသာစွာမြင့်တက်ခဲ့ကြောင်း Save The Children ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
စားသောက်ကုန်ဈေးနှုန်းများ တက်လာသကဲ့သို့ စီးပွားရေးကျဆင်းမှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ အလယ်အလတ်ဝင်ငွေရှိသည့် အိမ်ထောင်စုများသည်လည်း ဆင်းရဲမွဲတေမှုအညွှန်းကိန်းအဆင့်အောက်သို့ လျော့ကျလျက်ရှိကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီမှစပြီး နိုင်ငံ၏ စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင်အများအပြားဆုံးရှုံးမှု၊ စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းခံရမှုနှင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုများသည် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများကို ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် Save The Children မှ ကောက်ယူထားသည့်အချက်အလက်များအရ ၈၀ ရာခိုင်နှုန်းသော မိသားစုများ၏ အဓိကစိုးရိမ်မှုသည် ယင်းတို့အတွက် အစားအသောက်ပုံမှန်ရရှိရေးဖြစ်ကြောင်း ဖော်ပြထားသည်။
အလားတူ အိမ်ထောင်စု ငါးခုတွင် တစ်ခုသည် ၎င်းတို့၏ ကလေးငယ်များအတွက် အစားအသောက်မလုံလောက်မှုဖြစ်နေပြီး အချို့အိမ်ထောင်စုများသည်လည်း အစားအသောက်အတွက် အကူအညီထောက်ပံ့မှုများဖြင့် ရပ်တည်နေရကြောင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 29 July 2022
လျှပ်စစ်ဓာတ်အား သုံးစွဲဝန်အားများသော အချိန်များတွင် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ နေရာအချို့တို့၌ အချိန်ပိုင်းယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အသိပေးကြေညာထားသည်။
ဇူလိုင်လ ၂၈ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် 230kV မန်စံ-ရွှေစာရံ မဟာ ဓာတ်အားလိုင်း အပြစ်ဖြစ်ပွားခဲ့ပြီး အဆိုပါ အပြစ်ဖြစ်မှုအား အချိန်နှင့်တစ်ပြေးညီ ရှာဖွေစစ်ဆေးခဲ့ရာ တာဝါတိုင်အမှတ် (၆၁၃) ယိုင်နဲ့နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ဆဖာ်ပြထားသည်။
အဆိုပါ 230kV ဓာတ်အားလိုင်း အပြစ်ဖြစ်ပွားမှုကြောင့် ရွှေလီဓာတ်အားထုတ်စက်မှ လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးနိုင်မှု (300)MW ခန့် လျော့နည်းလျှက်ရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားထုတ်လွှတ်မှုလျော့နည်းနေချိန်၌ ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန် လျှပ်စစ်ဓာတ်အားသုံးစွဲဝန်အားများသော အချိန်များတွင် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ယနေ့(ဇူလိုင် ၂၉)ရက်နေ့မှစ၍ ယခင်မီးပေးနေသည့်အုပ်စု A,B အတိုင်းအလှည့်ကျဓာတ်အားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အချို့တွင် အသိပေးထုတ်ပြန်ထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 28 July 2022
တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း (က) ရက်ကွက်၊ မြို့ပတ်လမ်းပေါ်မှာရှိတဲ့ ပီဇာဆိုင်အခန်းတခုအတွင်းမှာရှိတဲ့ အောက်ခင်းကြွေပြားတွေနဲ့ နံရံတွေရုတ်တရတ် အပူချိန်ပြင်းလာတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 1756 of 2112