#LocalNews
Published - 25 Feb 2022
၂၀၂၁ ခုနှစ်၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ထောက်ပံ့မှုဖြင့် ဖော်ဆောင်သည့် “ခရီးသွားလာရေးသုတေသနစင်တာတည်ဆောက်မှု” စီမံကိန်းစတင်ခြင်း အခမ်းအနားနှင့် စီမံကိန်းပမာဏဆိုင်ရာသုတေသန (Quantitative Research) လေ့ကျင့်ရေးသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့(ဖေဖော်ဝါရီလ ၂၄ ရက်)နေ့က ကျင်းပ ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားတွင် သံအမတ်ကြီး Mr. Chen Hai က "လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စတင်ဖော်ဆောင်လာကတည်းက ပြည်သူများနှင့်တစ်သားတည်းဖြစ်ခြင်း၊ ဖွံ့ ဖြိုးတိုးတက်မှု ဖော်ဆောင်ခြင်း၊ ပြည်သူလူနေမှုဘဝအကျိုးပြုသည့်စီမံကိန်းဖြင့် လန်ချန်း-မဲခေါင်ဒေသ နိုင်ငံများ လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်မှုနှင့် ပြည်သူလူနေမှုဘဝ ကောင်းမွန်လာစေရေးအတွက် အကျိုးထမ်းဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အထူးရန်ပုံငွေထောက်ပံ့မှုရရှိသည့် စီမံကိန်းပေါင်း ၇၃ ခု ရှိပြီးဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ သိပ္ပံနည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးစသည့်ကဏ္ဍမျိုးစုံ ပါဝင်တယ်။"လို့ ပြောကြားခဲ့ပါတယ်။
ခရီးသွားလာရေးသုတေသနစင်တာ တည်ဆောက်ခြင်းသည် ရန်ပုံငွေကထောက်ပံ့ထားသည့် ခရီးသွားလာရေးကဏ္ဍတွင်အရေးပါစီမံကိန်းဖြစ်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသုတေသနနှင့် ခေတ်မီခရီးသွားရေးစနစ် တည်ဆောက်မှုကို ထိရောက်စွာဖော်ဆောင်ပြီး ကပ်ရောဂါအလွန် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာမှုကို အထောက်အကူပြုမည်ဟုယုံကြည်ကြောင်း သံအမတ်ကြီး Mr. Chen Hai က
ဆိုပါတယ်။
ဆက်လက်၍ သံအမတ်ကြီးက မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ ခရီးသွားလာရေးကဏ္ဍ ကပ်ရောဂါကာကွယ်ရေးနှင့် ပြန်လည်ဦးမော့လာရေး အတွေ့အကြုံကိုမျှဝေလိုပြီး မူဝါဒညှိနှိုင်း မှုနှင့် လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ကာ နှစ်နိုင်ငံနှင့် လန်ချန်း-
မဲခေါင်နိုင်ငံ လူမှုရေးနှင့်ယဉ်ကျေးမှုခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှုကို အတူတကွဖော်ဆောင်သွားလိုတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
မြန်မာဘက်ကမှ တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ ဖြိုးတိုးတက်မှုအား ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းနိုင်ငံနှင့်ပြည်သူများကို လက်တွေ့ကျအကျိုးဖြစ်ထွန်းစေကြောင်း၊ လေ့ကျင့်ရေးစင်တာတည်ဆောက်မှုသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း သက်ဆိုင်ရာဘက်အသီးသီးကို အကျိုးပြုမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံပညာရှင်များပါဝင်မှုသည်လည်း မြန်မာနိုင်ငံခရီးသွားလာရေး သုတေသနလုပ်ငန်း အဆင့်အတန်းမြှင့်တင်မှုအတွက်လည်း အရေးပါသည့်အခန်းကဏ္ဍမှပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ တယ်လို့ သိရပါတယ်။
“ခရီးသွားလာရေးသုတေသနစင်တာတည်ဆောက်ခြင်း” စီမံကိန်းကာလသည် တစ်နှစ်ဖြစ်ပြီး သုတေသနစင်တာနှင့် သုတေသနအဖွဲ့ ဖွဲ့စည်းတည်ဆောက်ကာ မြန်မာနိုင်ငံထံ ခရီးသွားလုပ်ငန်းသက်ဆိုင်ရာအသိပညာဗဟုသုတ၊ ဆော့ဖ်ဝဲလ်နှင့် လေ့ကျင့်မှု ထောက်ပံ့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယူနန်ဘဏ္ဍာရေးတက္ကသိုလ် ခရီးသွားလာမှုစီမံခန့်ခွဲမှုပညာရှင် ပါရဂူ Ms. Zhang Min က ပြည်ပအတိုင်ပင်ခံပညာရှင်အနေဖြင့် စီမံကိန်းတွင်ပါဝင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ymg/kg
#Yangon_Media_Group
#LocalHealth
Published - 25 Feb 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖျားနာသူ၅၀၀ခန့်ကိုဗစ်ရောဂါပိုးတွေ့ အတည်ပြုလူနာ(၂၂)ဦးထပ်မံတွေ့ရှိရတယ်လို့ မြို့ နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနကသိရပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သီပေါမြို့နယ်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ Positiveလူနာများနဲ့ထိတွေ့ခဲ့သူများ၊ ဖျားနာသူများ(၄၉၈)ဦးအား COVID-19 Antigen RDT Test Kit ဖြင့်ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ(၂၂)ဦးတွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရတာလို့ သိရပါတယ်။
"ဖျားနာတဲ့လူတွေရော ပိုးတွေ့လူနာနဲ့ထိစပ်သူတွေရော စစ်ဆေးတာမှာလူနာသစ် ၂၂ဦးတွေ့တာဖြစ်ပါတယ် အားလုံး ကိုဗစ်စည်ကမ်းနဲ့အညီကုသပေးနေပါတယ်"လို့ မြို့နယ်ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အဆိုပါပိုးတွေ့လူနာများအား သီပေါမြို့နယ် ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသကြပ်မတ်ဆောင်(Isolation Ward)တွင် ဆေးကုသနိုင်ရေး ဆောင်ရွက် ထားရှိကြောင်းနှင့် ၎င်းပိုးတွေ့လူနာနှင့်ထိတွေ့ဆက်စပ်သူများအား Home Quarantine ထားရှိ ထားတယ်လို့ သိရပါတယ်။
သီပေါမြို့နယ်တွင်ဖေဖော်ဝါရီလ ၂၄ရက်အထိကိုဗစ်ရောဂါပိုးတွေ့ အတည်ပြု လူနာပေါင်း (၁၈၃၀)ဦးရှိပြီး၊ သေဆုံးသူ(၁၀၁)ဦးရှိပြီဖြစ် ကာလက်ရှိမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ(၆၂)ဦးရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 25 Feb 2022
ဒီကနေ့ ( ဖေဖော်ဝါရီ ၂၅ ရက်)၊ နံနက်အစောပိုင်း အချိန်က တာချီလိတ်-ဝမ်ပုံသွားလမ်းတွင် (၁၂)ဘီးယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်နိုကျေးရွာအနီး တာချီလိတ်-ဝမ်ပုံသွားလမ်းတွင် သံဖရိန်၊ ဘိလပ်မြေဖျော်အိုးနှင့် ကော်ဇောလိပ်များ တင်ဆောင်မောင်းနှင်လာသော Nissan အမျိုးအစား(အဖြူရောင်) (၁၂)ဘီးယာဉ်
တစ်စီးဟာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ မီး လောင်မှုကို တာချီလိတ်ခရိုင် မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဖန်မင်(ဝမ်ပုံ)နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ၊မိနစ် ၄၀ အချိန်မှာ မီးကိုငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
#LocalNews
Published_ 25 Feb 2022
ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်အထိ တစ်ပတ်အတွင်း တစ်နိုင်ငံလုံးမှာ တရားမဝင်သစ် တန် ၃၃၀ ကျော်၊ တရားမဝင် သစ်ထုတ်သူ ၂၇ ဦးနဲ့ ယာဉ်/ယန္တရား ၁၄ စီး ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
သစ်တောဦးစီးဌာနရဲ့စာရင်းများအရ တရားမဝင် ကျွန်းသစ် ၆၅ ဒသမ ၉၇၆၆ တန်၊ သစ်မာ ၃၁ ဒသမ ၉၁၅ တန်၊ အခြား ၂၃၃ ဒသမ ၈၇၈၆ တန်၊ စုစုပေါင်း ၃၃၁ ဒသမ ၇၇၀၂ တန်၊ လူ ၂၇ ဦး၊ ယာဉ်/ယန္တရား ၁၄ စီး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ဖေဖော်ဝါရီ ၈ ရက်က ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ လမူးဘိနယ်၊ ငှက်ပျောတောကျေးရွာ အနီး၊ လမူးချောင်းနံဘေးနဲ့ အနီးဝန်းကျင်မှ တရားမဝင် တောင်သရက်/ကညင်/သစ်ပုတ် ခွဲသား ၄၉၉ ချောင်း (၅၃ ဒသမ ၃၇၁ တန်) ၊ လက်ကိုင်စက်လွှနှစ်လက်တို့ ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်အထိ တစ်ပတ်အတွင်း ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်း တရားမဝင် ကျွန်း၊ သစ်မာနှင့် အခြားသစ် အမျိုးစားများ စုစုပေါင်း ၉၂ ဒသမ ၅၂၃ တန် ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
#local_news
Published_ 24 Feb 2022
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ၁၂ ခုတွင် လုပ်ငန်းပေါင်း ၄၄ ခု စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈၂၃ ဒသမ ၀၁၅ သန်း ခွင့်ပြုပေးခဲ့ကြောင်း နစကရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြည်ပမီဒီယာများရဲ့မေးမြန်းမှုမှာ ဖြေကြားထားပါတယ်။
ယင်းတို့အနက် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၀၆၂ ဒသမ ၁၃၈ သန်းဖြင့် ပထမ၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၂၃၇ ဒသမ ၅၆၄ သန်းဖြင့် ဒုတိယ၊ စက်မှုကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၁၉၉ ဒသမ ၈၉၄ သန်းဖြင့် တတိယအများဆုံး ရင်းနှီးမြှုပ်နှံထားတယ်လို့ ဆိုပါတယ်။
နိုင်ငံအလိုက်အနေဖြင့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ အမေ ရိကန်ဒေါ်လာ ၂၅၀၄ ဒသမ ၄၃၅ သန်းဖြင့်အများဆုံးဖြစ်ပြီး၊ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံ မှုပမာဏ အမေရိကန်ဒေါ်လာ ၅၁၆ ဒသမ ၄၂၉ သန်းဖြင့် ဒုတိယ၊ စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၄၂ ဒသမ ၂၀၂ သန်းဖြင့် တတိယ အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှစ၍ ပြန်ဝင်လာခဲ့ကြသည်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဌာနအနေဖြင့် Business visa ထောက်ခံဆောင်ရွက်ပေးပြီး Relief Flight များဆောင်ရွက်ပေးခဲ့သည့် ကုမ္ပဏီပေါင်း ၃၂၀၀ ကျော်ရှိကာ နိုင်ငံခြားသားအရေ အတွက်အားဖြင့် ၉၀၁၀ ရှိပြီး၊ ပြည်ပနိုင်ငံကြီးများ၏ ဖိအားပေးမှုကြောင့် ထွက်ခွာသွားသည့် ကုမ္ပဏီကြီးများရှိသကဲ့သို့ အသစ်ဝင်လာသည့် ကုမ္ပဏီများလည်း ရှိတယ်လို ပြည်ထောင်စုဝန်ကြီးက သတင်းထောက်ကို ဖြေကြားခဲ့ပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1904 of 1946