Published - 22 July 2022
အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်များကို SKYNET မှ တရားဝင်တစ်ဦးတည်း မူပိုင်ထုတ်လွှင့်ခွင့်ရရှိခြင်း (၁၀)နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို ဇူလိုင်လ(၂၁)ရက်တွင် Lotte Hotel ၌ ကျင်းပခဲ့ပါသည်၊၊
၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးကို ဩဂုတ်(၆)ရက်နေ့စနေနေ့မနက်(၁) နာရီခွဲမှစတင်ပြီးSKYNET ရုပ်သံလိုင်းကနေ တိုက်ရိုက်(live) ကြည့်ရူနိုင်မည်ဖြစ်သည်၊၊
(၁၀)နှစ်ပြည့်အခမ်းအနားမြင်ကွင်းပုံများ




#Yangon_Media_Group
#DailyNews
Published - 22 July 2022
၁။ Yangon Water bus လာမည့် အောက်တိုဘာလတွင် ပြန်လည်ပြေးဆွဲသွားမည်
၂။ ဆီစက်လုပ်ငန်းရှင်များအား ချေးငွေထုတ်ပေးရန် စီစဉ်နေဟုဆို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ သရက်သီးမျိုးကွဲပေါင်း (၃၀၀) ကျော် ဖန်တီးခဲ့သည့် အိန္ဒိယအဘိုးအို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_22 July
မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်တွင် ဗုံးနှစ်ကြိမ်ပေါက်ကွဲပြီး သံဃာတော်တစ်ပါးနှင့် လူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ (၂၂)ရက်၊ နံနက် ၉ နာရီခန့်က ပုသိမ်ကြီးမြို့နယ်၊ရန်ကင်းတောင်သွား ကားလမ်းဘေး၊ ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းအနီးဗုံးနှစ်ကြိမ်ပေါက်ကွဲခြင်းဖြစ်ပြီး သံဃာတစ်ပါးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
အမည်မသိသူများက လျှပ်စစ်မီတာစစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နေသော EPC ဝန်ထမ်းများအား ဗုံးဖြင့်ပစ်ပေါက်ခဲ့ရာ ဗုံးပေါက်ကွဲမှုကြောင့် EPC စာရေးတစ်ဦး၏ငယ်ပါ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် ပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီးတွင်ဖြတ်သန်းသွားသည့် သံဃာတော်တစ်ပါး၏ လက်၊ ခြေထောက်နှင့်ဦးခေါင်းတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒုတိယအကြိမ်ဗုံးပေါက်ကွဲမှုတွင် တပ်မတော်သားတစ်ဦး လက်မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ဒဏ်ရာရရသူအားလုံးကို ဆေးရုံပို့ထားပြီးပြီ ဖြစ်ကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 22 July 2022
ပြည်ပသို့ အဓိကတင်ပို့နေသည့်မတ်ပဲမှာ ၁၀ ရာခိုင်နှုန်းခန့် ဈေးကျဆင်းသွားကြောင်း ပဲကုန်သည်များထံမှ သိရသည်။
ပြည်တွင်းပဲများကို အဓိကတင်ပို့နေသည့် အိန္ဒိယနိုင်ငံတွင် မတ်ပဲအထွက်နှုန်းများနေခြင်းကြောင့် စျေးနှုန်းများကျနေခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က ပြည်တွင်း၌ မတ်ပဲတစ်တန်လျှင် ၁၆ သိန်းထိရှိခဲ့ရာမှ လက်ရှိ ၁,၅၃၀,၀၀၀ ခန့်သာရှိတော့ကြောင်း၊ ဈေးနှုန်းများမှာ နေရာဒေသအပေါ်မူတည်၍ တစ်နေရာနှင့်တစ်နေရာ စျေးနှုန်းအပြောင်းအလဲများ ရှိနိုင်ကြောင်း သိရသည်။
ယင်းအပြင် ပြည်ပမှ ဝင်ရောက်သည့် နိုင်ငံခြားငွေများကို ၁ ဒေါ်လာ ၁,၈၅၀ ကျပ်နှုန်းဖြင့် တစ်ရက်အတွင်း မြန်မာ ငွေလဲလှယ်ရမည် ဟု ဗဟိုဘဏ်၏ ညွှန်ကြားချက်ကြောင့် Export လုပ်နေသည့် ကုန်သည်များ တင်ပိုသည့်လုပ်ငန်းများ အဟန့်အတားများ ဖြစ်ပေါ်နေသည့်အတွက် စျေးကွက်မှာငြိမ်နေခြင်းဖြစ်ကြောင်းလည်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
ပြည်တွင်း၌ မတ်ပဲလက်ကျန်မှာ ခန့်မှန်းခြေ တန်ချိန် ၃ သိန်းကျော် သာကျန်တော့မည် ဖြစ်ကြောင်း၊ နောက်ပိုင်း ပဲစျေးကွက်အတွင်း မတ်ပဲစျေးကွက်မှာ အေးနိုင်ကြောင်းသိရသည်။
မြန်မာနိုင်ငံမှ ပဲများကို အိန္ဒိယနိုင်ငံသို ၇၅ ရာခိုင်နှုန်းအထိ တင်ပို့နေပြီး သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်းနှင့် UAE နိုင်ငံများ ကိုလည်း ပဲမျိုးစုံတင်ပို့နေကြောင်းသိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 22 July 2022
တရုတ်နိုင်ငံကို မူဆယ်နယ်စပ်မှတဆင့် မြန်မာ့ရေထွက်ကုန် ကဏန်းနှင့် ငါးရှဉ့်များ ပြန်လည်တင်ပို့နေပြီဖြစ်ကြောင်း နယ်စပ်ဒေသရှိ ကုန်သည်များထံမှ သိရသည်။
COVID 19 ကူးစက်မှုနှင့် အခြားသောကန့်သတ်ချက် အခြေအနေများကြောင့် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှတဆင့် တရုတ်နိုင်ငံသို့ မြန်မာ့ပို့ကုန်ပစ္စည်းများ တင်ပို့မှုအား ယာယီရပ်ဆိုင်းခဲ့ရပြီး ကဏန်း၊ ငါးရှဉ့်တင်ပို့မှုအား ဇွန်လ ၂၀ ရက်မှစပြီး ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့ရေထွက်ကုန် ကဏန်းနှင့် ငါးရှဉ့်များတင်ပို့ရာတွင် ဇွန်လ ၂၀ရက်မှ ၂၇ ရက်အထိ ကဏန်းတန်ချိန် ၁၂၉ ဒသမ ၂၄၉ တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ သုည ဒသမ ၆၄၆ သန်း၊ ငါးရှဉ့်တန်ချိန် ၂၀ ဒသမ ၈၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ သုည ၈၃ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 22 July 2022
မြန်မာနိုင်ငံသို့ လာရောက်မည့်ထိုင်းနိုင်ငံသားများအနေဖြင့် ဆေးခြောက်နှင့် ဆေးခြောက်ပါရှိသော ထုတ်ကုန်ပစ္စည်းများ မယူလာရန် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှ အသိပေးထုတ်ပြန်လိုက်သည်။
ကြေညာချက်တွင် ထိုင်းပြည်သူများအနေဖြင့် မြန်မာနိုင်ငံကို သွားရောက်သည့်အခါ ဆေးခြောက် (သို့မဟုတ်) လျှော်ပင် အပါအဝင် ဆေးခြောက်ပါရှိသည့် ထုတ်ကုန်ပစ္စည်းများသည် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး အက်ဥပဒအရ ပြစ်မှုမြောက်ပြီး၊ မည်သူမဆို ဆေးခြောက်ပင် စိုက်ပျိုးခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်းများ ပြုလုပ်ပါက ထောင်ဒဏ် (၅) နှစ်မှ (၁၀) အထိ ပြစ်ဒဏ်ကျခံရမှာဖြစ်သလို မည်သူမဆို ဆေးခြောက်ဖြန့်ဖြူး ရောင်းချပါက အနိမ့်ဆုံး ထောင်ဒဏ် (၁၅) နှစ်မှ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းမှ ပယ်ဖျက်ပြီး မည်သူမဆို တရားဝင် စိုက်ပျိုး သုံးစွဲ၊ ရောင်းချနိုင်ရန် ခွင့်ပြုထားခဲ့ပြီးဖြစ်ကာ ဆေးခြောက်နှင့် ဆေးခြောက်ထုတ်ကုန်ပစ္စည်းများကို ထိုင်းပြည်သူများ တရားဝင်ရောင်းချ ဝယ်ယူသုံးစွဲမှု မြင့်တက်နေခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 22 July 2022
ယခုရက်ပိုင်းအတွင်း ပြည်တွင်းဈေးကွက်၌ ဆေးဝါးများ ဝယ်ယူမရဖြစ်နေပြီး ဆေးဝါးအချို့ရှားပါးမှုတွေ ဖြစ်နေကြောင်း ဆေးဝါးရောင်းချသူများနှင့် ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။
ယင်းအပြင် နာမည်ကြီး ဆေးရုံအချို့တွင်လည်းဆေးများ ဝယ်ယူရန် အခက်အခဲများရှိနေပြီး ဆေးဝါးဈေးနှုန်းသည်လည်း ပုံမှန်ထက် ဈေးတွေမြင့်တက်နေကြောင်း သိရသည်။
"ဆေးတွေက ဝယ်လိုမရတော့ဘူး။ ဝယ်ရပြန်တော့လည်း ဈေးကမြင့်နေတယ်။ ဝယ်တဲ့ဈေးကမြင့်နေတော့ ရောင်းတဲ့နေရာမှာလည်း ဈေးကတတ်ရတယ်။ အရင်ဝယ်ထားပြီးသား လက်ကျန်တွေကိုပဲ ရောင်းပေးနေတယ်"ဟု တောင်ဥက္ကလာပမြို့နယ်ရှိ ဆေးဝါးရောင်းချသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒေါ်လာနဲ့ဘတ်ဈေးကြီးမြင့်လာမှုကြောင့် သွင်းကုန်ဖြစ်သည့် ဆေးဝါးများလည်း ဈေးတတ်နေကြောင်း ယင်းအ ပြင်နာမည်ကြီး ပင်လုံဆေးရုံမှာလည်း ဆေးများဝယ်ယူရန် ခက်ခဲနေပြီး ဆေးရုံတက်လူနာများ ဆေးဝါးလုံလောက်စွာရရှိရန်အတွက် ပြင်ပလူနာများကို ဆေး ၂ ပတ်စာအထိသာ ယာယီရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
"အမြဲစွဲသောက်နေရတဲ့ ဆေးတွေပြတ်သွားမှာစိုးလို့ ကြိုဝယ်ထားရတယ်။ ဈေးကလည်းတတ်ကုန်တော့ သိပ်အဆင်မပြေဘူး။ ဒီလိုမျိုးဆေးတွေလုဝယ်နေတော့ ဈေးတွေတတ်ကုန်တာ"ဟု ဆေးဝါးဝယ်ယူသူ တစ်ဦးကပြောသည်။
ymg/sth
#Yangon_Media_Group
Page 1900 of 2241