၂၃ စက်တင်ဘာ ၊၂၀၂၅
အမေရိကန်ပြည်ထောင်စုက “ကာကွယ်ရေးဝန်ကြီးဌာန” ကို “စစ်ဝန်ကြီးဌာန” အဖြစ် အမည် ပြောင်းလဲရန် ဆုံးဖြတ်လိုက်ခြင်းသည် အမေရိကန်နိုင်ငံရေးအဝန်းအဝိုင်းအတွင်းတွင်သာမက ကမ္ဘာလုံး ဆိုင်ရာမူဝါဒရေးရာ အသိုက်အဝန်းများကြားတွင်လည်း သိသာထင်ရှားသည့် ငြင်းခုံမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ဟားဗတ်ဝုဖ် Herbert Wulf က တိုဒါ ငြိမ်းချမ်းရေးအဖွဲ့Toda Peace Institute တွင်ရေးသားခဲ့သည့် သူ၏ မကြာသေးမီက သုံးသပ်ချက်ဆောင်းပါးတွင် ဤအသုံးအနှုန်းဆိုင်ရာ အပြောင်းအလဲသည် ဗျူရိုကရေစီ အမှတ်တံဆိပ် အသစ်တဖန် ပြန်လည်ပုံဖော်ခြင်းထက် များစွာပိုကြောင်း၊ ၎င်းသည် နိုင်ငံရေးအရ ဘာသာစကားကို ကိုင်တွယ်ခြယ်လှယ်ခြင်းနှင့် ပတ်သက်၍ George Orwell ၏ အမြင်များကို ပဲ့တင်ထပ် စေသည့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သော အာစလျှာစ အပြောအဆို အပြောင်းအလဲ တရပ်ဖြစ်ကြောင်းစောဒကတက်ခဲ့သည်။
ယခုအက်ဆေးသည် အဆိုပါ အမည်ပြောင်းလဲခြင်းကို အပြန်အလှန်ဆက်စပ်နေသည့် ခွဲခြမ်း စိတ်ဖြာ မှုဆိုင်ရာ မူဘောင် (၃) ရပ်အတွင်း ထားရှိ၍ လေ့လာခြင်းဖြစ်သည်။ ၎င်းတို့မှာ-
(၁) အမည်ပေးခြင်းနှင့် တရားဝင်ဖြစ်မှုဆိုင်ရာ နိုင်ငံရေး၊
(၂) စစ်ပွဲအား မူဝါဒတရပ်အဖြစ် ပုံမှန်ဖြစ်စေခြင်းနှင့်
(၃) ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးအတွက် ဂယက်ရိုက်ခတ်မှုများ ဖြစ်သည်။
၁။ အမည်ပေးခြင်း၊ ဘာသာစကားနှင့် တရားဝင်ဖြစ်မှု
ဘာသာစကားသည် နိုင်ငံရေးအရ ဘက်မလိုက်မှုကို မည်သည့်အခါမျှ မဖြစ်စေပါ။ ဘာသာစကားဆိုင်ရာ ဝေဖန်ဆန်းစစ် လေ့လာသုံးသပ်ချက်များတွင် အဖွဲ့အစည်းဆိုင်ရာ အမည်ပေးသည့် အလေ့အထများက အတွေးအခေါ်ဆိုင်ရာ ရပ်တည်ချက်များကို သတ်မှတ်ပေးပြီး တိကျသော မူဝါဒဆိုင်ရာ ဦးတည် ချက်များကို တရားဝင်ဖြစ်စေအောင် ပြသခဲ့ကြသည်။
အမေရိကန် စစ်ရေးဆိုင်ရာ ဝေါဟာရတွင် “ကာကွယ်ရေး” ကို “စစ်ပွဲ” ဖြင့် အစားထိုးလိုက်ခြင်းသည် အမေရိကန်က ၎င်း၏ မဟာဗျူဟာမြောက် ရပ်တည်ချက်ကို မည်ကဲ့သို့ချဉ်းကပ်လိုက်သည်ဟူသည့် အပြောင်းအလဲကို ဖော်ပြနေသည်။
ကာကွယ်ရေးသည် တုံ့ပြန်ခြင်း၊ အကာအကွယ်ပေးခြင်းနှင့် လိုအပ်ခြင်းတို့ကို ဆိုလိုသည်။
စစ်ပွဲသည် စတင်လှုပ်ရှားခြင်း၊ အတင်းအကျပ်ပြုမူခြင်းနှင့် ခိုင်ကျည်မှုတို့ကို ဆိုလိုသည်။
ထို့ကြောင့် အမည်ပြောင်းလဲလိုက်ခြင်းသည် နိုင်ငံ၏ စစ်ရေးဆိုင်ရာ ဝိသေသလက္ခဏာကို တုံ့ပြန်သော အင်အားစုမှ ရှေ့သို့ တက်တက်ကြွကြွ လုပ်ဆောင်သည့် အင်အားစုအဖြစ် ပြန်လည်ပုံသွင်းလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းသည် ဖော်ပြခြင်းသက်သက်မျှသာ မဟုတ်ဘဲ ဆောင်ရွက်ခြင်းသဘောဖြစ်သည်။ ၎င်းသည် ထိုးစစ်ကို လက်ခံနိုင်ဖွယ်ရှိသော မူဝါဒ၊ ရှောင်လွှဲ၍မရသော မူဝါဒတရပ်အဖြစ် ပုံမှန်တစ်ခုဖြစ်အောင် လုပ်ဆောင်ခြင်း ဖြစ်သည်။
၂။ စစ်ပွဲကို ပုံမှန်အခြေအနေတစ်ခုအဖြစ်ပြုလုပ်ခြင်း
နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ပညာရပ်က အင်အားအသုံးပြုခြင်းကို ထိန်းချုပ်ရာတွင် စံနှုန်းများ၏ အခန်းကဏ္ဍကို အလေးပေးဖော်ပြခဲ့သည်မှာ ကြာပြီဖြစ်သည်။ အမေရိကန်သည် ကာကွယ်ရေးကို စစ်ပွဲ အဖြစ် ပြန်လည်ပုံဖော်ခြင်းဖြင့် လစ်ဘရယ် နိုင်ငံတကာ အစီအစဉ်ကို သမိုင်းအရ ထောက်ကူပေးနေသည့် ရေရှည်ရပ်တည်ထားသော ယင်း၏ စံနှုန်းဆိုင်ရာ အကန့်အသတ်များကို ယိုယွင်းဖျက်စီးသလိုဖြစ်လာ စေသည်။
လက်တွေ့မျက်မြင်အခြေအနေတွင် အမေရိကန်၏ စစ်ရေးဆောင်ရွက်မှုများသည် ‘ကာကွယ်ရေး” ဆိုသည့် စာသားအနက်အတိုင်း ကန့်သတ်၍နေသည်မှာ အတော်ရှားပါးသည်။ အာဖဂန်နစ္စတန်မှ လစ်ဗျား၊ လစ်ဗျားမှ ယီမင်အထိ စစ်ရေးစစ်ဆင်မှုများကို နိုင်ငံခြားရှိ အမေရိကန်အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်ဟူသည့် ခေါင်းစဉ်အောက်တွင် တရားမျှတသည့် သဘောဆောင်အောင် ဆောင်ရွက်ခဲ့သည်။ Wulf က “စစ်ပွဲ” ဟူသည့် အသုံးအနှုန်း၏ ရိုးသားမှုသည် “ကာကွယ်ရေး” ထက် လက်တွေ့ကို ပိုမိုတိကျစွာ ထင်ဟပ်စေသည်ဟု မှတ်ချက်ပြုထားသော်လည်း ၎င်းသည် စစ်ပွဲကို ခြွင်းချက်အနေဖြင့် အသုံးပြုရမည့် အရာမဟုတ်တော့ဘဲ အမြဲတမ်းမူဝါဒဆိုင်ရာ ကိရိယာတရပ်အဖြစ် ပုံမှန်ဖြစ်လာအောင် အရှိန်မြှင့်တင်ပေးစေသည်။
၃။ ဒီမိုကရေစီဆိုင်ရာ အကျိုးသက်ရောက်မှုများ
ပြည်တွင်းတွင် အမည်ပြောင်းလဲခြင်းသည် ဗျူရိုကရေစီဆိုင်ရာ ဝေါဟာရသက်သက်သာ မဟုတ်ဘဲ နိုင်ငံရေးဘဝကို လုံခြုံရေးအမြင်ဖြင့် ကြည့်မြင်လာသည့် အနက်အဓိပ္ပါယ် အမျိုးမျိုးဖြစ်စေသည့် ဘာသာ စကားဆိုင်ရာ လမ်းကြောင်းကို ထင်ဟပ်စေသည်။ “အတိုက်အခံ” ကို အမျိုးသားခြိမ်းခြောက်မှုအဖြစ် ပုံဖော်သောအခါ ကန့်ကွက်မှုသည် ဖျက်လိုဖျက်ဆီးလုပ်မှုအဖြစ် ပြန်လည်သတ်မှတ်ခံရမည့် အန္တရာယ် ရှိလာသည်။ ဟာနာ့ အာရင်းHannah Arendt မှ ဂျော်ဂျီယို အက်ဂမ်ဘမ်Giorgio Agamben အထိ နိုင်ငံရေးသီအိုရီပညာရှင်များသည် ထိုသို့သော အကူးအပြောင်းများကို သတိပေးခဲ့ကြသည်။ ထိုအကူး အပြောင်းများတွင် “ခြွင်းချက်အခြေအနေ” သည် ခြွင်းချက်မဟုတ်တော့ဘဲ စည်းမျဉ်းဖြစ်လာသည်။
Orwell ၏ အသုံးအနှုန်းများအရ ၎င်းသည် အတွေးနှစ်ခွကို အဖွဲ့အစည်းပုံစံသွတ်သွင်းခြင်းဖြစ်သည်။ အစိုးရသည် တစ်ချိန်တည်းတွင် ငြိမ်းချမ်းရေး၏ ချန်ပီယံအဖြစ် ကြွေးကြော်နေနိုင်သလို တစ်ဖက်တွင် ထပ်တလဲလဲစစ်ပွဲကို လက်ခံကျင့်သုံးနိုင်သည်။ ထို့ကြောင့် အမည်ပြောင်းလဲခြင်းသည် ဘာသာစကား ဆိုင်ရာ အမှတ်အသားတခုအဖြစ်သာမက နိုင်ငံရေးဆိုင်ရာ ကိရိယာတစ်ခုပါ ဖြစ်လာစေသည်။မည်သည့် မူဝါဒကို တရားဝင်အဖြစ် သတ်မှတ်သည်ဆိုသည့် အသိဉာဏ်ဆိုင်ရာ နယ်နိမိတ်များကို ပြန်လည်ပုံဖော် ပေးသည်။
နိဂုံး
ကာကွယ်ရေးဝန်ကြီးဌာနကို စစ်ဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲလိုက်ခြင်းသည် ခေတ်ပြိုင်အုပ်ချုပ် ရေးတွင် ဘာသာစကား၊ မူဝါဒနှင့် အတွေးအခေါ်များ မည်သို့ ပေါင်းစည်းလာသည်ကို နမူနာပြသ နေသည်။ ၎င်းသည် အင်အားသုံးစွဲမှုအပေါ်ထားရှိသည့် စံနှုန်းဆိုင်ရာ အကန့်အသတ်များ ဆုတ်ယုတ် လာခြင်းကို ထင်ဟပ်စေပြီး ထိုးစစ်သဘောထားကို ပုံမှန်လုပ်ရိုးလုပ်စဉ်အဖြစ် တရားဝင်ဖြစ်စေကာ စစ်ရေးမူဝါဒများနှင့်ယှဉ်ပြိုင်နိုင်သည့် ဒီမိုကရေစီ နေရာလွတ်များကို ကျဉ်းမြောင်းသွားစေမည့် အန္တရာယ် ရှိသည်။
Orwell ၏ သတိပေးချက်သည် တစ်ခါက တင်စားထားသည်ထက် ယခုလက်တွေ့ပိုဆန်လာ သည်။ နိုင်ငံရေးဆိုင်ရာဘာသာစကား သည် လက်တွေ့အခြေအနေကို ရိုးရှင်းစွာ ဖော်ပြရုံမျှမကတော့ဘဲ ၎င်းကို ပါထုတ်လုပ်ပေးလာနိုင်သည်။ စစ်ပွဲသည် ဘာသာစကားအရ ပုံမှန်တစ်ခုဖြစ်လာပါက နိုင်ငံရေးအရ အမြစ်တွယ်သွားနိုင်ဖွယ်ရှိသည်။
ပညာရှင်များ၊ မူဝါဒချမှတ်သူများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းတို့အတွက် လုပ်ဆောင်ရမည့်အလုပ်မှာ ဤအပြောအဆိုဆိုင်ရာ အပြောင်းအလဲများကို ဖော်ထုတ်ရန်၊ ၎င်းတို့၏ အကျိုးသက်ရောက်မှုများကို ဝေဖန်ဆန်းစစ်ရန်နှင့် စစ်ပွဲ၏ ထာဝရချဲ့ထွင်မှုကို ထိန်းချုပ်ထားသော စံနှုန်းများကို ထိန်းသိမ်းရေး အခိုင် အမာ တောင်းဆိုရန်ဖြစ်ပါသည်။
သုထက်သာ
Source:
1.Department of War: George Orwell Would Feel Validated by Herbert Wulf at Toda Peace Institute
2. Fairclough, 1992
3. Finnemore & Sikkink, 1998