မေ၅၊၂၀၂၆

မြန်မာနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံပေးမည့် အစီအစဉ်တစ်ခု ကြိုးစားနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖွမ်ကစ်ကေအိုက ထုတ်ဖော်ပြောကြားသည်။

မေ ၅ရက်က ထုတ်ပြန်သည့် ရိုက်တာသတင်းဌာန၏ သတင်းတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အင်တာ ဗျူးကို ကိုးကားပြီး ယင်းကဲ့သို့ဖော်ပြထားခြင်းဖြစ်သည်။

မြန်မာအစိုးရသစ်နှင့် ပိုမိုထိတွေ့ဆက်ဆံနိုင်ရေးအတွက်  အာဆီယံအဖွဲ့အတွင်း တူညီသဘောဆန္ဒ ရယူရန် ရည်ရွယ်လျက် မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဒေသတွင်း ထိပ်တန်းသံတမန်များနှင့် တွေ့ဆုံရန် ဖိတ်ကြားဖို့အစီအစဉ်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရိုက်တာကို ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်ပတ်ခန့်က နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သော ထိုင်းနိုင်ငံခြားရေး  ဝန်ကြီး ဆီဟာဆက် က မြန်မာခေါင်းဆောင်ပိုင်းနှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့် အပါအဝင် ပြန်လည်  ထိတွေ့ဆက်ဆံနိုင်ရန် တွန်းအားပေး လုပ်ဆောင်နေကြောင်း ရိုက်တာနှင့် အင်တာဗျူးတွင် ပြောကြား   ခဲ့သည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဘေးတိုက်ဆွေးနွေးပွဲတစ်ခုအဖြစ် ကျင်းပမည့် အဆို  ပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့် အနာဂတ်အစီအစဉ်များကို မြန်မာနိုင်ငံခြား ရေးဝန်ကြီးက ရှင်းလင်းပြောကြားမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် အဆင့်ဆင့် ဆက်လက်ဆောင်ရွက်သွား  မည်ဟုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ယခုအပတ် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေး၌ အခြားသော အာဆီယံ   နိုင်ငံခြားရေးဝန်ကြီးများနှင့် မိမိ၏အစီအစဉ်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆီဟာဆက်က ဆိုသည်။ အာဆီယံအနေဖြင့် စုပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် ယင်းလုပ်ရပ်သည် ထိုင်းနိုင်ငံက တစ်ဖက် သတ် အတင်းအကျပ် ပြုလုပ်လိုခြင်းမဟုတ်ကြောင်း သူက ဖြည့်စွက်ပြောကြားသည်။