#WorldHealth
Published 1 May 2022
အစောပိုင်းလေ့လာသုံးသပ်မှု ၁၇ မျိုးအရ ကိုဗစ်ရောဂါက ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ စိတ်ကျန်းမာရေးအခြေအနေကို သိသာထင်ရှားစွာသက်ရောက်စေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
လေ့လာချက်တွေကို ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်ကိုဗစ်ကာလအတွင်းပြုလုပ်ကြရာ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်း၊ ကိုယ့်ကိုယ်ကိုသတ်သေချင်စိတ်ပေါ်ခြင်း၊ စိတ်ဖိစီးမှုဖြစ်ပေါ်ခြင်း၊ စိတ်တက်ကြွခြင်းနဲ့ အခြားစိတ်ကျန်းမာရေးပြဿနာများ သိသိသာသာများပြားလာတာကို တွေ့ရှိခဲ့ကြပါတယ်။
အကောင်းဘက်ကဆိုရင်တော့ မိမိဝါသနာပါရာဆောင်ရွက်လာခြင်း၊ ဆုတောင်းဝတ်ပြုခြင်း၊ တေးဂီတနားဆင်ခြင်းများ ပြုလုပ်လာကြပါတယ်။
စိတ်ကျန်းမာရေးပြဿနာအဖြစ်များသူတွေဟာ လူမှုဆက်ဆံရေးနည်းပါးသူများ၊ မိသားစုဆက်ဆံရေးဆိုးရွားသူများ၊ သွားလာလှုပ်ရှားမှုကန့်သတ်ခံရသူများ အများစုပါဝင်နေပြီး စာသင်ကျောင်းပိတ်ပင်ထားခြင်းများ၊ မိသားစုတွင်း ကိုဗစ်ကူးစက်ခံရတဲ့အခြေအနေများနဲ့လည်း ဆက်စပ်နေကြောင်း တက္ကဆက် A&M တက္ကသိုလ်မှ ဒေါက်တာ'အမ်မာဘက်ဟိုစိန်'က medRxiv ဝက်ဘ်ဆိုက်မှာ အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။
ကျောင်းတွေ လူမှုအဖွဲ့အစည်းတွေမှာ စိတ်ကျန်းမာရေးတိုးတက်လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ခက်ခဲနေပြီး ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့ မလွယ်ကူကြောင်း၊ ကပ်ရောဂါကာလအတွင်း ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ စိတ်ကျန်းမာရေးနဲ့ လူမှုပေါင်းသင်းရေးပြဿနာတွေဖြေရှင်းနိုင်အောင် အးထုတ်ရမှာဖြစ်ကြောင်း 'ဟိုစိန်'က ပြောပြသွားပါတယ်။.
Source Reuters.
#Yangon_Media_Group
Published 30 April 2022
ရုရှားရဲ့ နိုဗာတက်ခ်ကုမ္ပဏီက ပိုလန်မြို့ဒါဇင်ခန့်ကို ဓာတ်ငွေ့ထောက်ပံ့မှု ဗုဒ္ဓဟူးနေ့က စပြီး ရပ်ဆိုင်းလိုက်ပါတယ်။ ပိုလန်အစိုးရက ရုရှားအပေါ်ကန့်သတ်ပိတ်ဆို့မှုတွေလုပ်တာကို ရုရှားက ပြန်လည်တုန့်ပြန်အရေးယူမှုအနေနှင့် ယခုလို ဓာတ်ငွေ့တွေရပ်တန့်ခဲ့တာပါ။
အဲသလို ရပ်တန့်မှုကြောင့် ပိုလန်က အဲဒီမြို့ရဲ့ဒေသခံတွေဟာ သူတို့ရဲ့ နေ့စဉ်ပုံမှန်ဘဝတွေအပေါ် ပြတ်တောက်မှု ဖြစ်စေ တယ်လို့ ညည်းညူနေကြပါတယ်။
ပိုလန်နိုင်ငံ အလယ်ပိုင်းက ဇာဂိုရိုးလ်မှာရှိတဲ့ လူနေအဆောက်အအုံတွေ၊မူကြိုကျောင်းတွေ၊ စာကြည့်တိုက်တွေနှင့် အစိုးရရုံးတွေမှာ သဘာဝဓာတ်ငွေ့တွေကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။
Source CMG
#WorldBoxing
Published 30 April 2022
ကိုယ်ခံသိုင်းပညာထွန်းကားရာ ထိုင်းနိုင်ငံရဲ့ ဘန်ကောက်မြို့တော်က ကုန်းတံတားတစ်ခုအောက်မှာ တကယ့်ဘဝ မြေအောက်လက်ဝှေ့ပွဲတွေ ပုံမှန်ကျင်းပလျက်ရှိပါတယ်။
#Yangon_Media_Group
Published 30 April 2022
ရုရှားသမ္မတဗလာဒီမာပူတင်ကို ကမ္ဘာကြီးက ဆက်ဆံပြောဆိုနိုင်မှာမဟုတ်ဘူးလို့ အမေရိကန်ကပြောပါတယ်။ အင်ဒိုနီးရှားက ပူတင်နှင့် ယူကရိန်းခေါင်းဆောင် ဗိုလိုဒီမာဇီလင်စကီးကို နိုဝင်ဘာမှာကျင်းပမယ့် G20ထိပ်သီးအစည်းအဝေးကို ဖိတ်ကြားထားတယ်လို့ပြောကြားပြီးနောက် အိမ်ဖြူတော်က ယခုလိုတုန့်ပြန်တာဖြစ်ပါတယ်။
“ G20 အစည်းအဝေးကို သမ္မတပူတင်တက်ရောက်မှာကို သူ့အနေနှင့်ဆန့်ကျင်တယ်ဆိုတာကို သမ္မတ(ဘိုင်ဒင်)က လူသိရှင်ကြား ပြောကြားခဲ့ပြီးပါပြီ။ ယူကရိန်းတွေတက်မှာကို ဒါမှမဟုတ် G20 တက်ရောက်ဖို့ ဖိတ်ကြားတာကို ကျွန်မတို့ကြိုဆိုပါတယ်” လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးမှူး ဂျနီဖာဆက်ကီက သတင်းထောက်တွေကိုပြောပါတယ်။
Source AFP
#LocalNews
Published_30 April 2022
မြောက်ဦးဘုရားများ ဗုဒ္ဓပူဇနိယပွဲတော်အတွင်း ရိုးရာပြိုင်လောင်းပွဲနှင့် ကျင်ကိုင်ပွဲများကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးဂေါပကအဖွဲ့က သိရသည်။

ယခုကျင်းပမည့် ပွဲတော်မှာ ၉၄ ကြိမ်မြောက်မြောက်ဦးဘုရားများဗုဒ္ဓပူဇနိယပွဲတော်ဖြစ်ပြီး မြောက်ဦးမြို့ သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ်ဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်ဖြစ်ကြောင်း၊ မေလ ၁၃ ရက်မှမေလ ၁၆ ရက်ထိ (၄) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဟု ဘုရားဂေါပတာဝန်ရှိသူက ပြောသည်။
ပြိုင်လောင်း (လှေ)ပြိုင်ပွဲတွင် လက်တောင်အရှည် ၁၂ လံ အရှည်လှေ၊ ၈ လံ အရှည်လှေနှင့် ၆ လံ အရှည်လှေများဖြင့် အတန်း(၃) တန်းသတ်မှတ်ကာ ပြိုင်သွားမည်ဖြစ်ပြီး ရိုးရာကျင်ပွဲတွင်လည်း ရခိုင်တစ်ပြည်နယ်လုံးမှ ကျင်သန်ကြီးများကို ဖိတ်ကြားထားကြောင်းလည်း သိရသည်။

ရိုးရာပြိုင်လောင်းပွဲတွင် ၁၂ လံ လှေပြိုင်ပွဲ ပထမဆု ကျပ် ၂၅ သိန်း၊ ဒုတိယဆု ၂၃ သိန်း၊ ၈ လံအရှည် လှေပြိုင်ပွဲတွင် ပထမဆု ၂၂ သိန်း၊ ဒုတိယဆု ၂၀ သိန်း၊၆ လံအရှည်ပြိုင်ပွဲတွင် ပထမဆု ၂၀ သိန်း၊ဒုတိယဆု ၁၈ သိန်း ချီးမြှင့်သွားမည်ဖြစ်ပြီး ရခိုင်ရိုးရာကျင်ပွဲတွင် အကြီးတန်း ပထမဆု ကျပ် ၁၄ သိန်း၊ ဒုတိယဆု ၁၀ သိန်း၊ တတိယ ဆု ၆ သိန်း ၊ စတုတ္ထဆု ၄ သိန်းစီ လည်းကောင်း၊ကျင်ပွဲအလတ်တန်းတွင် ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ၈ သိန်း၊ တတိယ ဆု ၅ သိန်း ၊ စတုတ္ထဆု ၃ စီချီးမြှင့်မည်ဖြစ်ပြီး တတိယတန်းတွင် ပထမဆု ကျပ် ၈ သိန်း၊ ဒုတိယဆု ၆ သိန်း၊ တတိယ ဆု ၄ သိန်းနှင့် စတုတ္ထဆု ၃ သိန်းစီသတ်မှတ်၍ လည်းကောင်း အသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်အတွင်းတွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲ ၊ပျော်ပွဲရွှင်ပွဲများတို့ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သော်လည်း ယခင်နှစ်များက ပြုလုပ်သည့် ဘောလုံးပွဲကို ထည့်သွင်းကျင်းပမည်မဟုတ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 30 April 2022
ကလေးမြို့တွင် ချင်းစစ်ဘေးရှောင်ပြည်သူ ၂၀၀ ခန့် ခိုလှုံနေကြရပြီး လက်ရှိမှာ ၄င်းတို့အတွက်စားနပ်ရိက္ခာများ လိုအပ်မှုရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published-30 April 2022
အခုရက်ပိုင်းအတွင်း နေကြတ်ခြင်း၊လကြတ်ခြင်းတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သဘာဝနက္ခတ်ဗေဒ ပညာသင်တန်းကျောင်း၊ကျောင်းအုပ်ဆရာမကြီး နက္ခတ်ပညာရှင် ဒေါ်ကြည်ကြည်စိန်ကပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published - 30 April 2022
လာမည့် မိုးရာသီကာလတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှာကို စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံများက စိုးရိမ်လျက်ရှိနေကြတယ်လို့ အဆိုပါဒေသတွင် နေထိုင်သူများထံမှ သိရပါတယ်။
လက်ရှိကာလတွင် နယ်မြေဒေသအခြေအနေအချို့ကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေရှိနေပြီး မဟာမြိုင်လမ်းကြောင်းတစ်ခုကိုသာ အသုံးပြု၍ သွားလာဆက်သွယ်နေရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"လမ်းပန်းဆက်သွယ်ရေးက အခက်အခဲရှိပါတယ်။ စစ်ကိုင်းတိုင်းရဲ့ ဒေသအချို့မှာ တိုက်ပွဲတွေက ရှိနေတယ်လေ။ပြောရရင် ဆက်သွယ်ရေးလမ်းကြောင်းက တစ်ခုပဲရှိတယ်။ မဟာမြိုင်ထဲက သွားရတာပေါ့၊ မိုးရွာရင် သွားလို့မရတော့မှာ စိုးရိမ်ရတယ်။ မိုးတွင်းရောက်လာပြီဆိုရင် တော် တော် ခက်ခက်ခဲခဲသွားရမှာ"လို့ ကလေးမြို့ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
လက်ရှိကာလမှာလည်း စက်သုံးဆီစျေးနှုန်းမြင့်မားမှုကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ ခရီးသည်တင်လိုင်းကားခစျေးနှုန်းများဟာ မြင့်တက်လျက်ရှိနေပြီး ကလေး - မန္တလေး ခရီးသည်တင်ကားခနှုန်းထားမှာ ခရီးစဥ်တစ်ကြောင်းလျှင် ကျပ် ၅၀,၀၀၀ မှ ကျပ် ၅၅,၀၀၀ ခွဲအထိ ပေါက်စျေးရှိ နေတာဖြစ်တယ်လို့ ခရီးသွားပြည်သူများထံမှ သိရပါတယ်။
ယင်းကဲ့သို့ ကားခစျေးနှုန်းများ မြင့်တက်ခြင်းဟာ စက်သုံးဆီစျေးနှုန်းမြင့်တက်မှုကြောင့် အဓိကဖြစ်ပြီး လက်ရှိကာလမှာတော့ နယ်မြေဒေသအခြေအနေများကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ ခရီးသွားလာမှုတွေလည်း နည်းပါးနေတာဖြစ်တယ်လို့ သိရပါတယ်။
"ခရီးသွားလာမှုကတော့ ပြောရရင် နည်းပါတယ်။မဖြစ်မနေ သွားလာရတဲ့သူတွေလောက်ပဲ သွားကြတာပေါ့။ စစ်ကိုင်းတိုင်းမှာ နယ်မြေဒေသအခြေအနေတွေကလဲ မကောင်းဘူးလေ။ လမ်းပန်းဆက်သွယ်ရေးက တော်တော်လေး ခက်ခက်ခဲခဲသွားရတာပေါ့။ကားခတွေ စျေးနှုန်းမြင့်တက်ဆိုတာကလဲ စက်သုံးဆီစျေးတွေမြင့်နေလို့ ဖြစ်ပါတယ်။"လို့ တမူးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ အချို့သောနေရာများမှာ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ခရီးသွားလာရေးနှင့် ကုန်စည်စီဆင်းမှုအပိုင်းမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published - 30 April 2022
ဒီကနေ့ ဧပြီ ၃၀ ရက်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် မြို့နယ်အချို့တွင် သစ်ပင်ကြီးများ ပြိုလဲကျမှုဖြစ်ပွားခဲ့ပြီး ဒေသဆိုင်ရာမီးသတ်တပ်ဖွဲ့များက ရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ယနေ့ မွန်းလွဲပိုင်းအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်(၅)၊ ပြည်တော်သာ(၂)လမ်းတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျမှု ဖြစ်ပွားခဲ့သဖြင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရတာပါ။
အလားတူ ဒီကနေ့ မနက်ပိုင်းအချိန်က မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊အမှတ်(၃)ရပ်ကွက်၊ ပန်းတော်တင်ရပ်တွင် သစ်ပင်များလဲကျမှု ဖြစ်ပွားခဲ့သဖြင့် ရေစကြိုမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ယနေ့ နေ့လည်ပိုင်းမှ စပြီး ရန်ကုန်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေတာလည်း ဖြစ်ပါတယ်။
ဓါတ်ပုံ - MFSD
ymg/kg
#Yangon_Media_Group
#Local News
Published-30 April 2022
ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးတိမ်တောင်များကြောင့်မိုးခြိမ်းခြင်း၊မိုးကြိုးပစ်ခြင်းနှင့် မိုးများရွာသွန်းခြင်းများဖြစ်ပေါ်နေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းက ပြောပါတယ်၊၊
ရာသီဥတုအရမ်းပူပြင်းပြီး မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေတဲ့အတွက် လေပြင်းတိုက်တာ၊မိုးခြိမ်းတာ၊ မိုးကြိုးပစ်တာနဲ့ မိုးသည်းထန်စွာရွာသွန်းတာတွေ ဖြစ်ပေါ်လာနိုင်လို့ ပြည်သူအများ အထူးသတိပြုဖို့ လိုတယ်လို့သိရပါတယ်၊၊
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပေါ်မှာ ရေကြီးတာတွေလည်း ဖြစ်ပေါ်လာနိုင်ခြေရှိပါတယ်၊၊
မေလ(၈)ရက်မတိုင်မီလည်း မုန်တိုင်းဖြစ်နိုင်ခြေရှိတယ်လို့လည်း မိုး/ဇလက ခန့်မှန်းထားတဲ့အတွက် သတိပြုနေထိုင်ကြရမှာဖြစ်ပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_30 April 2022
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲချုပ်(SNLD) ပါတီ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးခွန်ထွန်းဦးသည် ယနေ့ နေ့လယ်ပိုင်းက ကွယ်လွန်သွားပြီဖြစ်ကြောင်း SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။
“ဥက္ကဌကြီးအိပ်ယာထနောက်ကျလို့ သွားနိုးတာ ပြန်ထမလာဘူးလို့ ပြောပါတယ်။သူရဲ့ ၉ မိုင်က အိမ်မှာပါပဲ။အခြားအစီအစဉ်တွေကိုတော့ မသိရသေးပါဘူး။နိုင်ငံရေးက အနားယူထားတယ်ဆိုပေမယ့်လည်း သူကလမ်းပြတစ်ယောက်ပါပဲ။သူ့ရဲ့ လမ်းညွှန်မှုတွေနဲ့ပဲ ပါတီက ရပ်တည်သွားနေတာပါ။ကြီးမားတဲ့ ဆုံရှုံးမှုပါ” ဟု ဦးစိုင်းလိတ်က ပြောသည်။
ဦးခွန်ထွန်းဦးသည် SNLD ဥက္ကဋ္ဌ တာဝန်ကို နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး လက်ရှိ ကွယ်လွန်ချိန်တွင် အသက် (၇၉)နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 30 April 2022
တစ်လတာကာလအတွင်း စစ်ဘေးရှောင်ဒုက္ခသည် (၅၈,၀၀၀)ကျော်အထိ တိုးလာပြီး စစ်ကိုင်းတိုင်းနှင့် ကယားပြည်နယ်တို့တွင် စစ်ဘေးရှောင်ဒုက္ခသည်တွေ အများဆုံးရှိနေတယ်လို့ ISP Myanmar ၏ သုတေသနစစ်တမ်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။
တချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ (EAOs) အခြေစိုက်နေကြတဲ့ တိုင်းရင်းသားဒေသများမှာလည်း EAOs တွေနဲ့ တပ်မတော်အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး EAOs အချို့ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ ဒေသခံကာကွယ်ရေးနဲ့ တပ်မတော်တို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ အရှိန်မြင့်လာသလို တိုက်ပွဲနဲ့ ပဋိပက္ခတွေ အရှိန်မြင့်လာတာနဲ့အမျှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူတွေလည်း ပိုများလာသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း အရေးပေါ်လိုအပ်နေတာဖြစ်တယ်လို့ ISP Myanmar က ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက် နေ့အထိ နေရာအနှံ့မှာ
ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက် စုစုပေါင်း ၈၁၀,၈၈၉ ကျော် ရှိလာတယ်လို့လည်း ISP Myanmar က ဖော်ပြပါတယ်။
ထို့အပြင် ယင်းကာလမတိုင်ခင်က စစ်ဘေးရှောင်ဒုက္ခသည် ၄၉၇,၂၀၀ ကျော် ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၁,၃၀၈,၀၈၉ ကျော် ရှိလာပြီးဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း ဒုက္ခသည် ၁,၀၀၂,၀၀၀ ကျော် ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
EAOs တွေ၊ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တပ်မတော်အကြား တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေမှာ စစ်ဘေးဒုက္ခသည်အရေအတွက် ပိုတိုးလာနေသလို စစ်ကိုင်းတိုင်းမှာ စစ်ဘေး ရှောင်ဒုက္ခသည် အများဆုံးရှိနေပြီး စုစုပေါင်း ၂၄၁,၀၅၀ ကျော် ရှိနေတယ်လို့ ISP Myanmar က ဆိုပါတယ်။
ကယားပြည်နယ်မှာ ၂၀၄,၁၁၅ ကျော်ရှိပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၅ ရက်)အတွင်း တိုးလာတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက်က ၅၈,၃၀၀ ကျော်ထက်မနည်း ရှိနေတာဖြစ်တယ်လို့ ISP Myanmar က ဖော်ပြထားပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
Page 1763 of 1900