၁၆ စက်တင်ဘာ၊၂၀၂၅

၂၀၂၅ ခုနှစ်၊ ရပ်ဝန်းနှင့်ပိုးလမ်းမ မီဒီယာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို စက်တင်ဘာလ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ကမ္ဘာ့နိုင်ငံပေါင်း ၈၇ နိုင်ငံမှ ကိုယ်စားလှယ် ၂၀၀ ကျော်၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ   အဖွဲ့အစည်းများနှင့် မီဒီယာအဖွဲ့အစည်း ၁၆၅ ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းမီဒီယာကောင်စီနှင့် ပုဂ္ဂလိက မီဒီယာများမှ ကိုယ်စားလှယ်များလည်း အဆိုပါဖိုရမ်သို့တက်ရောက်သည်။

ဖိုရမ်တက်ရောက်လာသူများက သမ္မတရှီကျင့်ဖျင် သည် ၂၀၁၃ ခုနှစ်တွင် ရပ်ဝန်းနှင့်ပိုးလမ်းမ ပဏာမခြေလှမ်း (BRI) ကို စတင်အဆိုပြုခဲ့ချိန်မှစ၍ ယင်းပဏာမခြေလှမ်းသည် အောင်မြင်မှု ရလဒ် ကောင်းများ ရရှိခဲ့ပြီး လူကြိုက်များသည့် ကမ္ဘာလုံးဆိုင်ရာ အများပိုင်အကျိုးစီးပွားတစ်ခုအဖြစ်နှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ပလက်ဖောင်းတစ်ခုအဖြစ် တိုးတက်လာခဲ့ကြောင်း မှတ်ချက်ပြုခဲ့ကြသည်ဟုပြည်သူ့နေ့စဉ်သတင်းစာကရေးသားသည်။

မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့်အပေါင်း” အစည်းအဝေး  တွင် သမ္မတရှီသည် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေး ပဏာမခြေလှမ်းကို တင်ပြခဲ့ရာ ပိုမိုမျှတ၍ တန်းတူ ညီမျှသည့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်ကို မြှင့်တင်ရန်အတွက် တရုတ်တို့၏ ဉာဏ်ပညာနှင့် ဖြေရှင်း    နည်းများကို အထောက်အကူပြုခဲ့သလို အရည်အသွေးမြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုကို ရှေ့သို့ဆက်လက်တိုးတက်စေရန်အတွက်လည်း ပိုမိုကျယ်ပြန့်သည့် အခွင့်အလမ်းအသစ်များကို ဖန်တီး ပေးခဲ့သည်ဟု ပြည်သူ့နေစဉ်သတင်းစာတွင်ဖော်ပြထားသည်။

bri1

ဖိုရမ်တက်ရောက်လာသူများက ကမ္ဘာတစ်ဝန်းရှိ မီဒီယာများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစေသင့်ပြီး ပိုးလမ်းမစိတ်ဓာတ်ကို လက်တွေ့ကျင့်သုံးသူများနှင့် မြှင့်တင်ပေးသူများအဖြစ် ဆောင်ရွက်သင့်ကြောင်း၊ ယဉ်ကျေးမှုအစုအဝေးကြီးများအကြားတွင် နိုင်ငံအချင်းချင်း တန်းတူညီမျှမှု၊ အပြန်အလှန် လေ့လာသင်ယူမှု၊ ဆွေးနွေးမှုနှင့် အားလုံးပါဝင်နိုင်မှုတို့ကို ထိန်းသိမ်းစောင့်ရှောက်သင့်  ကြောင်း မှတ်ချက်ပြုခဲ့ကြသည်။ ၎င်းတို့က မီဒီယာများသည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများကို မှတ်တမ်းတင်သူများနှင့် ပြောပြသူများအဖြစ် ဆောင်ရွက်သင့်ကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်း ဆောင်ရွက်မှု၏ လက်တွေ့လုပ်ဆောင်မှုများကို ဆက်လက်သတင်းရေးသားတင်ပြသင့်ကြောင်းနှင့် နှစ်ဖက်အနိုင်ရသည့်ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြန့်သောတွန်းအားကို တည်ဆောက်ရန် ကူညီ  ပေးသင့်ကြောင်း ပြောကြားခဲ့ကြသည်။

မီဒီယာများသည် ယဉ်ကျေးမှုများအကြား အပြန်အလှန်လေ့လာသင်ယူမှုကို ပါဝင်လုပ်ဆောင်သင့်ပြီး ရှေ့သို့ဆက်လက်တိုးတက်အောင် ကူညီသင့်ကြောင်း၊ နားလည်မှုတည်ဆောက်ရန်၊ ကွဲပြားမှုများကို ပေါင်းကူးပေးရန်နှင့် ပြည်သူများကို ပိုမိုရင်းနှီးလာစေရန်အတွက် အရည်အသွေးရှိသောလုပ်ကိုင်မှုများကို အသုံးပြုသင့်ကြောင်းနှင့် လူသားမျိုးနွယ်အပေါ် ဘုံအနာဂတ်အသိုက်အဝန်းတစ်ခုအတွက် အုတ်မြစ်ကို ခိုင်မာအောင် ဆောင်ရွက်သင့်ကြောင်း ၎င်းတို့က ထုတ်ဖော်ပြောကြားခဲ့သည်။

ပြည်သူ့နေစဉ်သတင်းစာ(People’s Daily)၊ တရုတ်ကွန်မြူနစ်ပါတီ (CPC) ယူနန်ပြည်နယ်ကော်မတီနှင့် ယူနန်ပြည်နယ်ပြည်သူ့အစိုးရတို့ ပူးတွဲကျင်းပသည့် ယင်းဖိုရမ်ကို “ယဉ်ကျေးမှုများအကြား ဖလှယ်မှုနှင့် အပြန်အလှန်လေ့လာသင်ယူမှုအတွက် မီဒီယာများအတူတကွတာဝန်ယူမှု” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်တွင် ဖွင့်ပွဲအခမ်းအနား၊ အဓိကဖိုရမ်၊ ဖိုရမ်ခွဲများ၊ ဒုတိယအကြိမ်မြောက် ပိုးလမ်းမ ကမ္ဘာလုံး ဆိုင်ရာသတင်းဆုပေးပွဲအခမ်းအနားနှင့် ၁၀+၃ မီဒီယာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တို့ကိုကျင်းပခဲ့သည်။

ဖိုရမ်အပြီးတွင် တရုတ်နှင့် နိုင်ငံတကာမီဒီယာကိုယ်စားလှယ်များသည် ယူနန်နှင့် အခြားသော  ပြည်နယ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် တရုတ်နိုင်ငံတစ်ဝန်းရှိ မြို့ပြဒေသများတစ်လျှောက် ပူးပေါင်း  သတင်းတင်ဆက်မှုများကို ဆောင်ရွက်သွားကြမည်ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် ရပ်ဝန်းနှင့်ပိုးလမ်းမ မီဒီယာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ၉ ကြိမ်အထိ ကျင်းပခဲ့ပြီးဖြစ်သည်။ ယင်းဖိုရမ်သည် နိုင်ငံပေါင်း ၁၀၀ ကျော်နှင့် ဒေသများမှ ကမ္ဘာလုံးဆိုင်ရာမီဒီယာအဖွဲ့အစည်းများနှင့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁,၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်းသိရသည်။

Reference : People’s Daily

Photo-YMG