စက်တင်ဘာ၃၊၂၀၂၅ (ဘေဂျင်း)-

တရုတ်နှင့်မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသည့် အရေးကြီးသော ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန် အသင့်ရှိတယ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ  ဟန်ကျန့် က မြန်မာနိုင်ငံ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောကြားခဲ့တယ်လို့ ဆင်ဟွာ  သတင်းဌာနက သတင်းရေးသားပါတယ်။

ဗိုလ်ချုပ်မှူးကြီးနှင့် မစ္စတာ ဟန်ကျန့်တို့သည်  စက်တင်ဘာ ၂ ရက် အင်္ဂါနေ့က တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဘေဂျင်းမြို့တော်တွင်တွေ့ဆုံစဉ် တရုတ်ဒုတိယသမ္မတက ယင်းကဲ့သို့ပြောကြားခဲ့တာဖြစ်ပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဆက်လက်တိုးတက်စေရန် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း အသင့်ရှိတယ်လို့ မစ္စတာဟန်ကျန့်က ဆက်လက်ပြောဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးက မြန်မာနိုင်ငံ ငလျင်ဒဏ်ခံရပြီးနောက် ချက်ချင်းအကူအညီပေးခဲ့သည့်အတွက် တရုတ် နိုင်ငံကို မင်းအောင်လှိုင်က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီအပြင် သမ္မတရှီက အဆိုပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ Global Governance Initiative  (GGI) ကို မြန်မာ နိုင်ငံက ထောက်ခံကြောင်းနှင့် မြန်မာ-တရုတ် အေးအတူပူမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ရှေ့ဆက်မြှင့်တင်ရန် ကဏ္ဍအသီးသီးတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန် ဆန္ဒရှိကြောင်းလည်း ပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းမှာဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ထိပ်သီးအစည်းအဝေး နှင့် ၈၀နှစ်မြောက် ဖက်စစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း စစ်ရေးပြအခမ်းအနားများသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဩဂုတ်၃၀ရက်ကတည်းက ရောက်ရှိနေခြင်း ဖြစ်ပါတယ်။

#ymg #Xinhua