ဘေဂျင်း၊စက်တင်ဘာ ၃

ကမ္ဘာကြီးသည် မတည်ငြိမ်မှုများနှင့် မရေရာမှုများဖြင့် ပြည့်နှက်နေဆဲဖြစ်သော်လည်း တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ကတိကဝတ်ပြုကြောင်း ဖော်ပြပြီး ဒုတိယကမ္ဘာစစ် အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် ကြီးကျယ်ခမ်းနားသော စစ်ရေးပြအခမ်းအနား   တစ်ရပ်ကို ဘေဂျင်းတွင် စက်တင်ဘာ ၃ ရက် ဗုဒ္ဓဟူးနေ့၌ ကျင်းပခဲ့သည်။

ထျန်းအန်းမင်ရင်ပြင်တွင် မဟာတံတိုင်းပုံစံ မိုးထိအောင်မြင့်မားသော ပုံသဏ္ဍာန်များကို စိုက်ထူထားပြီး ၎င်းသည် နိုင်ငံခြားကျူးကျော်မှုကို ခုခံရာတွင် တရုတ်လူမျိုးတို့၏ ရဲစွမ်းသတ္တိနှင့် စည်းလုံးညီညွတ်မှုကို ပုံဖော်ထားခြင်းဖြစ်သည်ဟုဆင်ဟွာကရေးသားသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ  လည်းဖြစ်သူ သမ္မတ ရှီကျင့်ဖျင်က စစ်ရေးပြအခမ်းအနားကို ကြည့်ရှုစစ်ဆေးပြီး တပ်ဖွဲ့များကို စစ်ဆေးခဲ့သည်။

ထျန်းအန်းမင်ရင်ပြင် စင်မြင့်ပေါ်တွင် ရှီ၏ ဘေး၌ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ(မြောက်ကိုရီးယား၏ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအွန်တို့ အပြင် အခြားနိုင်ငံခြားခေါင်းဆောင် ၂၀ ကျော်လည်း အတူရှိနေခဲ့ကြသည်။

xi1

တရုတ်နိုင်ငံ၏ ဒုတိယကမ္ဘာစစ် တိုက်ပွဲကို ပံ့ပိုးကူညီခဲ့သူများ၏ ကိုယ်စားလှယ်များ သို့မဟုတ် ၎င်းတို့၏ မိသားစုဝင်များဖြစ်ကြသည့် ရုရှား၊ အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်း၊ ပြင်သစ်နှင့် ကနေဒါ ကဲ့သို့သော နိုင်ငံများမှ ကိုယ်စားလှယ်များကိုလည်း အခမ်းအနားသို့ ဖိတ်ကြားခဲ့သည်။

တရုတ်ပြည်သူများ၏ ဂျပန်ကျူးကျော်မှုကို ခုခံတွန်းလှန်သည့် စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တိုက်ဖျက်ရေး စစ်ပွဲတွင် ခက်ခဲစွာရရှိခဲ့သော အောင်ပွဲကို အထိမ်းအမှတ်ပြုရန် တရုတ်နိုင်ငံက စစ်ရေးပြအခမ်းအနား ကျင်းပခြင်းသည် ၂၀၁၅ ခုနှစ်နောက်ပိုင်း ယခုဒုတိယအကြိမ်မြောက် ဖြစ်သည်။

ရဟတ်ယာဉ်များသည် "တရားမျှတမှု အောင်နိုင်ရမည်"၊ "ငြိမ်းချမ်းရေး အောင်နိုင်ရမည်" နှင့် "ပြည်သူလူထု အောင်နိုင်ရမည်" ဟူသော စာတန်းများပါသည့် နဖူးစည်းများကို သယ်ဆောင်ကာ ထျန်းအန်းမင်ရင်ပြင်အပေါ်မှ ပျံသန်းခဲ့ကြသည်။ တပ်ဖွဲ့များသည် စည်းကမ်းကျနပြီး အားမာန်  ပြည့်ဝ သော တပ်ဖွဲ့ပုံစံများဖြင့် ချီတက်ခဲ့ကြပြီး ၎င်းတို့၏ မျက်နှာများတွင် ယုံကြည်မှုနှင့် ဂုဏ်ယူမှုတို့ဖြင့် တောက်ပနေခဲ့သည်။ တင့်ကား၊ အမြောက်နှင့် အခြားစစ်ဘက်ဆိုင်ရာယာဉ်တန်းများက ရင်ပြင်ကို ဖြတ်၍ တခြိမ့်ခြိမ့်သွားလာခဲ့ကြသည်ဟု ဆင်ဟွာသတင်းတွင်ဖော်ပြထားသည်။

ရှီသည် စစ်ရေးပြအခမ်းအနားမစတင်မီ မိန့်ခွန်းပြောကြားခဲ့ရာတွင် လွန်ခဲ့သော နှစ် ၈၀ က အောင်ပွဲ၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး  ၎င်းသည် ခေတ်သစ်တွင် နိုင်ငံခြား  ကျူးကျော်မှုကို တရုတ်နိုင်ငံ  က ပထမဆုံးအကြိမ် အပြည့်အဝ အောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ရှီက တရုတ်ပြည်သူများသည် စစ်ပွဲအတွင်း ကြီးမားသော စတေးမှုများဖြင့် လူ့ယဉ်ကျေးမှုကို ကယ်တင်  ရာတွင်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ရာတွင် ကြီးမားသော ပံ့ပိုးကူညီမှု ပြုလုပ်ခဲ့ကြောင်း မှတ်ချက်  ပြုခဲ့သည်။ သူက နိုင်ငံများကို "စစ်ပွဲ၏ အရင်းခံအကြောင်းတရားကို ဖယ်ရှားရန်နှင့် သမိုင်းဝင် ကြေကွဲ ဖွယ်ရာများ ထပ်မံမဖြစ်ပွားစေရန် တားဆီးရန်" တိုက်တွန်းခဲ့သည်။

ဂျပန်သည် ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် လက်နက်ချစာချုပ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် တရားဝင် လက်နက်ချခဲ့သည်။ တရုတ်နိုင်ငံက စက်တင်ဘာလ ၃ ရက်နေ့ကို အောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့သည်။

တရုတ်နိုင်ငံသည် ဂျပန်၏ ပင်လယ်ရပ်ခြား တပ်ဖွဲ့များ၏ ထက်ဝက်ကျော်ကို ချုပ်နှောင်တိုက်ခိုက်ခဲ့ပြီး စစ်ဘက်နှင့် အရပ်ဘက် ထိခိုက်သေဆုံးသူ ၃၅ သန်း ပေးဆပ်ခဲ့ရသည်။ ၎င်းသည် ကမ္ဘာတစ်ဝန်း ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးသူအားလုံး၏ သုံးပုံတစ်ပုံခန့်နှင့် ညီမျှသည်။

ရှီ၏ ဦးဆောင်မှုအောက်ရှိ စစ်ဘက်ပြုပြင်ပြောင်းလဲမှုများ၏ ရလဒ်ဖြစ်သော ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (PLA) ၏ တပ်ဖွဲ့များနှင့် လက်နက်များဆိုင်ရာ စနစ်သစ်ကို ပထမဆုံးအကြိမ်အဖြစ် ပြသခဲ့သည်။

ပြသခဲ့သည့် အဆင့်မြင့်လက်နက်များတွင် မောင်းသူမဲ့ ထောက်လှမ်းရေးနှင့် မောင်းသူမဲ့ယာဉ် တန်ပြန်ချေမှုန်းရေး ပစ္စည်းကိရိယာများ၊ အသံထက်မြန်သော ဒုံးကျည်များ၊ စွမ်းအင်မြင့် လက်နက်များ၊ အီလက်ထရောနစ် ကြားဖြတ်နှောင့်ယှက်ရေးစနစ်များနှင့် ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်နိုင်စွမ်းရှိသော မဟာဗျူဟာမြောက် လက်နက်များ ပါဝင်သည်။

သူ၏ မိန့်ခွန်းတွင် ရှီက တရုတ်လူမျိုးများ ပြန်လည်နိုးကြားရေးအတွက် မဟာဗျူဟာမြောက် အထောက်အပံ့ပေးရန် PLA ကို တောင်းဆိုခဲ့သည်။

သူက တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကတိကဝတ်ကို ထပ်လောင်း ပြောကြားခဲ့သည်။ "လူသားမျိုးနွယ်သည် ငြိမ်းချမ်းရေး သို့မဟုတ် စစ်ပွဲ၊ ဆွေးနွေးမှု သို့မဟုတ် ထိပ်တိုက် ရင်ဆိုင်မှု၊ နှင့် အားလုံးအနိုင်ရသော ရလဒ်များ သို့မဟုတ် တစ်ဦးနိုင်-တစ်ဦးရှုံး ဂိမ်းများအကြား ရွေးချယ်မှု  တစ်ခုနှင့် ထပ်မံရင်ဆိုင်နေရသည်" ဟု သူက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု စစ်ဆင်ရေးများတွင် ပါဝင်ခဲ့သော တရုတ်စစ်သားများသည် ထျန်းအန်းမင်ရင်ပြင်ကို ဖြတ်၍ ချီတက်ခဲ့ကြပြီး ၎င်းသည် အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားတွင် ပထမဆုံးအကြိမ် ပါဝင်လာခြင်းဖြစ်သည်။ "ကျွန်တော်တို့မှာ ဘိုးဘေးတွေရဲ့ သွေးနဲ့ ရင်းပြီး ဖော်ဆောင်  ခဲ့တဲ့ ငြိမ်းချမ်းရေးကို ကာကွယ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်" ဟု ယခင်က ကွန်ဂိုဒီမိုကရက်တစ်  သမ္မတနိုင်ငံတွင် ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ဆေးခံတပ်ဖွဲ့ဝင်တစ်ဦး  ဖြစ်သူ ရှောက်ရှောင်ကွမ်းက ပြောကြားခဲ့သည်။

ဤသည်မှာ ရှီက တရုတ်နိုင်ငံကို "ကဏ္ဍပေါင်းစုံတွင် တရုတ်ပုံစံ ခေတ်မီရေးကို ဖော်ဆောင်ရန် ခရီးစဉ်သစ်တစ်ခု" စတင်ရန် ဦးဆောင်ခဲ့ပြီးနောက် ပထမဆုံးသော စစ်ရေးပြအခမ်းအနားလည်း ဖြစ်သည်။ တရုတ်နိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် ခေတ်မီရေးကို အခြေခံအားဖြင့် အောင်မြင်ရန် လမ်းပြမြေပုံတစ်ခုကို ချမှတ်ထားသည်။

Source Xinhua