နေပြည်တော်၊ မတ် ၁၅-နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် သဘာဝဓာတ်ငွေ့ (CNG) ကို အသုံးပြုပြီး ဓာတ်ဆီ၊ ဒီဇယ် ဈေးနှုန်းကြီးမြှင့်မှုကို အခွင့်အရေးယူ၍ အများပြည်သူထံမှ ယာဉ်စီးခပိုမိုတောင်းခံ နေသည့် Taxi ယာဉ်များကို CNG သုံးစွဲခွင့်စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ယနေ့ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားလိုက်သည်။

စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကို အကြောင်းပြကာ CNG သုံး Taxi များက ခရီးသည်များထံမှ ယာဉ်ခတိုးမြှင့်တောင်းခံကြောင်း တိုင်ကြားမှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ အရေးယူရန် ဆုံးဖြတ်ခြင်းဖြစ်သည်။ သတ်မှတ်စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို စာရင်းမှပယ်ဖျက်၍ အမှန်တကယ် စည်းကမ်းလိုက်နာမည့် အခြားယာဉ်များကို အစားထိုးခွင့်ပြုပေးသွားမည်ဟု ဝန်ကြီးက ဆိုသည်။

ထို့အပြင် ရှေ့ပြေးစီမံကိန်းအနေဖြင့် CNG သုံးယာဉ်များတွင် Metering စနစ် တပ်ဆင်ခြင်း။ နည်းပညာ အသုံးပြု၍ ဓာတ်ငွေ့ဖြန့်ဖြူးမှုကို ထိန်းချုပ်ခြင်းနှင့် YBS ယာဉ်များအနေဖြင့် သတ်မှတ် လမ်းကြောင်း အတိုင်းသာ မောင်းနှင်ရန် ကြပ်မတ်ခြင်းတို့ဆောင်ရွက်မည်ဟုလည်းသိရသည်။

လက်ရှိတွင် စွမ်းအင်ဝန်ကြီးဌာနသည် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် CNG ၁ ကီလို ဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြား နှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစ၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ရောင်းချ ပေးနေခြင်းဖြစ်သည်။

"ဒီဈေးနှုန်းဟာ နိုင်ငံတကာဈေးနဲ့ နှိုင်းယှဉ်ရင် ထက်ဝက်နီးပါး သက်သာနေသလို၊ ဓာတ်ဆီ၊ ဒီဇယ်တို့နဲ့ နှိုင်းယှဉ်ရင်လည်း လောင်စာဆီကုန်ကျစရိတ် သုံးပုံတစ်ပုံလောက်ပဲ ရှိပါတယ်" ဟု ပြည်ထောင်စု ဝန်ကြီးက ရှင်းလင်းပြောကြားသည်။ လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီအကျပ်အတည်းကို ဖြေရှင်းရန်အတွက် နိုင်ငံတော်အနေဖြင့် အရန်စက်သုံးဆီ သိုလှောင်ခြင်းနှင့် အရန်လမ်းကြောင်းများ ရှာဖွေခြင်းတို့ကို ဆောင်ရွက်နေသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း CNG သုံးယာဉ်များ ထိရောက်စွာ ဝန်ဆောင်မှု ပေးစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တင်းကျပ်စွာ ကြပ်မတ်သွားမည်ဟု သိရသည်။ အများပြည်သူအနေဖြင့် CNG သုံးယာဉ်များနှင့် စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက သို့မဟုတ် မတရားယာဉ်ခတောင်းခံရပါက ညွှန်ကြားရေးမှူး (CNG) - ၀၉ ၇၉၄၁၁၅၄၁၀ ၊ ၀၉ ၂၆၂၄၆၇၀၇၇သို့ တိုင်ကြားနိုင်ကြောင်းသတင်းထုတ်ပြန်ထားသည်။

#ymg/knl

cngcompare