#LocalNews
Published - 29 May 2022

 

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်-၁၉ Vaccine နှင့်ဆေးကုသရေးပစ္စည်းများ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားအား မေလ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပခဲ့ပါတယ်။

 

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ခဲ့ကြပြီး ယခုအကြိမ်လှူဒါန်းမှုတွင် Sinopharm ကိုဗစ်-၁၉ Vaccine ၁၀ သန်း၊ Vaccine ဆေးထိုးအပ် ၁၃ သန်းနှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ် (Mobile Laboratory Vehicle) နှစ်စီးတို့ပါဝင်တယ်လို့ သိရပါတယ်။

 

သံအမတ်ကြီး Mr. Chen Hai က "ယခုအကြိမ်လှူဒါန်းမှုသည် တရုတ်နိုင်ငံက မြန်မာပြည်သူတစ်ရပ်လုံးအတွက် မြန်မာနိုင်ငံကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအား ဆက်တိုက်အကူအညီပေးအပ်သည့် နောက်ထပ်အရေးကြီးလုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ထပ်မံပြသခြင်းလည်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်မှစပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်းဒေသအပါအဝင် မြန်မာနိုင်ငံသို့ အကြိမ်ပေါင်းများစွာ Vaccine ၊ အောက်ဆီဂျင်အရည် စသည့်ပစ္စည်းအကူအညီအများအပြားပေးအပ်သည့်အပြင် သမ္မတ Mr. Xi Jinping ၏ “တရုတ်-အာဆီယံကျန်းမာရေးအကာအကွယ်ဒိုင်း” ပူးပေါင်းဆောင်ရွက်ရေးအဆိုပြုချက်ကို ထပ်ဆင့်အကောင်အထည်ဖော်ဆောင်ကာ မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်၍ Vaccine ပုလင်းသွင်းဖြည့်တင်းထုတ်လုပ်နိုင်ရန် အကူအညီပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ Vaccine ထိုးနှံမှုနှုန်းကို မြှင့်တင်နိုင်ရန်ကူညီပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံပြည်တွင်း၌ကပ်ရောဂါအခြေအနေကို ထိရောက်စွာထိန်းချုပ်နိုင်ပြီး ပြည်သူလူထုထုတ်လုပ်မှုနှင့် လူနေမှုဘဝတဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာခြင်းကို မိမိတို့ဝမ်းမြောက်ဖွယ်တွေ့ မြင်ရကြောင်း" ယနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ သံအမတ်ကြီး Mr. Chen Hai က တရုတ်နိုင်ငံကအခက်အခဲများကိုကျော်လွှားပြီး တရုတ်နိုင်ငံအထောက်အပံ့ဖြင့် တည်ဆောက်သည့် မြန်မာနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများလေ့ကျင့်ရေးဌာန စီမံကိန်းတည်ဆောက်ရေးကို ဆက်တိုက်တွန်းအားပေးဖော်ဆောင်နေကြောင်း၊ နှစ်ဦးနှစ်ဖက်အကြား တရုတ်နိုင်ငံအထောက်အပံ့ဖြင့် တည်ဆောက်သည့် တိရိစ္ဆာန်ရောဂါဓာတ်ခွဲခန်းစီမံကိန်း Exchange Letter တရားဝင်လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်-မြန်မာနယ်စပ် ငှက်ဖျားရောဂါကင်းစင်ရေးစီမံကိန်းကိုလည်းဖော်ဆောင်ရန် စီစဉ်ထားကြောင်း၊ အဆိုပါအစီအမံများကမြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးစနစ် တည်ဆောက်ရေးနှင့် အရေးကြီးပြည်သူ့ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား တုံ့ပြန်နိုင်စွမ်းအားကောင်းလာစေရန် အကူအညီပေးနိုင်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။

 

ထို့နောက် တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့က လွှဲပြောင်းပေးအပ်သည့်သက်သေခံလက်မှတ်အား လက်မှတ်ရေးထိုးလဲလှယ်ခဲ့ပြီး မြန်မာနိုင်ငံသို့လှူဒါန်းသည့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်အား အတူတကွလေ့လာခဲ့ကြပါတယ်။

 

ယနေ့အထိ တရုတ်နိုင်ငံမှမြန်မာနိုင်ငံသို့ထောက်ပံ့ပေးသည့် Vaccine ပမာဏစုစုပေါင်း ၅၁.၁၉ သန်းရှိပြီး မြန်မာနိုင်ငံမှလက်ခံရရှိထားသော Vaccine စုစုပေါင်း၏ ၆၇.၄% ရှိပြီး ၎င်းတို့အနက် Vaccine ၂၁.၁ သန်းသည် အခမဲ့လှူဒါန်းပေးအပ်ခြင်းဖြစ်တယ်လို့ ဆိုပါဆယ်။

 

မြန်မာနိုင်ငံမှ လက်ခံရရှိထားသော လှူဒါန်းပေးအပ်သည့် Vaccine ၏ ၇၀% ရှိ ပြီး Vaccine ၃၀.၀၉ သန်းကမူ သက်သာသောစျေးနှုန်းဖြင့် မြန်မာနိုင်ငံကိုထောက်ပံ့ထားခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဖော်ပြထားပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး

 

ymg/kg
#Yangon_Media_Group