#LocalNews
Published - 29 May 2022

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စားသုံးဆီစျေးနှုန်းကို သတ်မှတ်ထားသည့်နှုန်းထားထက် ပိုမိုရောင်းချခြင်းမပြုလုပ်ရန် ညွှန်ကြားထားသော်လည်း စျေးကွက်အတွင်း စျေးနှုန်းများကျဆင်းခြင်းမရှိသေးကြောင်း ရောင်းချသူများနှင့် ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။

 

" စားသုံးဆီစျေးနှုန်းက ပြီးခဲ့တယ့်ရက်က နည်းနည်းပဲကျတယ်။ သူတို့က ဒီစျေးပဲသတ်မှတ်ထားပြီး ဒီစျေးနဲ့ပဲရောင်းရမယ်လို့ပြောပေမယ့်လည်း ကုန်သည်တွေဆီက ဆီကိုဝယ်ကတည်းက စျေးကတတ်နေတာ။ အဲ့တော့ရောင်းရင်လည်း ဝယ်တဲ့စျေးနဲ့ကိုက်အောင်ရောင်းရတယ်"ဟု နန္ဒဝန်စျေးတွင် စားသုံးဆီရောင်းချနေသည့် ဒေါ်မြင့်မြင့်စန်းက ပြောသည်။

 

မြေပဲဆီပေါက်ဈေးမှာ တစ်ပိဿာ ကျပ် ၈,၅၀၀၊ နှမ်းဆီတစ်ပိဿာ ကျပ် ၈,၀၀၀ ရှိပြီး စားအုန်းဆီမှာ တစ်ပိဿာ ကျပ် ၇,၀၀၀ ကျော် ပေါက်ဈေးသာရှိပြီး ကုန်စည်ဒိုင်အတွင်း အရောင်းအဝယ် မရှိကြောင်းသိရသည်။

 

" ကျွန်မကအကြော်စုံရောင်းတာ။ ဆီစျေးတွေကကြီးတော့ ရေရှည်ဘယ်လိုရောင်းရမလဲမသိတော့ဘူး။ စျေးကအရမ်းကြီးတက်ရောင်းလို့လည်းမရဘူး။ ဖြေးဖြေးနဲ့ ပုံမှန်ပဲရောင်းနေရတယ်။ အဆင်မပြေဘူး" အကြော်ရောင်းသည့် ဒေါ်ခင်လှမြင့်က ပြောသည်။

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့စျေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ် နေသည့် FOB စျေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်း တွက်ချက်၍ ပြည်တွင်းစျေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်း စျေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group